ခန္ဓာသည် အသက်ရှင်သန်နေသရွေ့  ခန္ဓာ၏ လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်အောင် ခန္ဓာ၏ တောင်းဆိုမှု၊၊ စေခိုင်းမှု များကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ လုပ်ဆောင်နေရပါသည်။ မနက် အိပ်ယာထ၊ မျက်နှာသစ် အစရှိသည့် တနေ့တာ နေ့တဓူဝ လုပ်ငန်းစဉ်များမှစ၍၊ ရုံးပြန် ည အိပ်ယာဝင်သည်အထိ မနေမနား လုပ်ဆောင်ရပါသည်။ တကြိမ်တည်း အပြီး လုပ်ပေးလို့ရသည့်အရာ မဟုတ်ပါ။
တနေ့ကုန် မနေမနား ပြုစုနေရသည်ကို အားမရ .. ဟို အစားကိုမှ စားချင်တယ်၊ သည် အ၀တ်ကိုမှ ၀တ်ချင်တယ်၊ ကွန်ဒို အိမ်ကြီးတွေမှာ နေချင်တယ်၊ အကောင်းစား ကားတွေကိုမှ စီးချင်တယ်၊ အကောင်းစား ပစ္စည်းတွေကိုမှ သုံးချင်တယ် .. အဲသည်လိုမျိုး ခန္ဓာသည် တောင့်တ တတ်ပါသေးသည်။
တကယ်လို့ ခန္ဓာ၏ တောင့်တမှုများကို ဖြည့်သည်ဆိုဦးတော့၊ တောင့်တမှုများသည် ရပ်တန့်မသွားချေ။ သည်ထက် သာသည့်အရာ၊ သည်ထက် ကောင်းသည့်အရာ များကို ဆင့်ကာ၊ ဆင့်ကာ တောင့်တ တတ်ပါသည်။ တကြိမ်တည်း အပြီး ဖြည့်ပေးလို့ရသည့်အရာ မဟုတ်ပါ။
ခန္ဓာ၏အလိုကို လုပ်ပေးရသော်လည်း၊ ဖြည့်ပေးရသော်လည်း ပြီးပြည့်စုံသည်မှာ မရှိပါ။ ကျွန်တော်တို့သည် ခန္ဓာ၏ ကျေးကျွန်များ ဖြစ်မှန်းမသိ ဖြစ်နေကြပါသည်။ ဤသို့ဆိုလျှင် ခန္ဓာကို အမြဲတမ်း အရှုံးပေးပြီး လုပ်ပေးနေရမည်လော၊ ဖြည့်ပေးနေရမည်လော? ဒါမှမဟုတ် ခန္ဓာ၏ တောင်းဆိုချက်များကို ကျွန်တော်တို့ လစ်လျူပြုပြီး အနိုင်ယူကြမည်လော?
ခန္ဓာကို လစ်လျူမှုပြုပြီး၊ ကိုယ်နဲ့တည့်သည် မတည့်သည်ကို မဆင်ခြင်ပဲ ဖြစ်သလို နေထိုင်စားသောက် ခဲ့လျှင်လည်း အားအင်ချိနဲ့ပြီး ရောဂါများ ၀င်ရောက်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ ကိုယ် စိတ် ဆင်းရဲစေတတ်ခြင်းများ ကို ဖြစ်စေတတ်သည်။
တဖန် ခန္ဓာ၏ တောင်းဆိုချက်များကို အလိုလိုက် အကြိုက်ဆောင် လုပ်ဆောင်လျှင်လည်း ရုံးရောက်၊ ဂါတ်ရောက်၊ ဆေးရုံရောက်၊ ဆီးချို၊ သွေးချို၊ သွေးတိုး အစရှိသော ရောဂါများ ဖြစ်စေပြီး ကိုယ် စိတ် ဆင်းရဲစေတတ်ခြင်းများ ကို ဖြစ်စေတတ်သည်။
ဤသို့ဆိုလျှင် အဘယ်သို့ ပြုမူဆောင်ရွက်ရမည်နည်း?
