မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..
Tuesday, 13 May 2014
၂၀၁၄ ကဆုန်လပြည့်နေ့ ညာင်ရေသွန်းကုသိုလ် အမှတ်တရ
ယနေ့သည် ၂၀၁၄ မေလ၊ ၁၃ရက်၊ အင်္ဂါနေ့ ဖြစ်သည်။ မြန်မာပြက္ခဒိန်တွင် ကြည့်မည်ဆိုရင် ကဆုန်လပြည့်နေ့လည်း ဖြစ်သည်။ ကဆုန်လပြည့်နေ့သည် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက် အဓိပ္ပါယ်များစွာ ပြည့်ဝနေသာ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပလေ့ရှိသည်။
ညောင်ရေသွန်းပွဲတော် ပြုလုပ်ကျင်းပရသော အဓိက အကြောင်းရင်းရှိပါသည်။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားသည် ညောင်ပင်ကို အမှီပြု ပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဘုရားပွင့်ခဲ့သော ထိုဗောဒိညောင်ပင်သည် အိန္ဒိယနိုင်ငံတွင် ယနေ့တိုင် ရှင်သန်နေဆဲဖြစ်သည်။ ပရိဘောဂစေတီထိုက်သော ထိုဗောဒိညောင်ပင်ကို ရည်မှန်း၍ တန်ခူးလ၏ ပူပြင်းသော နွေအရှိန်ကြောင့် ညိုးနွမ်း ခြောက်သွေ့မသွားစေရန်နှင့် ဆက်လက် ရှင်သန်နိုင်စေရန်အတွက် ညောင်ရေသွန်းပွဲတော် ကျင်းပကြခြင်း ဖြစ်ပါသည်။
စင်္ကာပူနိုင်ငံတွင် ကဆုန်လပြည့်နေ့ကို အစိုးရ ရုံးပိတ်ရက်နေ့ အဖြစ် Vesak day (Wesak day) ဟု သတ်မှတ်ပါသည်။ chinese garden mrt အနီးနားမှာရှိတဲ့ chinese garden ထဲက japanese garden မှာ Mahamuni Buddhist Society မှ ဦးစီး၍ နှစ်စဉ် ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကို ယခုနှစ်မှာ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် သွားရောက်ဖြစ်ခဲ့ပါသည်။
ပညတ်သွားရာ ဓာတ်သက်ပါလို့ ဆိုရမည်လား ကျွန်တော် မသိ၊ မပြောတတ်ပါ။ သေချာတာ တစ်ခုကတော့ တရုတ်လူမျိုးများကို တွေ့ရမည့်အစား ထို chinese garden ပန်းခြံထဲတွင် အစိုးရ ရုံးပိတ်ရက်များ၌ ခြေရာထပ်ရလောက်အောင် သွားလာ၊ ပျော်ပါး၊ ကစားနေကြသော ကုလားလူမျိုးများကို အမြဲလိုလို မြင်တွေ့နိုင်ပါသည်။
ညောင်ရေသွန်းပွဲတော်အခမ်းအနားသို့ ကျွန်တော်တို့ ရောက်သွားသောအခါ ကြွရောက်ချီးမြှင့်ကြသော ရဟန်းသံဃာတော်များထဲမှ သံဃာတော်တစ်ပါး မိန့်ကြားသော ကဆုန်လပြည့်နေ့၏ အဓိပ္ပါယ်များစွာ ပြည့်ဝနေပုံကို ယခုလို ရိုသေစွာ နာယူခဲ့သည်။
ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ခဲ့သည်၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်၊ ပရိနိဗ္ဗာန် စံဝင်ခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ခဲ့သောနေ့၊ ဘုရားအဖြစ်သို့ ရောက်ခဲ့သောနေ့၊ ပရိနိဗ္ဗာန် စံဝင်ခဲ့သောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။ ဤသို့ ထူးခြားပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် "ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန် လမြတ် ကဆုန်" ဆိုပြီး မှတ်သားထားပါသည်။ ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်မှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ခံယူတော်မူခဲ့သည့်နေ့၊ မဟာဗုဒ္ဓ၀င် (Biography of Buddha) ကို ဗုဒ္ဓကိုယ်တော်တိုင် ဟောပြခဲ့သည့်နေ့ စသည့်နေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့သည် ဤသို့၊ ဤသို့ အဓိပ္ပါယ်များစွာ ပြည့်ဝနေပါသည်။
မြတ်စွာဘုရား ဖွားမြင်မြင်ခြင်း၊ ကဆုန်လပြည့်နေ့တွင် စကား ၅ခွန်းကို ကြွေးကြော်ကျူးးရင့်ခဲ့ပါသည်။
