မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Friday, 25 April 2014

URECA နှင့် ကြုံ ကြိုက်ခဲ့သော စာအုပ်ဝယ်ယူ လှူ ဒါန်းမှု တစ်ခု


ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း) COE သို့ စာအုပ်များ ၀ယ်ယူ လှူ ဒါန်းရန်အတွက် ကျွန်တော့်သူငယ်ချင်း နှင့် ကျွန်တော်တို့ နှစ်ယောက်သည် စနေနေ့ တရက်တွင် (8-March-2014) NTU ကျောင်းသို့ ရောက်ရှိခဲ့ပါသည်။ ကျောင်းပြီးသွားသည့် အချိန်ကစပြီးရေတွက်ရင် ကျောင်းသို့ ပထမအကြိမ် ပြန်လည် ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိ ကျွန်တော် နေသော နေရာမှ ၅ မိနစ်လောက် လမ်းလျှောက်လျှင် အနီရောင်လိုင်း Choa Chu Kang (NS4) MRT ရထား ဘူတာရုံကို ရောက်သည်။ အနီရောင်လိုင်းမှ အစိမ်းရောင်လိုင်းသို့ ကူးပြောင်းလိုသော် အနီးဆုံး Jurong East (NS1) MRT ရထား သို့ သွားရပါသည်။ ထိုမှ တဆင့် ကျွန်တော်တို့ သွားရောက်လိုသော Pioneer (NE28) MRT ရထား ဘူတာရုံသို့ ဆက်လက် သွားရပါသည်။ Pioneer (NE28) MRT ရထား ဘူတာရုံသို့ ရောက်သောအခါ NTU ကျောင်းသို့ သွားရန်အတွက် 179 Bus ကားကို မှတ်တိုင်တွင် ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်သည် ၁၀မိနစ်လောက် စောင့်နေခဲ့ရပါသည်။


ကျောင်းသို့ရောက်သောအချိန်တွင် ကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများတို့၏ စာသင်ခန်းတွင် လုပ်ရသည့် actvities များကို ပြသနေသော ပွဲတခုကို ကြုံတွေ့ခဲ့ပါသည်။ ထိုပွဲကို URECA လို့ ခေါ်ပါသည်။ URECA ၏ အဓိပ္ပါယ်မှာ Undergraduate Research Experience on CAmpus  ဖြစ်ပါသည်။


အခွင့်အခါ ကြုံကြိုက်သဖြင့် စာအုပ်များကို အလျင်စလို မ၀ယ်ဖြစ်သေးဘဲ ကျွန်တော်တို့ စိတ်ဝင်စားသော projects လေးတွေကို စပ်စုကြည့်ခဲ့ပါသည်။ ထိုပြပွဲတွင် ကျောင်းသားလေးတယောက် ရှင်းပြနေသော project တခုကို မေးကြည့်ဖြစ်ခဲ့သည်။ ကျွန်တော် သိရသလောက် သူ၏ project သည် master object တခု၏ ရွှေ့ လျားသော နေရာကို computer system တခုဖြင့် မှတ်သားပြီး ထိုနေရာသို့ client object တခု နောက်ကနေ လိုက်နိုင်ပါသည်။ ရှေ့ က သွားသော အရာတခု၏ နေရာကို နောက်က အရာတခုက အမှီလိုက်နိုင်ခြင်း ဖြစ်သည်။


အထက်ပါဓါတ်ပုံတွင် ကျောင်းသား၏ လက်ထဲမှာ master object ကို ပြသထားပါသည်။ master object ၏ အပေါ်တွင် ပင်ပေါင် ဘောလုံးအနီတလုံးရှိပြီး လေးဘက်လေးလံတွင် ပန်ကာအသေးလေး ၄ခု ပါဝင်၍ အလယ်တွင် အိုင်စီ အသေးလေးတခု ရှိသော ဆားကစ်တခု ရှိပါသည်။ ထို master object ရွှေ့ လျားခဲ့သော နေရာကို microsoft kinetic xbox ကို အသုံးပြု၍ ထိုကျောင်းသား၏ computer system က မှတ်သားထားပြီး ထိုနေရာများသို့ client object ကို ရွှေ့ လျားစေခြင်းဖြစ်ပါသည်။ သူ၏ system သည် interval delay time တခု ပါဝင်နေသောကြောင့် real time system လုံးလုံးလျားလျားကြီးတော့ မဟုတ်ပါ။