အလယ်အလတ် လမ်းစဉ်ကို ကျွန်တော်တို့ ပြုမူ ဆောင်ရွက်ရပါမည်။ မှန်ပါသည်၊ အလယ်အလတ် လမ်းစဉ် ဖြစ်ပါသည်။ အလယ်အလတ် လမ်းစဉ်လို့ ဆိုသည့်အတွက် အစွန်းမရောက်သည့်လမ်း၊ အစွန်းနှစ်ဖက်မှ လွတ်သောလမ်း ဖြစ်ပါသည်။ ခန္ဓာကို ကောင်းကောင်း အသုံးချရန်အတွက် အလယ်အလတ် လမ်းစဉ်ကို လိုက်နာဖို့လိုသည်။
စားဖို့၊ သောက်ဖို့အတွက် အသက်ရှင်သန်နေသည် မဖြစ်သင့်ပါ။
(အကျိုးရှိသည့်အလုပ်များ လုပ်နိုင်ရန်) အသက်ရှင်သန်ဖို့အတွက် စား၊ သောက်ခြင်း ဖြစ်သင့်ပါသည်။
လှဖို့၊ ကြွားဖို့အတွက် ၀တ်စားဆင်ယင်၊ ပြုမူပြောဆိုခြင်း မဖြစ်သင့်ပါ။
(အကျိုးရှိသည့်အလုပ်များ လုပ်နိုင်ရန်) ကျန်းမာစေဖို့အတွက် ရာသီဥတု ဒဏ်ခံနိုင်ဖို့အတွက် ၀တ်စားဆင်ယင်ခြင်း၊ ပြုမူပြောဆိုခြင်း ဖြစ်သင့်ပါသည်။
ခန္ဓာ၏ အခြေအနေကို သိဖို့လည်း လိုပါသည်။ ခန္ဓာကိုပေးသော အရာများသည် ကောင်းသော အနံ့၊ အရောင်၊ အရသာ၊ တွေ့ထိ၊ တွေးတောစရာများကို ပေးသော်လည်း ခန္ဓာမှ တုံ့ပြန်ပြီး ပေးသော အရာများသည် မကောင်းသော၊ ရွံဖို့ကောင်းသော အနံ့၊ အရောင်၊ အရသာ၊ တွေ့ထိ၊ တွေးတောစရာများဖြစ်သည်။
ထိုသို့ တုံ့ပြန်ပြီးပေးသော ခန္ဓာကို လေ့လာကြည့်လျှင်လည်း ရွံဖို့ကောင်းသော၊ မကောင်းသော အရာများသာ တွေ့သည်သာ ဖြစ်သည်။ ထိုအရာများသည် ၃၂ မျိုးရှိပြီး ပါဠိအားဖြင့် သုံးဆယ့်နှစ် ကောဋ္ဌာသလို့ ခေါ်သည်။
ဆံပင်၊ မွေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့ ၊
နှလုံး၊ အသည်း၊ အမြှေး၊ အပြင်၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊
အစေး၊ ကျင်ငယ် တို့ဖြစ်သည်။
ခန္ဓာ၏ အတွင်းကို ခွဲခြမ်း၍ ကြည့်မည်ဆိုလျှင်၊ ကြည့်မကောင်းသည့် အရာများသာ တွေ့ရမှာ အမှန်ဖြစ်သည်။ စိတ်ခိုင်သော စာဖတ်သူများအဖို့ မိမိတို့၏ ခန္ဓာ သဘာဝ တရားသဘောကို ဤ download link တွင် ရှုမှတ်နိုင်ပါသည်။
ငါတို့ ခန္ဓာ၊ အမှန်ရှိက
ဖောက်ပြန်မမြဲ ရုပ်နာမ်တွေ၊
ထိတ်လန့်ဖွယ်ရာ၊ ဤခန္ဓာကို
မက်မောတွယ်တာ၊ နေ့စဉ်သာဖြင့်
အရိုး၊အသား လွန်ကြီးပွားဖို့၊
ဒို့များကြိုးစား၊ နေကြငြားလည်း၊
ကံနှင့်လူလာ ဖြစ်ကြတာမို့။
ညှာတာမထောက်၊ ဘေးရန်ရောက်က
ငဲ့ညှာမထောက်၊ ရောဂါရောက်က
လူလုံးမလှ၊ ပျက်ဆီးရသည့်
အမှန်ဖြစ်အင်၊ ဥာဏ်နှင့်မြင်။
နှလုံးသားမေတ္တာရှင်
(၂၉-၃-၂၀၁၃) နံနက်(၉း၄၈)နာရီ