ဒီနေ့ဟာ ၂၀၁၇ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေနေ့ အမေများနေ့ပါ။ အမေတိုင်း အမေတိုင်းဟာ မိမိတို့ရဲ့  ဝမ်းနှင့်လွယ်ပြီး သူတို့ရဲ့ အသက်တွေနဲ့ရင်းပြီး ခက်ခက်ခဲခဲ မွေးဖွားလာတဲ့ သား၊ သမီးတွေကို ချစ်ကြမှာပါ။
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ သူငယ်ချင်းတွေနဲ့ စုပြီး သူငယ်ချင်းတစ်ယောက်ရဲ့ ဖွားခါစ ကလေးငယ်ကို သွားကြည့်ခဲ့ပါတယ်။ သူတို့ရဲ့  အတွေ့၊ အကြုံ တွေကိုမေးကြ ပြောကြတာပေါ့။ ကလေးတစ်ယောက်ကို မွေးရ၊ ဖွားရတာ ကရိကထ များသား။
မမွေးခင်က ဂရုတစိုက်နဲ့ နေရ၊ စားရတာမျိုး။ မွေးပြီးတော့လည်း အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်နေရတာပါ။ ကလေးက အော်ငိုပြီးဆိုရင် ဆေးခန်းကို ပြေးရမလား၊ ဆေးရုံကိုပဲ ပြေးရမလား၊ အရေးပေါ်ကိုပဲ အရင်ခေါ်ရမလား အသင့်ရှိနေကြတာပါ။ နောက်ဆုံးတော့မှ ကလေးနို့တိုက်တာ နည်းလို့ ဗိုက်မဝလို့ အော်ငိုတာလို့ သိရတော့မှ ရယ်နိုင် ပြုံးနိုင်တော့တာပါ။
ကျွန်တော် ငယ်ငယ်က အဖြစ်ကို သတိရမိပါတယ်။ ကျွန်တော့်ကို မွေးဖွားခါစက အသားဝါလို့၊ မီးဖန်ချောင်ထဲမှာ မီးပြရတယ်လို့ ပြောပါတယ်။ အဲ့ဒါလည်း မသက်သာလို့ သွေးလှဲရပါတယ်။ ကျန်းမာရေး အတော့်ကို ချူခြာတာပါ။ မိဘတွေဟာ သူတို့ရဲ့  သား၊ သမီးတိုင်းကို ကျွေးမွေး ပြုစုဖို့ ဝန်မလေးကြပေမယ့်၊ အသက်အရွယ် ကြီးလာတဲ့အခါမှာတော့ သား၊ သမီးတွေဟာ သူတို့ရဲ့ မိဘတွေကို ပြန်လည် ကျွေးမွေး ပြုစုဖို့ ဝန်လေးတတ်ကြပါတယ်။
မေမေ့ကို ကျွန်တော် ချစ်တယ်လို့သာ ပြောပေမယ့်၊ အခုချိန်ထိ မေမေ့နားမှာ မေမေနဲ့အတူ အေးအတူ ပူအမျှ မနေနိုင်သေးပါဘူး။ မေမေ့ကို ချစ်တယ်လို့ ပြောတော့၊ ဖေဖေ့ကို မချစ်ဘူးလား မေးရင်၊ ဖေဖေ့ကိုလည်း ချစ်ပါတယ်လို့ ပြောရမှာပါ။ သိပ်မဝေးသော ကာလ တစ်ခုမှာ မိဘတွေနဲ့ အတူ အမိနိုင်ငံကို ပြန်ပြီး ကျေးဇူး ပြုမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ အမေများနေ့မှာ မိဘတွေရဲ့  ကျေးဇူးကို အမှတ်ရပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်။