မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..
Tuesday, 14 April 2015
မဖျားမနာ ကျန်းမာအာင် နေနည်း
စာအုပ်၏ အမည်သည် မဖျားမနာအောင် နေနည်း ဖြစ်သည်။ စာရေးသူ မင်းစံအိမ် ရေးထား၍ ဒေါက်တာ ဖြူဝေလွင် တည်းဖြတ်ထားသည်။ မူရင်းစာရေးသူ Dr. Hiromi Shinya ၏ ရေးသားချက်များကို ဘာသာပြန်ထားသော စာအုပ် တစ်အုပ် ဖြစ်ပါသည်။ ထိုစာအုပ်တွင် ပါဝင်သော ကျန်းမာရေး အချက်များကို အကျဉ်းချုပ် ပြောပါမည်။
ခန္ဓာကိုယ်တွင်း၌ အင်းဇိုင်းဓါတ်သည် မရှိမဖြစ်လိုသည်။ ကိုယ်တွင်းက အင်းဇိုင်းဓါတ်ကို အလွန်အကျွံ ကုန်ဆုံးမှု မဖြစ်အောင် အစွမ်းကုန် ဆင်ခြင်ထိန်းသိမ်းသွားဖို့ လိုသည်။ အရက်များများသောက်ခြင်းရဲ့  ဆိုးကျိုးတစ်ခုသည် အင်ဇိုင်းကို လျော့စေသည်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မကောင်းတဲ့ အစားအသောက် အနေအထိုင် အစွဲအလေ့ရှိခြင်း၊ ဆေးစားဆေးသောက်များခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် လျှပ်စစ်သံလိုက်လိုင်းသင့်မှု စသည်များသည်လည်း အင်ဇိုင်းကို လျော့စေပါသည်။
ဝမ်းချုပ်၊ ၀မ်းပျက်၊ အိပ်မပျော်၊ ပခုံးပတ်လည်ရောင် အစရှိသည့် ရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်မှာ
အန္တရာယ်ရှိကြောင်းဆိုတဲ့ သတိပေးဖော်ပြချက်များ ဖြစ်နိုင်၍ လစ်လျူ ရှု မထားသင့်ပါ။
၁။ ဒိန်ချဉ်သောက်ရင် အစာအိမ်အတွက် အကျိုးရှိသည်။ နွားနို့သောက်ရင် ကယ်စီယမ် ဖြည့်နိုင်သည်။
၂။ Low Calorie / High Protein လို့ ရေးထားတဲ့ Ready Made အစာတွေကို များများစားသင့်သည်။
၃။ လက်ဖက်ရေနွေးကြမ်း များများ သောက်သင့်သည်။
၎။ ရေကို ဆူနေအောင် တည်ပြီးသောက်သည်။
အထက်မှာ ပါရှိတဲ့ အချက် ၄ ချက်ဟာ လူအများ လက်ခံထားကြသော မှားယွင်းသော ကျန်းမာရေး ယူဆချက်များဖြစ်သည်။ ဒိန်ချဉ်နေ့တိုင်းသောက်တဲ့ လူတွေရဲ့  အစာအိမ် လမ်းကြောင်း ကောင်းသူကို တွေ့ရခဲသည်။ နွားနို့ နေ့တိုင်း သောက်တဲ့ လူတွေမှာလည်း အရိုးပွနေကြတာကို တွေ့ရသည်။
လက်ဖက်ရေနွမ်း အရမ်းသောက်ချင်တဲ့သူများ ထမင်းစားပြီးမှသာ သောက်သင့်သည်။ ၁ ရက်မှာ ၂ - ၃ ခွက် သောက်တာ အသင့်တော်ဆုံးဖြစ်သည်။ အစာအိမ်အတွက် Vitamin A လိုအပ်သည်။ အစာအိမ် မသက်မသာဖြစ်တိုင်း အစာအိမ်ဆေးကို အမြဲတမ်း မသောက်ပါနဲ့။ အင်ဇိုင်းပါတဲ့ အာဟာရ ဓါတ်စာကိုသာ သုံးစွဲပါ။ ညစာကို အိပ်ရာဝင်ချိန် ၄ - ၅ နာရီ ခွာပြီး စောစော စားပါ။ အိပ်တဲ့အခါမှာ ဗိုက်ထဲ အစာ မရှိတာဟာ အကောင်းဆုံးပါ။ မလိုအပ်ပဲ ပဋိဇီဝဆေးတွေကို မသုံးသင့်ပါ။ ပဋိဇီဝဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ဆိုတာ ရှိမြဲဖြစ်သည်။ ၀မ်းတစ်လုံးကောင်း၊ ခေါင်းမခဲဆိုတဲ့ အတိုင်း ၀မ်းတွင်း အစာအိမ် ကျန်းမာရေးကို ဂရုစိုက်ပါ။