လောကမှာ ငါ့ထက် မြင့်မြတ်တဲ့သူ မရှိဘူး
လောကမှာ ငါ့ထက် ချီးမွမ်းခံထိုက်သူ မရှိဘူး
လောကမှာ ငါ့ထက် ပညာကြီးတဲ့သူ မရှိဘူး
ယခုရရှိသော ဘ၀၊ ခန္ဓာသည် ငါ၏ နောက်ဆုံး ဖြစ်သည်။
နောက်ထပ် ဘ၀၊ ခန္ဓာဆိုတာ ငါ့မှာ မရှိတော့ဘူး
မြတ်စွာဘုရား ကြွေးကြော်ကျူးရင့်တဲ့အချိန်မှာ စကြာဝဠာ အတွင်းမှာ ဘယ်သူမှ ကန့်ကွက်မဲ့သူ မရှိပါ။ လောကမှာ အမြင့်မြတ်ဆုံး၊ ချီးမွမ်းခံထိုက်ဆုံး၊ ပညာဥာဏ်အကြီးဆုံး မြတ်စွာဘုရားကို ကြည်ညိုနေကြသော ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည်လည်း ဤသို့ဖြစ်အောင် ကြိုးစား၊ အားထုတ်သင့်ကြောင်း ဆရာတော်က ဆုံးမပါသည်။
ဘုရားအဖြစ်သို့ရောက်ရှိသော ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားက .. "အို တဏှာ အမောင် လက်သမား၊ ဘ၀ ခန္ဓာအိမ်ကို ထပ်ခါ ထပ်ခါ ဖွဲ့ တတ်သော သင့်ကို ငါရှာတွေ့ ခဲ့ပြီ၊ နောက်ထပ်တဖန် ခန္ဓာအိမ်ကို သင် ဆောက်လုပ်ခွင့် မရနိုင်တော့ပြီ". ဤသို့ မိန့်ပါသည်။ ကျွန်တော်တို့သည်လည်း လောက၀ဲဂယက် အာသဝေါတရား ၄ပါး မှ လွန်မြောက်ရန် ကြိုးစား၊ အားထုတ်သင့်ကြောင်း ဒုတိယအနေဖြစ် ဆရာတော်က ဆုံးမပါသည်။
ကဆုန်လပြည့်နေ့ မြတ်စွာဘုရား ပရိနိဗ္ဗာန် မစံဝင်မီ နောက်ဆုံးအနေဖြင့် "ချစ်သား၊ ချစ်သမီးတို့ .. ရုပ်၊ နာမ်၊ ဓမ္မ၊ သင်္ခါရ တရားတို့သည် ဖေါက်ပြန် ပျက်စီးတတ်ကုန်၏၊ မမေ့လျော့သော သတိဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံရစ်ကြ" ဟူ၍ သတိပေး မှာကြားပါသည်။ မြတ်စွာဘုရား၏ နောက်ဆုံး သတိမှာကြားချက်ကို လိုက်နာပြီး သင်္ခါရ ဒုက္ခတရားတို့မှ လွတ်မြောက်အောင် ကြိုးစား၊ အားထုတ်ကြစေရန် တတိယအနေဖြစ် ဆရာတော်က သတိပေးပါသည်။
ကျွန်တော်တို့ ရောက်ရှိနေသော japanese garden နေရာ၌ပင် ပြုလုပ်ကျင်းပသော သစ္စာပါရမီ အဖွဲ့ အစည်း၏ ဆွမ်းဆန်စိမ်း အလှူ ကိုလည်း ပါဝင်ဆင်နွှဲခဲ့ပါသေးသည်။ စင်္ကာပူမှာ ပြုလုပ်သော ဆွမ်းဆန်စိမ်းအလှူ ကို ပထမအကြိမ်အဖြစ် ကျွန်တော် ပါဝင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
Mahamuni Buddhist Society မှ ပြုလုပ်သော အလှူ ရှင်များ၏ ကော်ရည်၊ ဆီချက်၊ လက်ဖက်ရည်၊ ကျောက်ကျောရည်၊ ရွှေရင်အေး စသည်များကို အလှူ ခံခဲ့ပါသည်။ (စားခဲ့တယ်လို့ ပြောရင်လည်း ရတာကို ကြားကောင်းအောင် အလှူ ခံခဲ့တယ်တဲ့ :P)။ သစ္စာပါရမီ တရားစခန်း၏ မုန့်ဟင်းခါး အလှူ နှင့် ကျွန်တော်တို့ အဆုံးသတ်ခဲ့ပါသည်။
အပြန်လမ်းတွင် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်၏ မွေးနေ့၊ မွေးနံသည် မြတ်စွာဘုရား ကဆုန်လပြည့်နေ့၏ နေ့နံဖြင့် တိုက်တိုက်ဆိုင်ဆိုင် တခုစီ တူနေသည်ကို တအံ့တသြ တွေ့ရှိခဲ့ပါသည်။
သူငယ်ချင်း တစ်ယောက်က သောကြာဖွားဖြစ်သည်။
ကဆုန်လပြည့်နေ့ သောကြာနေ့တွင် မြတ်စွာဘုရား ဖွားမြင်ခဲ့ခြင်းနှင့် တိုက်ဆိုင်နေပါသည်။
နောက်သူငယ်ချင်းက ဗုဒ္ဓဟူးဖွားဖြစ်သည်။
ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်ခဲ့ခြင်းနှင့် တိုက်ဆိုင်နေပါသည်။
ကျွန်တော်က အင်္ဂါဖွားဖြစ်သည်။
ကဆုန်လပြည့်နေ့ အင်္ဂါနေ့တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခဲ့ခြင်းနှင့် တိုက်ဆိုင်နေပါသည်။
ဤသို့၊ ဤသို့ တိုက်ဆိုက်ခဲ့ပြီး, ဤသို့၊ ဤသို့ ၀မ်းမြောက်စွာ ကုသိုလ်ပြု ခဲ့ကြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment