စစ်တိုက်ရင် ၂ ဦး၊ ၂ ဘက် ရှိမှ စစ်တိုက်လို့ ရသလိုမျိုး၊ စစ်တုရင် ကစားနည်းတွင်လည်း ၂ ဦး၊ ၂ ဘက် ယှဉ်ပြိုင် ကစားရသည်။ အဖြူ ဘက် နှင့် အမည်း ဘက် ဖြစ်သည်။ စစ်တုရင် ကစားသူ ၁ ဦးက အဖြူ ဘက်ကို ယူရင် ကျန် ၁ ဦးက အမည်း ဘက်ကို ယူရသည်။ ဘက် ၁ ဘက် စီတွင် စစ်တုရင် အရုပ် ၆ မျိုး စီ ညီတူ ညီမျှ ရှိသည်။
နယ်ရုပ် < မြင်း < ဘုန်းကြီး < ရဲတိုက် < ဘုရင်မ < ဘုရင်
စစ်တုရင် ကစားနည်းတွင် သူတစ်ပါး ဘက်တွင် ရှိတဲ့ ဘုရင်ကို အနိုင်တိုက် ကစားနိုင်ရင် အနိုင်ရပြီ ဖြစ်သည်။ ထို့ကြောင့် စစ်တုရင် ကစားနည်းတွင် ဘုရင် သည် တန်ဖိုး အကြီးဆုံး ဖြစ်သည်။ ထို့နောက်တွင် ဘုရင်မ၊ ရဲတိုက်၊ ဘုန်းကြီး၊ မြင်း၊ နယ်ရုပ် စသည်ဖြင့် ကြီးစဉ် ငယ်လိုက် တန်ဖိုးအနည်းအများ ရှိကြသည်။
သာမန်အားဖြင့် ကြည့်မည်ဆိုရင် နယ်ရုပ်၏ တန်ဖိုးသည် အနည်းဆုံးလို့ ဆိုနိုင်သည်။ နယ်ရုပ်သည် တန်ဖိုးနည်းသောကြောင့် မိမိ၏ တန်ဖိုးကြီးသော အခြား အရုပ်များနှင့် အတိုက်အခိုက် ခံပြီး အလဲအထပ် မပြုလိုကြ။ တဘက်လူ၏ တန်ဖိုးကြီး အရုပ်များကိုသာ မိမိ၏ နယ်ရုပ်များဖြင့် တိုက်ခိုက် အနိုင်ယူ တတ်ကြသည်။
အစ ပထမတွင် နယ်ရုပ်၏တန်ဖိုးသည် အနည်းဆုံး ဖြစ်သော်လည်း အားမလျှော့ဘဲ တဖြေးဖြေး ရန်သူ့ နယ်မြေတွေကို သိမ်းပိုက်နေမည်ဆိုရင် နယ်ရုပ်၏ တန်ဖိုးသည် မြင့်တက်လာနိုင်သည်။
ထို့အတူ နယ်ရုပ်နှင့် သဏ္ဍာန်တူသော၊ အတွေ့အကြုံအားဖြင့် နုနယ်သော ကျွန်တော်အပါဝင် ကျွန်တော်တို့ ညီငယ်၊ ညီမငယ်၊ သူငယ်ချင်းတို့သည်လည်း ရန်သူ့ နယ်မြေတွေဖြစ်တဲ့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တခုချင်း၊ တခုချင်း မှန်မှန်လေး ရင်ဆိုင် ဖြေရှင်း သိမ်းပိုက်နေမယ်ဆိုရင် .. ကျွန်တော်တို့၏ တန်ဖိုးလည်း ဖြေးဖြေးချင်း မြင့်တက်လာနိုင်ပြီး .. နောက်ဆုံးမှာ ကျွန်တော်တို့ အလိုရှိတဲ့ ရည်မှန်းချက် ပန်းတိုင်ကို အရောက်သွားနိုင်သည်မှာ အသေအချာပင် ဖြစ်ပါသည်။
No comments:
Post a Comment