မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Saturday, 11 January 2014

မွေးနေ့ မင်္ဂလာ နေ့ဆွမ်း အလှူ တစ်ခု

မွေးနေ့ဆိုသည်မှာ လောက အခေါ်အဝေါ်အားဖြင့် မိမိတို့ အသက်ရှင်လာရာ ရက်ပေါင်း ၃၆၅ ရက်ပြည့်သည့်နေ့ တနည်းဆိုသော် အချိန် တနှစ်ပြည့်သည့်နေ့ကို မွေးနေ့လို့ ခေါ်သည်။ နေရာ၊ ဒေသ၊ ဘာသာတရား၊ ယဉ်ကျေးမှု ခြားနားမှု ပေါ်မူတည်၍ ဆုတောင်း မင်္ဂလာ မွေးနေ့ပွဲ ကျင်းပပုံ တခုနှင့် တခု မတူညီကြချေ။

ယနေ့ စင်္ကာပူနိုင်ငံ မြန်မာဘုန်ကြီးကျောင်း တခုမှာ သူငယ်ချင်း ၃ယောက် ပြုလုပ်သော စုပေါင်း မွေးနေ့ပွဲ နေ့ဆွမ်း အလှူ တခုကို ကျွန်တော် တက်ရောက်ခဲ့သည်။ ချမ်းမြေ့  ဆရာတော်၏ ဆုံးမ သြ၀ါဒကို ခံယူသော ဘုန်းကြီးကျောင်းဖြစ်သည်။ ၃ထပ်ကျောင်းဖြစ်သည်။ အမှန်တော့ လူတွေ နေတဲ့ ၃ထပ်အိမ်တစ်လုံးကို ဘုန်းကြီးတွေ သီတင်းသုံးဖို့ အသုံးပြုတဲ့ အတွက် ဘုန်းကြီးကျောင်းလို့ ကျွန်တော်ခေါ်ရခြင်း ဖြစ်ပါသည်။

ကျွန်တော်သည် အဲသည့် ဘုန်းကြီးကျောင်းကို ပထမ အကြိမ်အဖြစ် ယခုမှ ရောက်ရှိခြင်းဖြစ်သည်။ ညီငယ်လေး တယောက်နှင့် ဘုန်းကြီးကျောင်း၏ အပေါ်ထပ်ကို လေ့လာကြည့်ရာ၊  အပေါ် ဒုတိယ အထပ်တွင် တရားထိုင်သည့် အခန်း နှစ်ခန်း၊ တတိယ အထပ်တွင် ဘုန်းကြီး သီတင်းသုံးသည့် အခန်း နှစ်ခန်း၊ စုစုပေါင်း လေးခန်း ရှိသည်။ တရားထိုင်သည့် အခန်းကို လေ့လာကြည့်ရာ၊ အဲယားကွန်း ဖွင့်ထားပြီး တိတ်ဆိတ်ငြိမ်သက်လှသဖြင့် အေးအေး ချမ်းချမ်း တရားထိုင်ချင်သည့်စိတ် ပေါ်ပေါက်ခဲ့သည်။ နောက်မှ အခွင့်သာသည့် စနေ၊ တနင်္ဂနွေ တရက်ရက်မှာ လာရောက် တရားထိုင်မည်ဟု စိတ်ကူးမိခဲ့သည်။

အဲသည့် ဘုန်းကြီးကျောင်း တည်ရှိရာ နေရာသည် လက်ရှိ ကျွန်တော် နေသော အိမ်နှင့် နီးပါသည်။ မိနစ်၂၀လောက် လမ်းလျှောက်သွားလျှင် ရောက်နိုင်ပါသည်။ ဘုန်းကြီးကျောင်း တည်နေရာ လိပ်စာမှာ
villa verde, 103 verde view 688708 singapore ဖြစ်သည်။