အင်ဇိုင်းကြွယ်ဝတဲ့ အစာတွေကို နေ့စဉ်ရွေးစားပါ။ အစာကို ကြေညက်အောင် ၀ါးစားပါ။ နွားနို့သောက်လွန်းခြင်းသည်၊ ဒိန်ချဉ်ကို နေ့တိုင်း များများသောက်ရင်လည်း အကျိုးမများစေနိုင်ပါ။ ကျန်းမာအောင် အစားအစာကို ရွေးစားပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ နွားနို့၊ ထောပတ် ဖြတ်ပါ။ ကိုယ်ကြိုက်လို့ဆိုပြီး အကန့်အသတ်မရှိ အစား၊အသောက် မပြုပါနဲ့။ သစ်သီး၊ အရွက်စားပါ။
ငါး၊ ပုဇွန်၊ ပင်လယ် ကျောက်ပွင့်တွေမှာ Calcium တွေပါဝင်သဖြင့် ထိုအစာတွေကို စားပါ။ ရက်လွန်နေတဲ့၊ အောက်ဆီဂျင်နဲ့ ထိတွေ့မှုများပြီးသော၊ သံချေးတက်နေတဲ့ အစားအစာများကို မစားသင့်။ Ready Made, Preserve Food များကိုလည်း မစားစေလိုပါ။ အဆီရွှဲရွှဲ မစားသင့်ပါ။ ငါးအမျိုးမျိုး စားပါ။ ကောက်နှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်အမျိုးမျိုးကို စားပါ။
နွားနို့အရမ်းသောက်ချင်ပါက ရံဖန်ရံခါ ညစ်ယူခါစ အပူမပေးရသေးသော လတ်လတ်ဆတ်ဆတ် နွားနို့မျိုးကို အနည်းငယ်သောက်ပါ။ ဟင်းသီးဟင်းရွက် ၈၅ % နှင့် အသား ၁၅% မျှတစွာ စားပါ။ ဆန်လုံးညိုမှာ အာဟာရပိုပါဝင်သည်။ ဂျုံကြမ်းကို ဦးစားပေးစားပါ။ အစာ စားရင်လည်း ညက်အောင်ဝါးပြီး ဖြည်းဖြည်းမျိုပါ။ ၁၀ပုံမှာ ၈ပုံ ပြည့်ရုံသာ စားပါ။
ဟင်းသီးဟင်းရွက် ၈၅% တွင် ကောက်နှံ ၅၀% နှင့် ဟင်းသီးဟင်းရွက် ၃၅% ပါဝင်သည်။ အိပ်ခါနီး နွားနို့သောက်ခြင်းမျိုးကို ရှောင်ပါ။ ထမင်းစားဖို့ ၁နာရီအလိုမှာ ရေများများ သောက်ပါ။ အစားအသောက်လွန်ကျူးတာမျိုး မဖြစ်အောင်ရှောင်ပါ။ ပုံမှန်ဝမ်းသွားစေပါ။
မနက်ပိုင်း
မနက်ပိုင်း ၆နာရီ အိပ်ယာထသည်။ မနက်တိုင်း နိုးတာနဲ့ ခြေလက်လှုပ်ရှားမှုကို အိပ်ယာထဲမှာပဲ အရင်လုပ်သည်။ အဲဒီနောက် ခုတင်က ဆင်းပြီး ပြတင်းပေါက်ဖွင့်ကာ လတ်ဆတ်တဲ့လေကို ပြင်းပြင်းရှူသွင်းသည်။ အဆုတ်ထဲက လေညစ်တွေကို လတ်ဆတ်တဲ့လေနဲ့ ဖလှယ်ပစ်သည်။
ပြီးရင် ခုတင်ပေါ်ပြန်တက်ပြီး ပက်လက်လဲလျောင်းသည်။ လက်နှစ်ဖက်ကို ဘယ်ညာချိတ်ပြီး အပေါ်ဘက် မတင်သည်။ ခြေနှစ်ဖက်ကိုလည်း ဘယ်ညာချိတ် အပေါ်ဘက် မတင်သည်။ အဲဒီနောက် လက်အစုံ၊ ခြေအစုံကို အပေါ်ဘက် မတင်တဲ့ လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ယူသည်။
