သူရူးဆိုသည့် စကားလုံးသည် ကျွန်တော့်အတွက် အစိမ်းသက်သက် မဟုတ်ခဲ့ပါ။ ကျွန်တော့်အတိတ်ဘ၀၏ အကုသိုလ်ကြောင့်ဖြစ်သည်ဟု ယူဆပါသည်။ ကျွန်တော် ငယ်ငယ်ဘ၀တုန်းက သူရူးတယောက်နှင့် ပတ်သက်ခဲ့ရဖူးသည်။
သူရူးအမျိုးအစားကို ကိုယ်နားလည်သလောက် ခွဲခြားနေမိသည်။ အနုအကြမ်းဖြင့်ကြည့်မည်ဆိုရင် ယဉ်ယဉ်လေးရူးနေတာမျိုး နှင့် ကြမ်းကြမ်းတမ်းတမ်းရူးနေတာမျိုးဟူ၍ နှစ်မျိုး ရှိနိုင်ပါသည်။ အကြိမ်အရေအတွက်အားဖြင့်ကြည့်မည်ဆိုပါက အမြဲတမ်းရူးနေတာမျိုး နှင့် တခါတရံမှသာရူးနေတာမျိုးဟူ၍ နှစ်မျိုး ခွဲခြားရပါလိမ့်မည်။
အခြေခံကျောင်းသားဘ၀မှ အလယ်တန်းကျောင်းသားဘ၀အထိ သူရူးတယောက်၏ ကိုယ်ထိလက်ရောက် အနှောက်အယှက်ပေးတာကို နှစ်တော်တော်ကြာ၊ အနီးကပ် ခံစားခဲ့ရသည်။ ရှက်ရှက်နှင့်ပြောရမည်ဆိုရင် ထိုအချိန်၊ ထိုအရွယ်တုန်းက အဲသည့်သူရူး ရူးတဲ့အချိန်ဆိုရင် ကျွန်တော်ကြောက်ပါသည်၊ ကျွန်တော်အရွယ်ကြီးလာရင် လက်စားချေ တုံ့ပြန်ဖို့ တခါတလေ တွေးခဲ့မိပါသည်။
အဲသည့်သူရူးက ထူးဆန်းသည်။ သာမန်အချိန်ဆိုရင် သာမန်လူလိုမျိုး နေထိုင်၊ သွားလာ၊ စားသောက်နိုင်သည်။ သူ့နာမည် မေးရင် မှန်အောင်ဖြေနိုင်သည်၊ သူ့၏ မိသားစု၊ အိမ်လိပ်စာ၊ ညီအကိုမောင်နှမ ကိုယ်ရေးကိုယ်တာတွေကို ကြိုက်သလို မေး၊ မှန်အောင်ဖြေနိုင်ပါသည်။ သူရူးနေသည့်အချိန်ဆိုရင် ကြမ်းတမ်းပါသည်။ တွေ့သမျှလူတွေကို စိတ်မထင်ရင် မထင်သလို အော်ဟောက်ဆဲဆိုတတ်ပါသည်။ သူနှင့် ထိပ်တိုက်တွေ့ရင် ကျွန်တော်၏ ခေါင်းကို ခေါက်တတ်ပါသည်။
သူရူး၏ ခေါင်းခေါက်တာတွေကို ကျွန်တော်တို့ မောင်နှမ သုံးယောက်တွင် အဓိက ကျွန်တော် အများဆုံး ခံခဲ့ရပါသည်။ ကျွန်တော့်အဖေကိုယ်တိုင်က သူ၏သားဖြစ်သူ ကျွန်တော့်ဘက်က မရပ်ဘဲ၊ သူရူးဘက်က ရပ်တည်ပေးခဲ့ပါသည်။ သူရူးကို ပြစ်ဒဏ်တစုံတရာ မပေးပါ။ ထိုအချိန်တုန်းကဆိုရင် ကျွန်တော် တော်တော်လေး ခံပြင်းခဲ့ပါသည်။ အကုသိုလ်များ ၀င်လာပြီဆိုရင် ရှောင်လို့မရပါ။ ကိုယ်တိုင် ခန္ဓာနှင့်ရင်းပြီး ဆပ်ရပါသည်။