မွေးနေ့ နေ့ဆွမ်းအလှူမှာ ဘုန်းကြီး လေး၊ ငါးပါး နှင့် နိုင်ငံခြား အမျိုးသမီး ယောဂီ နှစ်ပါးကိုလည်း တွေ့ခဲ့ရပါသည်။ ဥပုသ် အမှီ ဆွမ်းဘုန်းပေးပြီးနောက် ဘုန်းကြီး တစ်ပါးက ငါးပါး သီလ ပေးပြီး၊ တရားဟော၊ အမျှဝေပါသည်။ နေ့လည်စာ မစားမှီ၊ ကျွန်တော်တို့အား ငါးမိနစ်လောက် ဘာဝနာပွားစေပါသည်။ အလွန်ကောင်းပါသည်။ ပြည့်စုံပါသည်။

ဘုန်းကြီး အမိန့် ရှိသည်မှာ အချက် နှစ်ချက်ကို ကျွန်တော်တို့အား အမှတ်ထားစေချင်သည်။

နံပါတ် တစ်သည် .. မိဘ၏ ကျေးဇူးသည် မနှိုင်းယှဉ်လောက်အောင် ကြီးမားသည်။ ဤသို့ ကျေးဇူး ကြီးမားကြသည့် မိဘတွေကို ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးအပေါ် သက်ဝင်ယုံစေခြင်း။ ဒါန၊ သီလ၊ ဘာဝနာ ပွားများစေခြင်းဖြင့် ကျေးဇူးဆပ်သင့်ကြောင်း ဖြစ်သည်။

နံပါတ် နှစ်သည် .. မွေးနေ့ပွဲဆိုသည်မှာ အိုပွဲဖြစ်သည်။ တနှစ်ပြီး တနှစ် အသက်အိုလာ သဖြင့် အိုပွဲဟု ခေါ်ဆိုသင့်သည်။ လူတွေဟာ တဖြည်းဖြည်း အိုလာပြီဆိုရင် အိုမင်း မစွမ်းဖြစ်လာသဖြင့် အများသူငါတွေက ပြစ်ပယ် ထားတတ်သည်။ အိုလာရင် ပယ်ထားတတ်သဖြင့်၊ "အိုပယ်" သည်လိုခေါ်ကြသည်။ အဲသည်လို "အိုပယ်" ကနေ "အိုကြွယ်" ဖြစ်အောင် ပြုဖို့လိုသည်။ "အိုကြွယ်" ဆိုသည်မှာ အသက်အရွယ် အိုလာသည်နှင့် အမျှ ဒါန၊ သီလ၊ ဘာဝနာတွေကို မိမိကိုယ်မှာ ကြွယ်ဝနေအောင် သိမ်းဆည်းထားတတ်တာကို "အိုကြွယ်" ဟုခေါ်ကြောင်း ယခုလို ဆရာတော်က မိန့်ကြားပါသည်။

နံပါတ် နှစ်ကို ပြည့်စုံစေဖို့ မိမိကိုယ်ကို အပေါ်မှာ မူတည်ပါသည်။ သို့သော် နံပါတ် တစ်ကို ပြည့်စုံရန်အတွက် မိဘတွေကို လှုံဆော်တိုက်တွန်း နားချရန် လိုပါသည်။ ကျွန်တော့် မိဘ နှစ်ပါးစလုံးသည် ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ သို့ပါသော်လည်း ကျွန်တော့် ဖေဖေသည် ဘာသာတရား လေ့လာလိုက်စားမှု အားနည်းနေသေးသည်။ သည်တစ်ခေါက် ကျွန်တော့် မိဘအိမ်ကို ပြန်ရောက်လျှင် ကျွန်တော့် ဖေဖေကို ဆွဲဆောင် တိုက်တွန်း နှိုးဆော် ရမည်ဟု ကျွန်တော် စိတ်ကူးမိပါသည်။

မွေးနေ့ပွဲ မင်္ဂလာ နေ့ဆွမ်း အလှူ ရှင် သူငယ်ချင်း သုံးဦး၊ နှင့်တကွ အားလုံးသော သတ္တ၀ါတွေ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း နှင့် ပြည့်စုံကြပါစေလို့ ဆန္ဒပြုပါသည်။

1 comment: