မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Friday, 24 January 2014

မေတ္တာပို့


မေတ္တာဆိုသည့် စကားလုံးသည် မြန်မာဘာသာစကားတွင် မူလအစကတည်းက ရှိသည်မဟုတ်ပါ၊ ပါဠိဘာသာမှ တိုက်ရိုက်မွေးစားထားသော စကားဖြစ်သည်။ ကျွန်တော်တို့ မြန်မာလူမျိုးသည် မေတ္တာလို့ ဆိုလိုက်ရင် အချစ်လို့ လွယ်လွယ်ကူကူ နားလည်ထားတတ်သည်။

အချစ်လို့ သတ်မှတ်ခေါ်ဝေါ်မည်ဆိုရင် မေတ္တာ၏အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံ ပေါ်လွင်စေမှာ မဟုတ်ဘူးလို့ ဆရာတော်တပါးက ဤသို့မိန့်ခဲ့ဖူးသည်။ အခြားသော ပါဠိစကားလုံးတွေဖြစ်သည့် ဒုက္ခ ဆိုရင် ဆင်းရဲခြင်း၊ သုခ ဆိုရင် ချမ်းသာခြင်း .. စသည်ဖြင့် မြန်မာမူပြန်ထားနိုင်သော်လည်း၊ မေတ္တာဆိုသည့် စကားလုံးကိုမူ  မြန်မာလိုတိုက်ရိုက်ဘာသာပြန်လျှင် ရှည်လျားသောကြောင့်၊ မြန်မာမူပြန်မရသောကြောင့်၊ ပါဠိဘာသာမှ တိုက်ရိုက်မွေးစားထားရသည်၊ သည်လို ဆိုပါသည်။

ကျွန်တော်ကိုယ်တိုင် ယခင်တုန်းကဆိုရင် မေတ္တာပို့သည့်အလုပ်သည် အကျိုးမရှိနိုင်သောအလုပ်၊ အကျိုးမဲ့ အလုပ် ဖြစ်သည်လို့ ထင်ခဲ့သည်။ ကိုယ်က မေတ္တာပို့နေပေမယ့် တဘက် လူ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါတွေ မရနိုင်၊ မမြင်နိုင်၊ မသိနိုင်၊ ခံစားမရနိုင်ဘူးလို့ သည်လို တဘက်သတ် ထင်မြင်ယူဆခဲ့သည်။ အမှန်တကယ်တော့ ဤသို့ မဟုတ်ပါ။ ကျွန်တော်အပါအ၀င် သတ္တ၀ါတို့သည် မေတ္တာပို့ခြင်းကို ခံယူရန် လိုအပ်နေပါသည်။

ကျွန်တော်တို့ လူတွေသည် ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ မိသားစုရေး၊ အိမ်ထောင်ရေး၊ သူငယ်ချင်းရေး၊ ညီအကို မောင်နှမအရေး၊ ဦးလေး အဒေါ်အရေး၊ သာရေး၊ နာရေး၊ .. စသည်ဖြင့် ပြသနာအပူတွေကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည်။ ထိုအပူတွေမှ သက်သာစေ၊ ငြိမ်းအေးစေလိုခြင်းငှာ မေတ္တာဓါတ်ကို လိုအပ်ပါသည်။ ထို့ကြောင့် မေတ္တာပို့ခြင်း၊ မေတ္တာပွားခြင်းတို့ကိုပြုလုပ်ရန် တကယ်လိုပါသည်။

ဗုဒ္ဓဘာသာ တခုတည်း၌်သာမဟုတ်၊ အခြားသောဘာသာများတွင်လည်း၊ မေတ္တာပို့ခြင်းရှိမည်ဟု ကျွန်တော် ယုံကြည်ပါသည်။ မေတ္တာပို့ခြင်းသည် ငွေကြေးလည်းမကုန်၊ ကုသိုလ်လည်းရသည်။ မေတ္တာပို့ခြင်းသည် လောဘမီး၊ ဒေါသမီး၊ ငရဲမီးတို့ကို ငြိမ်းစေတတ်သည်။ ထို့ကြောင့် အမှန်တကယ် ပြုလုပ်သင့်သည်။ ၂၀၁၃ ဒီဇင်ဘာ နံနက်ခင်းတခုတွင် စကိုင်းနက်ရုပ်သံမှ မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ၏ မေတ္တာပို့နည်း၊ မေတ္တာပွားနည်းကို ကျွန်တော် ရိုသေစွာ နာကြားဖြစ်ခဲ့သည်။ ဆရာတော်ကြီးအား ဤနေရာမှ ရိုသေစွာ ကန်တော့ပါသည်။ _/\_

