မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Friday, 7 March 2014

အဘိဓမ္မာ (စိတ် အကျဉ်း ၈၉ ပါး)

ပုဂ္ဂိုလ် သတ္တ၀ါမဖက်၊ ရုပ်နာမ်ဓမ္မသက်သက်ဖြစ်သောတရားသည် အဘိဓမ္မာမည်၏။ ရုပ်နာမ်ဓမ္မဟူသည် အမှန်တကယ်ရှိသော သဘာဝတရားများ ဖြစ်ကြသည့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြသည်။

စိတ်အကြောင်း
သိစရာအားလုံးကို သိတတ်သောသဘောသည် စိတ်မည်၏။
အဆင်းကိုမြင်လျှင် သိခြင်း (မြင်သိစိတ်)
အသံကိုကြားလျှင် သိခြင်း (ကြားသိစိတ်)
အနံ့ကိုနံလျှင် သိခြင်း (နံသိစိတ်)
အရသာကို စားလျှင် သိခြင်း (စားသိစိတ်)
အတွေ့အထိကို တွေ့ထိလျှင် သိခြင်း (တွေ့ထိစိတ်)
ထို ငါးမျိုးမှ တပါးသော တရားများကို သိခြင်းဖြစ်သည်။

သတ္တ၀ါတို့ကျင်လည်နေရသော ဘုံ ပေါ် မူတည်၍ စိတ် အမည် ၄ မျိုးရှိပါသည်။ စိတ် အမည် မရေတွက်မီ ဘုံကို အရင် ရေတွက်ကြပါမည်။

သတ္တ၀ါတို့ကျင်လည်နေရသော ဘုံ ၃၁ မျိုး ရှိပါသည်။ ၎င်းတို့မှာ

   အပ္ပါယ် ၄ ဘုံ
   ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ် ဆိုသော အပ္ပါယ် ၄ ဘုံ

   ကာမသုဂတိ ၇ ဘုံ
   လူ့ဘုံနှင့် နတ်ပြည် ၆ ထပ် ဆိုသော ကာမသုဂတိ ၇ ဘုံ
 
   ရူပ ၁၆ ဘုံ
   ရူပဗြဟ္မာ ၁၆ ဘုံ

   အရူပ ၄ ဘုံ
   အရူပဗြဟ္မာ ၄ ဘုံ

   အပ္ပါယ် ၄ ဘုံ + ကာမသုဂတိ ၇ ဘုံ + ရူပဗြဟ္မာ ၁၆ ဘုံ + အရူပဗြဟ္မာ ၄ ဘုံ = စုစုပေါင်း ၃၁ ဘုံ

ဘုံ အားဖြင့် ၃၁ ဘုံ ရှိပြီး၊ စိတ်အမည်အားဖြင့် ၄ မျိုး ရှိပါသည်။ ၎င်းတို့မှာ ကာမ၀စရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ် နှင့် လောကုတ္တရာစိတ် တို့ဖြစ်ကြသည်။

ကာမ၀စရစိတ် (၅၄ ပါး)
အပ္ပါယ် ၄ ဘုံ နှင့် ကာမသုဂတိ ၇ ဘုံ စုစုပေါင်းကို ကာမ ၁၁ ဘုံ လို့ခေါ်သည်။ ကာမ ၁၁ ဘုံ ၌ ဖြစ်ပွားတတ်သောစိတ်ကို ကာမ၀စရစိတ် လို့ခေါ်သည်။

ကာမတဏှာ၏ အာရုံဖြစ်သောကြောင့် ကာမဘုံ၌သက်ဝင်၍ဖြစ်သော စိတ်၊ တနည်း ကာမဘုံ၌ ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ်ကို ကာမ၀စရစိတ် ဟုခေါ်သည်။

ရူပါဝစရစိတ် (၁၅ ပါး)
ရူပဗြဟ္မာ ၁၆ ဘုံ ၌ ဖြစ်ပွားတတ်သောစိတ်ကို ရူပါဝစရစိတ် လို့ခေါ်သည်။

ရူပတဏှာ၏ အာရုံဖြစ်သောကြောင့် ရူပဘုံ၌သက်ဝင်၍ဖြစ်သော စိတ်၊ တနည်း ရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ်ကို ရူပါဝစရစိတ် ဟုခေါ်သည်။

အရူပါဝစရစိတ် (၁၂ ပါး)
အရူပဗြဟ္မာ ၄ ဘုံ ၌ ဖြစ်ပွားတတ်သောစိတ်ကို အရူပါဝစရစိတ် လို့ခေါ်သည်။

အရူပတဏှာ၏ အာရုံဖြစ်သောကြောင့် အရူပဘုံ၌သက်ဝင်၍ဖြစ်သော စိတ်၊ တနည်း အရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ်ကို အရူပါဝစရစိတ် ဟုခေါ်သည်။

လောကုတ္တရာစိတ် (၈ ပါး)
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက တည်းဟူသော  လောက ၃ ပါးမှ လွတ်မြောက်သောစိတ်၊ တနည်း လောက ၃ ပါးထက် လွန်ကဲမြင့်မြတ်သောစိတ်ကို လောကုတ္တရာစိတ် ဟုခေါ်သည်။

ကာမ၀စရစိတ် (၅၄ ပါး) + ရူပါဝစရစိတ် (၁၅ ပါး) + အရူပါဝစရစိတ် (၁၂ ပါး) = လောကီစိတ် (၈၁ ပါး)

လောကီစိတ် (၈၁ ပါး) + လောကုတ္တရာစိတ် (၈ ပါး) = စုစုပေါင်း (၈၉ ပါး)

ဤသို့ဖြင့် စိတ်အကျဉ်း အမျိုးအစား ၈၉ ပါး ရေတွက် ရရှိပါသည်။ အကျယ်အားဖြင့်ဆိုရင်

လောကီစိတ် (၈၁ ပါး) + လောကုတ္တရာစိတ် အကျယ် (၄၀ ပါး) = စုစုပေါင်း (၁၂၁ ပါး) ရှိပါသည်။

No comments:

Post a Comment