မင်္ဂလာပါ .. ဆိုသော နှုတ်ခွန်းဆက်စကားကို ကျွန်တော် နှစ်သက်ပါသည်။ သို့ဖြစ်၍ ကျွန်တော့် ဘလော့ပေါ်မှာ မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ .. လို့ နှုတ်ခွန်းဆက်ပါသည်။ မင်္ဂလာတရား သုံးဆယ့်ရှစ်ပါး ရှိသည်လို့သာ သိခဲ့သော်လည်း၊ အဓိပ္ပါယ် အပြည့်အစုံ သေချာ မသိခဲ့ပါ။ ထိုကြောင့် မင်္ဂလာတရား video file ကို youtube မှာ ကျွန်တော်ရှာဖွေတွေ့ခဲ့သည်။
လူ၊ နတ်၊ ဗြဟ္မာ ဆယ့်နှစ်နှစ်တိုင်တိုင် ကြံစည်လို့ မရသော မင်္ဂလာတရားတော်ကို သာဝတ္ထိ ပြည် ဇေတ၀န်ကျောင်းတော်၌ သန်းခေါင်ယံအခါ နတ်သား တစ်ပါး တောင်းပန်လျှောက်ထားသောကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ထင်ရှား ဟောခဲ့သည်။
ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃) ပါး၊ နေရေး ထိုင်ရေး မင်္ဂလာ (၃) ပါး၊ သင်ယူရေး မင်္ဂလာ (၄) ပါး
ပြုစုရေး မင်္ဂလာ (၃) ပါး၊ လိုက်နာ ကျင့်သုံးရေး မင်္ဂလာ (၄) ပါး၊ ရှောင်ကြဉ်ခြင်း မင်္ဂလာ (၄) ပါး၊ စိတ်ထားရေးရာ မင်္ဂလာ (၅) ပါး၊ သည်းခံရေး မင်္ဂလာ (၄) ပါး၊ ခြိုးခြံရေး မင်္ဂလာ (၄) ပါး၊ စိတ်ထားခိုင်ခံရေး မင်္ဂလာ (၄) ပါး၊ စုစုပေါင်း မင်္ဂလာတရား (၃၈) ပါး ရှိပါသည်။
ပေါင်း ၍ နေ၊ ပြု၊ ..
သင်၊ လိုက်၊ ရှောင်၊ ရေး ..
သည်း၊ ခံ၊ ခြိုး ၍ ..
ကျင့်ကြံကြပါ ..
၃၈ဖြာ မင်္ဂလာ။
ပေါင်း၊ နေ၊ ပြု = ၃ x ၃ = ၉
သင်၊ လိုက်၊ ရှောင်၊ သည်း၊ ခြိုး၊ ခံ = ၄ x ၆ = ၂၄
ရေး = ၅ x ၁ = ၅
စုစုပေါင်း = ၃၈
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို နတ်လူအများ ကြံစည်ပေ၊
ဘယ်သင်းဘယ်ဟာ မင်္ဂလာ အစစ်ဟု၊ သေချာ ဇစ်မြစ် မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့၊ မင်္ဂလာအခင်း မပြီးပေ၊
မင်္ဂလာတရား ၀ါဒများ၊ ကွဲပြား နတ်လူတွေ၊
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့ မင်္ဂလာတွေ။
သာဝတ္ထိ ပြည်မွန်၊ ဇေတ၀န်ကျောင်းဝယ်၊ ကိန်းအောင်း ပျော်မွေ့ မြတ်စိန္တေ၊
သန်းခေါင်ယံခါ မထင်ရှားသည့်၊ နတ်သားတစ်ယောက် ချဉ်းကပ်လေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောကို၊ ထင်ရှားဟောဖို့ လျှောက်ပန်ချွေ၊
အသေ၀နာတရား၊ အစထား၊ ဟောကြား မိန့်ခဲ့ပေ၊
အဲဒါကြောင့် နာရ ကြားရ ကမ္ဘာ့ မင်္ဂလာတွေ။
ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃) ပါး
(၁) လူမိုက်တို့နှင့် မပေါင်းရခြင်း
(၂) ပညာရှိ လူလိမ္မာတို့ကို ဆည်းကပ်ရခြင်း
(၃) ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်း
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့် ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
နေရေး ထိုင်ရေး မင်္ဂလာ (၃) ပါး
(၁) သင့်တင့်လျောက်ပတ်သောအရပ်တွင် နေရခြင်း
(၂) ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း
(၃) မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းခြင်း
ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာ ဒေသ အမြဲနေ။
ရှေးက တင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှု အထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
သင်ယူရေး မင်္ဂလာ (၄) ပါး
(၁) အကြားအမြင် ဗဟုသုတရှိခြင်း
(၂) စက်မှုလက်မှု အတတ်ကို တတ်ခြင်း
(၃) ကျင့်ဝတ်စည်းကမ်းများကို သင်ယူလိုက်နာခြင်း
(၄) ကောင်းသောစကားကို ပြောဆိုတတ်ခြင်း
တတ်ကောင်း တတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ် တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
ပြုစုရေး မင်္ဂလာ (၃) ပါး
(၁) မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း
(၂) သားသမီး ဇနီးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း