တစ်ဖန် သွေးပူအောင် ပျော့ပျောင်းညင်သာတဲ့ ကိုယ်လက်လေ့ကျင့်ခန်းမျိုးလုပ်ပြီး ကိုယ်တွင်းက သွေးနဲ့ ပြန်လည်လှည့်ပတ်မှုကို ကောင်းကောင်းနိုးထစေပါသည်။
တစ်ကိုယ်လုံးသွေးပူလာပြီးနောက်မှာ ခုတင်ပေါ်ပြန်ဆင်းပြီး လက်ဗလာဖြင့် ရင်ဖွင့်လေ့ကျင့်ခန်းကို ဘယ်ညာလှည့်ပြီး အကြိမ် ၁၀၀ စီရအောင် လုပ်သည်။ ပြီးရင် နောက်ဆုံးအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ၅မိနစ်ကြာ ဆက်လုပ်သည်။
ဒီလိုလုပ်ပြီးနောက်မှာ အပူချိန် ၂၀ ဒီဂရီစီ ခန့်ရှိတဲ့ ရေနွေးနွေးကို ၅၀၀-၇၀၀ စီစီ သောက်ပါသည်။ မိနစ် ၂၀ အကြာ ရေတွေအားးလုံး အူထဲဝင်ရောက်သွားချိန်မှာတော့ အင်ဇိုင်းကြွယ်ဝစွာပါဝင်တဲ့ သစ်သီး လတ်လတ်ဆတ်ဆတ်ကို အနည်းငယ် စားပါသည်။
မိနစ် ၃၀-၄၀ ကြာပြီးနောက်မှသာ မနက်စာကို စားသည်။ မနက်စာမှာ ဆန်နက်နဲ့ အခြားကောက်ပဲသီးနှံ ၅-၇ မျိုး ရောချက်ထားတဲ့ ထမင်းကို အဓိက စားပါသည်။ ဟင်းအဖြစ် ဟင်းရွက်၊ ပဲ နဲ့ ပင်လယ်ရေညှိတွေ စားပါသည်။
နေ့လယ်ပိုင်း
၁၁နာရီလောက်မှာ ရေ ၅၀၀ စီစီကို အရင်သောက်သည်။ မိနစ် ၃၀ အကြာမှာ သစ်သီး အနည်းငယ် စားသည်။ သစ်သီး မစီစဉ်ထားရင်လည်း မစားပဲ နေသည်။
ဒီမှာ ကြုံလို့ အနည်းငယ် တင်ပြလိုသည်။ လူအတော်များများကတော့ ထမင်းစားပြီးမှ သစ်သီးကို အချိုစာအဖြစ် စားသုံးတတ်ကြသည်။ ထမင်း မစားခင် မိနစ် ၃၀ အလိုမှာ သစ်သီးစားတာဟာ ပိုကောင်းကြောင်း အကြံပြုလိုသည်။
အင်ဇိုင်းကြွယ်ဝတဲ့ လတ်ဆတ်တဲ့ သစ်သီးဟာ အစာကြေလွယ်သည်။ ထမင်း မစားခင် စားခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အကျိုးရှိသည်။ သွေးထဲက အချိုဓါတ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ အစားအသောက် လွန်ကျွံစွာ မစားမိအောင် ကာကွယ်ပေးနိုင်သည်။
ထမင်းစားရာမှာ အစိမ်သုပ်တွေလို အပူပေးစရာ မလိုရုံသာမက အစာကြေလွယ်တဲ့ အစာမျိုးကို နည်းနည်းဖြစ်ဖြစ် စားဖြစ်အောင် စားပါသည်။ အထူးသဖြင့် ငါး၊ အသားလို တိရစ္ဆာန် ပရိုတင်းပါတဲ့အစာတွေ မစားခင်မှာ အဲဒီလို အစိမ်းသုပ်မျိုး အနည်းငယ် စားပေးတာ ပိုကောင်းသည်။
ဟင်းသီးဟင်းရွက်တွေကို အစိမ်း မစားသင့်တာမို့ ဟင်းသီးဟင်းရွက်တွေကို အပူအနည်းငယ်ပေးပြီးမှ စားလေ့ရှိသည်။ ချက်ပြုတ်ချိန် ကြာရှည်လွန်းရင် အင်ဇိုင်းတွေရဲ့  နိုးကြွအား ဆုံးပါးသွားနိုင်လို့ ရေဆူဆူမှာ ၂မိနစ် သာပြုတ်ပြီး စားလေ့ရှိသည်။ နေ့လယ်စာ ထမင်းကို အိမ်ချက်ပဲ စားသည်။ တစ်ခါတစ်ရံ မိတ်ဆွေတွေနဲ့ ထွက်စားရင်လည်း ဆန်မဲနဲ့ အရောကောက်နှံတွေ ချက်ထားတဲ့ ထမင်းကိုပဲ ဦးစားပေး စားလေ့ရှိသည်။