လက်ရှိအချိန်တွင် ခေတ်ပေါ် သူရူးအမျိုးအစား ပိုများလာသည်ဟု ကျွန်တော် ထင်မိပါသည်။ လွန်လွန်ကဲကဲ စွဲလန်းသော စိတ်၏ ဒဏ်ကြောင့် ဖြစ်ပေါ်လာတတ်သော တဏှာရူး၊ အာဏာရူး၊ ကလေးရူး၊ မိန်းမရူး၊ ယောင်္ကျားရူး၊ သားရူး၊ မယားရူး .. စသည်ဖြင့် ရေတွက်လို့ ကုန်နိုင်မည် မဟုတ်ပါ။
ဥမ္မတ္ထက အရူး ၈ မျိုး ရှိသည်ဟု ဗုဒ္ဓစာပေမှာ ဖော်ပြထားပါသည်။
၁။ ရာဂုမ္မတ္တက ရာဂအားကြီးသော တဏှာရူး
၂။ ကောဓုမ္မတ္တက အမျက်ဒေါ လွန်ကဲ၍ ဘာမှန်းမသိသော အရူး
၃။ မောဟုမ္မတ္တက မိုက်မဲတွေဝေသဖြင့် ရူးသော လူရာမ၀င်သော အရူး
၎။ ဒိဋ္ဌုမ္မတ္တက အယူဖောက်ပြန် ကြံစည်လွန်သဖြင့် ရူးသော အရူး
၅။ ယက္ခုမ္မတ္တက ဘီလူး သားရဲ စုန်း နတ် ဖမ်းပူးသဖြင့် ရူးသော အရူး
၆။ ပိတ္တုမ္မတ္တက သည်းခြေပျက်၍ ရူးသော အရူး
၇။ သုရုမ္မတ္တက သေရည်သေရက် အသောက်လွန်သဖြင့် ရူးသော အရူး
၈။ ဗျသနုမ္မတ္တက စီးပွားပျက်၍ ရူးသော အရူး တို့ဖြစ်သည်။
သူရူးဟုဆိုလျှင် ကောင်းကွက် တစက်လေးမျှ မရှိနိုင်ပါ။ သူရူးဖြစ်ရတာ ဆိုးပါသည်။ ထို့ကြောင့် သူရူးကို သူဆိုးလို့ ခေါ်သင့်ပါသည်။ သူရူး၊ သူဆိုးထက် တဆင့်မြင့်သော သူကို သူတော်လို့ခေါ်သင့်ပါသည်။ သူရူး၊ သူဆိုးတွေထက်စာရင် တော်သေးသဖြင့် သူတော်လို့ခေါ်ရခြင်းဖြစ်ပါသည်။ သူတော်ထက် ပိုကောင်းသောသူကို သူကောင်းလို့ ခေါ်သင့်ပါသည်။ မိမိအတွက်ရော၊ သူတပါးအတွက်ပါ ကောင်းသဖြင့် သူကောင်းလို့ ခေါ်ရခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် သူရူး/သူဆိုး, သူတော်, သူကောင်း ဟူ၍ ၃မျိုး ခွဲလိုက်ပါသည်။
ကျွန်တော်သည် ဘ၀အဆက်ဆက် သူရူး/သူဆိုး မဖြစ်ချင်ပါ။ အကောင်းဆုံးသူ သူကောင်းဖြစ်ချင်ပါသည်။
သူရူးဆိုရင် သူကိုယ်တိုင် ရူးနေတယ်လို့ မထင်ဘဲ၊ တခြားသူတွေသာ ရူးနေတယ်လို့ထင်တတ်ပါသည်။ ကျွန်တော်မရူး၊ သူရူးနေတာပါလို့ ဆိုနေမိတော့ .. ကျွန်တော်ကိုယ်တိုင်လည်း ..
No comments:
Post a Comment