(၃) သူတစ်ပါး မထိခိုက်သော အလုပ်ကို ပြုလုပ်ရခြင်း
မြင်းမိုရ် ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာ ဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စား ချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
လိုက်နာ ကျင့်သုံးရေး မင်္ဂလာ (၄) ပါး
(၁) လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း
(၂) တရားနှင့် အညီကျင့်ဆောင်ခြင်း
(၃) ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း
(၄) အပြစ်ကင်းသော အများအကျိုးပြု အလုပ်တို့ကို လုပ်ဆောင်ခြင်း
သုံးတန် စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်း ဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပစ်မထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
ရှောင်ကြဉ်ခြင်း မင်္ဂလာ (၄) ပါး
(၁) မကောင်းမှုတို့ကို ကြိုတင်ဆုံးဖြတ် ရှောင်ကြဉ်ခြင်း
(၂) ကျူးလွန်ခွင့်ကြုံလျက် မကျူးလွန်ဘဲ ရှောင်ခြင်း
(၃) အရက်သေစာ၊ မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း
(၄) ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင်၊ မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာတွေ၊
လုပ်ကိုင် ပြောကြား၊ သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
စိတ်ထားရေးရာ မင်္ဂလာ (၅) ပါး
(၁) ရိုသေထိုက်သူကို ရိုသေခြင်း
(၂) မာန်မာန မရှိခြင်း
(၃) နှစ်သိမ့် ရောင့်ရဲခြင်း
(၄) သူပြုဖူးသော ကျေးဇူးကို သိခြင်း
(၅) အခါအားလျော်စွာ တရားနာယူခြင်း
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ် ခစား ရိုသေသေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ့်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ် ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုး ဆင့်ပွါး၊ မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
သည်းခံရေး မင်္ဂလာ (၄) ပါး
(၁) သည်းခံ ခွင့်လွှတ်ခြင်း
(၂) ဆုံးမစကား နားထောင်လွယ်သူဖြစ်ခြင်း
(၃) ရဟန်းသံဃာတော်များကို ဖူးမြှော်ရခြင်း
(၄) အခါအားလျော်စွာ တရားဆွေးနွေးရခြင်း
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ် ကိုယ် ချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်း ပြညွန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ် ပုဂ္ဂိုလ် ဟူသမျှကို၊ မကြာ ခဏတွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
ခြိုးခြံရေး မင်္ဂလာ (၄) ပါး
(၁) အကုသိုလ်စိတ်များ ခေါင်းပါးအောင် ခြိုးခြံစွာ ကျင့်ခြင်း
(၂) မဂ်ဖိုလ်ရအောင် မြတ်သောအကျင့်ကို ကျင့်ခြင်း
(၃) သစ္စာလေးပါးတို့ကို သိခြင်း
(၄) နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာ ဗြဟ္မစိုရ် လက်ကိုင် သုံးလို့၊ သူမြတ် ကျင့်ထုံး ယွင်းမသွေ။
လေးပါး သစ္စာ ဥာဏ်မြင် ကြည်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
စိတ်ထားခိုင်ခံရေး မင်္ဂလာ (၄) ပါး
(၁) လောကဓံနှင့် ကြုံလာသောအခါ စိတ်ဓါတ် မတုန်လှုပ်ခြင်း
(၂) စိုးရိမ်ကြောင့်ကြမှု မရှိခြင်း
(၃) တပ်မက်မှု မရှိခြင်း
(၄) ကိလေသာ ဘေးရန်တို့မှ ကင်းကွာခြင်း
ဆင်းရဲ ချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုး နှစ်တန် အစုံတွဲလို့၊ တလှည့် စီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံစတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ၊
စည်းပွါးချမ်းသာ ကျက်သရေ တိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကျိန်းသေ၊
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာပန်းခိုင်တွေ။