ထမင်းစားပြီးနောက်မှာ မိနစ် ၂၀ - ၃၀ ခန့် အိပ်လေ့ရှိသည်။ နေ့ခင်း ခဏတဖြုတ် အိပ်ပေးခြင်းဖြင့် မနက်ပိုင်းက ပင်ပန်းမှုတွေကို ပြေပျောက်စေသည်။ ညနေခင်း အလုပ်တွေကိုလည်း ခေါင်းကြည်လင်စွာ လုပ်ကိုင်နိုင်သည်။
ညပိုင်း
နေ့လယ်စာ စားပြီးနောက်မှာ သရေစာကို အတတ်နိုင်ဆုံး ရှောင်သည်။ ညနေ၄နာရီလောက်မှာ ရေ ၅၀၀ စီစီ ထပ်သောက်သည်။ နာရီဝက်ကြာမှာ သစ်သီး အနည်းငယ် စားသည်။ ဒီနောက် မိနစ် ၃၀-၄၀ ကြာမှ ညစာ ထမင်းစားပါသည်။
ကျွန်တော် နေ့တိုင်း သစ်သီးတွေ အစားများလေ့ရှိသည်။ ထမင်းမစားမီ သစ်သီးစားပေးဖို့ အကြုံပြု တိုက်တွန်းလိုပါသည်။ ညစာထမင်းကိုလည်း လတ်ဆတ်တဲ့ အစာဖြစ်အောင် စီစဉ်ပြီး စားတဲ့အခါမှာလည်း ကောင်းကောင်းညက်ညက် ၀ါးစားသည်။ ဟင်းတွေကိုတော့ မနက်စာနဲ့ သိပ်မကွာအောင် စီမံထားပါသည်။
ကျွန်ေတာ်ဟာ အစာစားရာမှာ စကားသိပ်ပြောလေ့ မရှိပါ။ ပလုတ်ပလောင်းစားရင်း စားတာဟာ မယဉ်ကျေးတဲ့ အပြုအမူပါ။ အစာစားရာမှာ စကားမပြောတော့ အစာကို ညက်ညက်ဝါးနိုင်သည်။ အစာသီးတာ၊ လေပြွန်ထဲ အစာမှားရောက်တာ၊ လေတွေ စားသွင်းမိတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တာပေါ့။
ကော်ဖီ၊ လက်ဖက်ရည်ကြမ်းတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်သည်။ ဓါတ်မြေသြဇာ မသုံးတဲ့ စိုက်ထားတဲ့ ဆေးရွက်ဆေးမြစ်၊ ပန်းဂျုံ စေ့နဲ့ ဂျုံ စေ့တွေ တစ်မျိုးမျိုးကို ရေနွေးစိမ်ဖောက်ထားတဲ့ အရည်မျိုးသာ သောက်ပါသည်။ ဒီအရည်တွေ သောက်ရာမှာ အသိထားဖို့ကတော့ ဒီအစေ့၊ အရွက်တွေဟာ မီးပြလှော်ထားတာဖြစ်လို့ ဓါတ်တိုးတာ မဖြစ်အောင် လေလုံစွာ ထားပေးဖို့ လိုပါသည်။
ညစာကို ည၆နာရီခွဲ မတိုင်မီ အပြီးစားထားလေ့ရှိသည်။ ဒါပြင့် အိပ်ရာမ၀င်မီ အချိန်အထိ ဘာမှ ထပ်စားခြင်း မပြုတော့ပါ။ တကယ်လို့ နွေချိန်ဖြစ်လို့ ရေဆာရင် အိပ်ခါနီး တစ်နာရီအလိုလောက်မှာ ရေနွေးနွေး အနည်းငယ် သောက်ပေးတတ်သည်။ ဒါပေမယ့် ညအချိန်မှာ ရေသောက်တာ ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ကြောင်း အကြုံပြုလိုပါသည်။
နေ့လည်၊ နေခင်း မိနစ်၂၀လောက် အိပ်စက်ရုံ၊ (သို့မဟုတ်) တရားထိုင်ရုံနဲ့ ပင်ပန်းမှု ပြေစေတတ်ပါသည်။ ကိုယ်လက် လှုပ်ရှားမှုကို မျှတစွာ လုပ်ပါ။ (လွန်ကဲစွာ မလုပ်ရ)။ ဆဲလ်တွေ အားလုံး အသစ်ဖြစ်ပေါ်အစားထိုး လဲလှယ်ဖို့ ရက်ပေါင်း ၁၂၀ လိုပါသည်။ လိုက်နာဆောင်ရွက်မည့်သူများ ၄လလောက် စွဲစွဲမြဲမြဲ ဆောင်ရွက်သွားဖို့ အကြံပြုတိုက်တွန်းထားပါသည်။