ဆရာတော်ကြီးသည် မေတ္တာပို့နည်း နှစ်သွယ်ကို ဤသို့မိန့်ပါသည်။

(၁)  အရပ်မျက်နှာကို အမှူးထားပြီး၊ အရပ်ဆယ်မျက်နှာမှာရှိနေတဲ့ သတ္တ၀ါတွေကို၊ ဒိသာဖရဏ မေတ္တာအဖြစ်၊ မေတ္တာပို့နည်း

အရပ်ဆယ်မျက်နှာဆိုသည်မှာ .. အရှေ့ အရပ်၊  အနောက်အရပ်၊  မြောက်အရပ်၊  တောင်အရပ်၊  အရှေ့ တောင်အရပ်၊  အနောက်မြောက်အရပ်၊  အရှေ့ အမြောက်အရပ်၊  အနောက်တောင်အရပ်၊  အောက်အရပ်၊  အထက်အရပ်  တို့ဖြစ်ကြသည်။

အရပ်တခုချင်းစီတွင် ရှိသော အနန္တစကြ၀ဠာ၊ အနန္တသတ္တ၀ါတို့
.. ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
.. ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အောက်အရပ် နှင့် အထက်အရပ်တွေကို မေတ္တာပို့သည့်အခါ "ထက်ဝန်းကျင်" ဆိုသည့် စကားလုံး ပါဝင်သည်။ ထက်ဝန်းကျင်ဆိုသည့် စကားလုံးမပါဘူးဆိုရင်၊ အထက်အရပ်တွင် ရှိသော အနန္တစကြ၀ဠာလို့ ခေါ်ဆိုကြရာ၌ .. အထက်အရပ်တွင် စကြာဝဠာ အနန္တ ရှိတယ်လို့ .. ထင်မြင်ယူဆနိုင်သည်၊ အမှန်က အထက်ဘေးပတ်ဝန်းကျင်တွင် စကြာဝဠာ အနန္တ ရှိတာ ဖြစ်သည်။ ထို့ကြောင့် ထက်ဝန်းကျင်ကို ထည့်ထားရသည်၊ သည်လို ဆရာတော်ကြီးက မိန့်ပါသည်။ အောက်အရပ်လည်း ထို့နည်းအတူဖြစ်သည်။

(၂)  ပရိတ်ကြီး ၁၁ သုတ်တွင်၊ တခုပါဝင်သော မေတ္တာသုတ်၌လာသည့်၊ သတ္တ၀ါတွေကို မေတ္တာပို့နည်း

က။  သတ္တဝါအားလုံးကို တစုတဝေးတည်း ပေါင်းပြီး တခေါက်တည်းမေတ္တာပို့သည်

.. လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ခ။  တခေါက်တည်းမေတ္တာပို့တာ အားမရလျှင် အစုအဖွဲ့  နှစ်ခုစီခွဲပြီး၊ လေးမျိုး လေးခါစီ မေတ္တာပို့သည်

သေမှာ ကြောက်တယ်၊ မကြောက်ဘူး မဟုတ်ပါ
ပထမ။  ကြောက်တတ်သော သတ္တဝါ  နှင့် မကြောက်တတ်သော သတ္တဝါ
ကြောက်တယ်၊ မကြောက်ဘူးဆိုတာ ဒေါသစိတ်ရှိတဲ့အပေါ်မှာ မူတည်သည်။ ဒေါသစိတ် မရှိတဲ့  အနာဂါမ်၊ ရဟန်းသာ နှင့် ဒေါသစိတ် ရှိသေးတဲ့ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ် တို့ အစုအဖွဲ့  နှစ်စုခွဲပြီး မေတ္တာပို့သည်

.. ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ကြောက်တယ်၊ မကြောက်ဘူးဆိုတာ မြင်လို့၊ မမြင်လို့
ဒုတိယ။ မြင်အပ်သော သတ္တဝါ  နှင့် မမြင်အပ်သော  သတ္တဝါ
မေတ္တာပို့နေစဉ် မိမိတို့တည်ရှိနေတဲ့ နေရာ၊ အဆောက်အဦးထဲက သတ္တဝါတွေသည် မြင်အပ်သည်၊ အပြင်ဘက်မှာရှိသော သတ္တဝါတွေသည် မမြင်အပ်ဘူး၊ သည်လို အစုအဖွဲ့  နှစ်ခုခွဲပြီး  မေတ္တာပို့သည်

.. မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

မြင်တယ်၊ မမြင်ဘူးဆိုတာ ဝေးလို့၊ နီးလို့
တတိယ။ ဝေးနေသော သတ္တဝါ  နှင့် နီးနေသော သတ္တဝါ
မေတ္တာပို့နေစဉ် မိမိတို့တည်ရှိနေတဲ့ နေရာ၊ အဆောက်အဦးထဲက သတ္တဝါတွေသည် နီးသည်၊ အပြင်ဘက်မှာရှိတဲ့ သတ္တဝါတွေသည် ဝေးသည်၊ သည်လို အစုအဖွဲ့  နှစ်ခုခွဲပြီး  မေတ္တာပို့သည်

.. ဝေးနေ၊ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ဝေးတယ်၊ နီးတယ်ဆိုတာ ဘ၀ဇာတ် ဆုံးလို့၊ မဆုံးသေးလို့
စတုတ္တ။ ဘ၀ဇာတ်ဆုံးသော သတ္တဝါ  နှင့် ဘ၀ဇာတ်မဆုံးသော သတ္တဝါ
နိဗ္ဗာန် ရောက်လို့ ဘ၀ဇာတ်ဆုံးသွားသည့် သတ္တဝါ  နှင့် ဘ၀ဇာတ် မဆုံးသေးသည့် သတ္တဝါ သည်လို အစုအဖွဲ့  နှစ်ခုခွဲပြီး  မေတ္တာပို့သည်

.. ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ဂ။  သတ္တဝါတွေကို အရွယ်အစားအလိုက်၊ အစုအဖွဲ့  သုံးမျိုးစီခွဲပြီး၊ သုံးမျိုး သုံးခါစီ မေတ္တာပို့သည်

ပထမ။ အနံရှည်တဲ့ သတ္တဝါ၊ တိုတဲ့ သတ္တဝါ၊ အလတ် သတ္တဝါ

.. ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ဒုတိယ။ အလျား၊ အနံနှစ်ခု  ကြီးတဲ့ သတ္တဝါ၊ ငယ်တဲ့ သတ္တဝါ၊ အလတ် သတ္တဝါ

.. ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

တတိယ။ အလျား ဆူတဲ့ သတ္တဝါ၊ ကြုံလှီတဲ့ သတ္တဝါ၊ အလတ် သတ္တဝါ

.. ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ဃ။ နောက်ဖြစ်ပေါ်လာနိုင်သော ဒုက္ခတွေ၊ မဖြစ်ပေါ်လာအောင် သုံးမျိုးခွဲပြီး မေတ္တာပို့သည်

ပထမ။ မုသားမပါ လင်္ကာမချောဆိုသည့်အတိုင်း လှည့်ပတ်ထားတာတွေ မသိသေးသရွေ့  အဆင်ပြေတတ်သည်၊ သိသည့်အခါမှာ အချင်းချင်း အဆင်မပြေ ဖြစ်တတ်ကြပါသည်။ အဲသည်လိုမျိုး မဖြစ်စေခြင်းငှာ

.. လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

ဒုတိယ။ အထင်အမြင် မသေးဘူးဆိုရင် အချင်းချင်း ဆက်ဆံရေးပြေတတ်သည်၊ အထင်အမြင် သေးလာပြီဆိုရင် အဆင်မပြေ ဖြစ်တတ်ကြပါသည်။ အဲသည်လိုမျိုး မဖြစ်စေခြင်းငှာ

.. အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

တတိယ။ တခါတလေ သူတပါး ဆင်းရဲဒုက္ခရောက်မှ၊ ကိုယ် ချမ်းသာတတ်သလိုမျိုး ရှိတတ်ကြသည်။ အဲသည်လိုမျိုး မဖြစ်စေခြင်းငှာ

.. ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ..

No comments:

Post a Comment