သူ၏ master object နှင့် client object သည် ပုံစံ အတူတူ ဖြစ်ပါသည်။ ထိုပစ္စည်း ၂ခုကို online မှ တဆင့် မှာယူခဲ့ရသည်ဟု သိရပါသည်။ သူ၏ computer system ကို python လို့ ခေါ်တဲ့ computer language နှင့် တည်ဆောက်ခဲ့သည်ဟု စိတ်ပါလက်ပါ ဖြေခဲ့ပါသည်။

ဘယ်လိုပင် ဖြစ်နေပါစေ၊ under graduate ကျောင်းသား တယောက်အနေဖြင့် ယခုလို project တွေကို စိတ်ပါ လက်ပါ လုပ်နိုင်ပြီး၊ ရှင်းပြနိုင်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပါသည်။ ကျွန်တော်တို့ မရရှိခဲ့သော အခွင့်အရေးကို ဤကျောင်းသားတွေ ရရှိသည်ဟု စိတ်ထဲ မှတ်ယူပါသည်။

ကျောင်းသား၊ ကျောင်းသူများ၏ activities progress အခြေအနေများကိုလည်း professors တွေက စစ်ဆေးမေးမြန်းနေကြတာ၊ သူတို့တွေကလည်း အပြန်အလှန် ဖြေကြားနေကြတာတွေကိုလည်း အားရဖွယ် တွေ့ခဲ့ရပါသည်။



အဲ့သည့် URECA ပွဲကို ကျွန်တော်တို့ လှည့်လည် ကြည့်ရှုခဲ့ပါသည်။


နေလည့်စာ စားဖို့ အချိန်ရောက်လာပြီး ဗိုက်ဆာလာသဖြင့် ကျောင်းရှိ canteen A မှာ indonesia အစားအစာ ကြက်ပေါင်ကို စားခဲ့ပါသည်။ (စားချင်လာပြန်ပြီ .. ရှလွတ်. :P)


စားသောက်ပြီးသည့်အချိန်မှ ၀ယ်ယူ လှူ ဒါန်မည့် စာအုပ်ဆိုင်သို့ ရောက်ခဲ့ပါသည် (နောက်ဆုံးတော့ ရောက်ပြီ :P)။ ကျောင်းမှာ အသုံးပြုသော သင်ရိုးညွှန်းတမ်း စာအုပ်များအပြင် ကျွန်တော် စိတ်ဝင်စား လေ့လာချင်သော mba စာအုပ်များကိုလည်း တွေ့ခဲ့ပါသည်။




ရန်ကုန်မှ အလိုရှိသော စာအုပ်များ၊ စာအုပ်ဆိုင်မှာ ရနိုင်သော စာအုပ်များ၊ ကျွန်တော်တို့ ၀ယ်နိုင်သည့် ငွေအင်အား၊ ကျွန်တော်တို့ နှစ်ယောက် သယ်ယူနိုင်သည့် အလေးချိန် ပမာဏ စသည်များ ချိန်ဆ တွက်ချက်ပြီး၊ နောက်ဆုံးမှာ ကျွန်တော်တို့ ပထမအကြိမ်အဖြစ် လှူ ဒါန်းမည့် စာအုပ် စာရင်းကို ရရှိခဲ့ပါသည်။


စာအုပ်ပုံးများတွင် ထို စာအုပ်များကို ထည့်ပြီး ကျွန်တော်တို့ ၂ယောက် ပျော်ရွှင်စွာ သယ်ယူလာခဲ့ပါသည်။ ထိုစာအုပ်ပုံး ၂ခုကို ကျွန်တော့် သူငယ်ချင်းအိမ်မှာ ထိုနေ့၌ သွားရောက်ထားခဲ့ပါသည်။


wiley နှင့် နှိုင်းယှဉ်လျှင် mcgraw-hill ထုတ်ဝေသော စာအုပ်များကို ပိုကြိုက်နှစ်သက်သဖြင့် mcgraw-hill ပုံးဖြင့် ကျွန်တော် တယောက်တည်း သီးသန့် ဓါတ်ပုံရိုက်ခဲ့ပါသေးသည် (အဲသည်လို ရူးတာ .. :P)။


ယခုအချိန်မှာ ထိုစာအုပ်များသည် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း COE) သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကျွန်တော်တို့၏ mission သည် အောင်မြင်သွားပြီ ဖြစ်သည်။ ကျွန်တော်တို့၏ ပထမအကြိမ် စာအုပ်လှူဒါန်းမှု ရည်မှန်းချက်သည် ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ဤအကြိမ်သည် နောက်ထပ်အကြိမ်များ ပေါ်ပေါက်စေနိုင်သော ပထမဆုံး စတင်မှု ဖြစ်ပါသည် . ခင်ဗျာ ..

No comments:

Post a Comment