ရောဂါကို လိုချင်သော လူ၊ ရောဂါကို ဖြစ်စေလိုသော လူ၊ လောကတွင် ရှိသည်ဟု ကျွန်တော် မထင်ပါ။ ရောဂါ ခံစားရသည့်အခါတွင် ဝေဒနာပြင်းထန်သည့်အလျောက် ခံစားရခက်လှပါသည်။ တစာစာ၊ တကျီကျီ အော်နေရပါသည်။ ဘယ်သူ မပြု၊ မိမိမှု လို့ ပြောသလိုပဲ မိမိတို့၏ အနေအထိုင် အစားအသောက်သည် မိမိ၏ ကိုယ်ခန္ဓာကို ထင်ဟပ်ပေါ်လွင်စေပါသည်။ လူတယောက်၏ ကိုယ်ခန္ဓာကို လေ့လာကြည့်ရှုခြင်းဖြင့် ထိုသူ၏ အနေအထိုင် အစားအသောက်ပုံစံကို ပျမ်းမျှ ခန့်မှန်းနိုင်ပါသည်။
နေထိုင်မကောင်းဖြစ်သည့်အခါတွင် များသောအားဖြင့် ဆေးဝါးကုသမှုတမျိုးတည်းကို အားကိုးတတ်ကြပါသည်။ ထိုသို့ ဆေးဝါးကုသမှုခံယူခြင်းအပြင် ကိုယ်၊ စိတ်၊ ဥတု၊ အာဟာရ လို့ဆိုသည် ထိုလေးမျိုးတို့ကိုလည်း မျှတအောင် ပြုပြင်ပေးဖို့လိုအပ်ပါသည်။ ကိုယ်ခန္ဓာကို သန့်ရှင်းစင်ကြယ်အောင် နေရမည်၊ လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနားယူခြင်း စသည်တို့ ပြုလုပ်ပေးရသည်။ စိတ်ကို သန့်ရှင်း စင်ကြယ်၊ နူးညံ့နေအောင် ဘာသာတရားကိုင်းရှိုင်းခြင်း၊ လိုအပ်သလို စိတ်ပျော်ရွှင်အောင်ထားခြင်း၊ အနားယူခြင်း စသည်တို့ ပြုလုပ်ပေးရသည်။ ကိုယ်၊ စိတ် နှစ်ပါး သက်တောင့်သက်သာရှိစေရန် ကျန်းမာစေရန်အတွက် အပူအအေး ရာသီဥတုမျှတအောင် နေထိုင်တတ်ရသည်။ ကိုယ်ခန္ဓာ သန်စွမ်းကျန်းမာစေရန်အတွက် အာဟာရ မျှတအောင် မှီဝဲရသည်၊ သင့်တင့်လျောက်ပတ်သော အစာကိုလည်း သင့်တော်သလို မှီဝဲတတ်ဖို့ လိုအပ်ပါသည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ ထို့ကြောင့် ရောဂါကိုဖြစ်စေတတ်သော အဓိက အကြောင်းရင်း သုံးမျိုးကို ကျွန်တော် စဉ်းစားမိခဲ့ပါသည်။ ထိုသုံးမျိုးမှာ
၁။ ကျန်းမာရေး အသိ နည်းပါးလွန်းခြင်း
၂။ ပျင်းရိလွန်းခြင်း
၃။ နှမြောတွန့်တို ကပ်စီးနည်းလွန်းခြင်းတို့ ဖြစ်ပါသည်။
ထိုသုံးမျိုးကို ကျွန်တော်တို့ အမှန်တကယ် ရှောင်ရှားသင့်ပါသည်။
အနာဖြစ်ကြောင်း ၈ ပါး ရှိသည်ဟု ဗုဒ္ဓစာပေမှ မှတ်သားခဲ့ပါသည်။
၁။ လေကြောင့်ဖြစ်သော အနာ
၂။ သည်းခြေကြောင့်ဖြစ်သော အနာ
၃။ သလိပ်ကြောင့်ဖြစ်သော အနာ
၎။ သန္နိပါတ်ကြောင့်ဖြစ်သော အနာ (လူစု လူဝေးမှ ကူးစက်နာ)
၅။ ဥတုဖောက်ပြန်သောကြောင့်ဖြစ်သော အနာ
၆။ ဘောဇဉ်ကြောင့်ဖြစ်သော အနာ
၇။ သူတပါးလုံ့လကြောင့်ဖြစ်သော အနာ
ဂ။ ကံကြောင့်ဖြစ်သော အနာ တို့ဖြစ်ပါသည်။
No comments:
Post a Comment