မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Sunday, 18 January 2015

လွဲနေခဲ့သာ အတွေးများ

၁။ ဒေါသဖြစ်မည့်အစား လောဘဖြစ်နေသေးတာက မဆိုးဘူးလို့၊ အရင်က အဲ့သည်လို ထင်ခဲ့သလို ကိုယ်၊ ကိုယ်တိုင်လည်း အတီးသမားဖြစ်ချင်ခဲ့ဖူးပါသည်။ အခုတော့ ဘယ်လို အနုပညာရှင်မျိုးမှ ကျွန်တော် မဖြစ်ချင်တော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ အပါယ်ကို မရောက်ချင်လို့ဖြစ်ပါသည်။ မိမိရဲ့  ဖန်တီးမှု အနုပညာကြောင့် သူတစ်ပါးတွေ အကုသိုလ်စိတ်များ ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။

၂။ မိမိရဲ့  ဆန္ဒ၊ ပယောဂ မပါဘဲ၊ လမ်းသွားရင်း၊ မတော်တဆ နင်းမိပြီး သတ္တ၀ါတွေ သေကြေသွားတဲ့ အတွက်ကြောင့် အကုသိုလ် ဖြစ်နိုင်လား။ (မဖြစ်နိုင်ပါ)။ ဒါဆိုရင် သား၊ ငါး ဈေးတွေမှာ မိမိရဲ့  ဆန္ဒ၊ ပယောဂ မပါဘဲ၊ သေကြေပြီးဖြစ်တဲ့ သတ္တ၀ါတွေကို မိမိ အသက်ရှင်သန်ဖို့ မစား၊ မဖြစ်မို့၊ မိမိက စားရင် အကုသိုလ် ဖြစ်နိုင်လား။ (မဖြစ်နိုင်ပါ)။ လောဘနှင့် စားရင်တော့ အကုသိုလ် ဖြစ်ပါသည်။ သက်သက်လွတ်စားခြင်းသည် သီလ ယူသောအခါမှာ မပါဝင်ကြောင်းကို သတိပြုပါ။

၃။ ခွေးအကျင့်၊ နွားအကျင့်တွေကို သံသရာမှ လွတ်မြောက်ကြောင်း ဘာကြောင့်ယူဆပြီး ကျင့်ကြံရတာလဲဆိုတော့၊ ထိုသူတို့သည် မျက်မှောက်လောကမှာ မြင်တွေ့နေရတဲ့ "အကြွေးရှိ၊ အကြေဆပ်" နည်းကို ပုံတူကူးယူထားဟန် တူပါသည်။

ထိုသူတို့သည် ယခုလိုတွေးပါသည်။ အရင်ဘ၀က မကောင်းသော အကုသိုလ် အကြွေးတွေက ရှိနေပြီးဖြစ်သည်။ မျက်မှောက် ဘ၀မှာ မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်၊ မစားချင်တာတွေကို တွေ့ရ၊ မြင်ရ၊ ကြားရ၊ စားရ နေရသည်ဆိုသော အချက်ကြောင့် အရင်၊ အရင် ဘ၀တွေမှာ မကောင်းတာကို လုပ်ခဲ့ကြသည်ဆိုတာ သေချာပါသည်။

အကြွေးရှိရင်၊ မြန်မြန် အကြေဆပ်ရပါသည်။ သို့မဟုတ်ရင် အချိန်ကြာသည်နှင့် အရင်းပေါ် အတိုးဆင့်ပြီး ပိုများလာရင်၊ ပိုဆိုးပါလိမ့်မည်။ ကိုယ်လုပ်ခဲ့ရင်၊ ကိုယ်ခံရမည်။ ကြေသွားပြီဆိုရင်၊ ကိုယ်စံဖို့ အလှည့်ပဲရှိတော့သည်။ ထိုသူတွေက ယခုလိုမျိုး ယူဆပါသည်။

အရင်ဘ၀က ပြုလုပ်ခဲ့သော မကောင်းသော အပြစ်တွေကို ဒဏ်ခံသည့်အနေဖြင့် ခွေးအကျင့်၊ နွားအကျင့်လို နေထိုင်ပြီး၊ မြန်မြန် ခံလိုက်မည်၊ အကြွေးတွေ ကုန်သွားသည့်အချိန်တွင်၊ လွတ်မြောက်သွားမည်။ အဲသည်လို နေထိုင်ပြီး၊ အကြေဆပ်လိုက်မယ်ဆိုရင် မကောင်းသော အပြစ်၊ အကြွေးတွေ ကုန်သွားလို့၊ လွတ်မြောက်သွားမည် ဖြစ်သည်။ ထို့အတွက်ကြောင့် ခွေးအကျင့်၊ နွားအကျင့်တွေဟာ လွတ်မြောက်မည့် နည်းလမ်းလို့ ထင်ကြသည်။

ခွေးအကျင့်၊ နွားအကျင့်တွေသည် တကယ် လွတ်မြောက်နိုင်သည့် နည်းလမ်းဆိုရင်၊ ခွေး၊ နွား သတ္တ၀ါတွေအားလုံးသည် နိဗ္ဗာန်ကို အရင်ဆုံးရောက်နှင့်နေပြီး ဖြစ်မည် ဆိုတာ သတိထားစေချင်ပါသည်။

၎။ မိမိခန္ဓာထဲမှာ ရောဂါ ပိုးမွှားတွေ ရှိနေလို့၊ မိမိ နေမကောင်း ဖြစ်ကြသည်။ နေကောင်းဖို့ဆိုရင်၊ ရောဂါ ပိုမွှားတွေကို သေစေဖို့အတွက် ဆေးထိုး၊ ဆေးသောက်ဖို့ လိုအပ်သည်။ ထို့ကြောင့် ဆေးထိုး၊ ဆေးသောက်ခြင်းဟာ ရောဂါ ပိုးမွှားတွေကို သေစေသည့်အတွက် အကုသိုလ် ဖြစ်နိုင်လား ဆိုသော မေးခွန်းကို ကျွန်တော် မေးခဲ့ဖူးသည်။ သက္ကာယ ဒိဋ္ဌိကို နားလည်မည်ဆိုရင် ထိုမေးခွန်းကိုလည်း နားလည်ပြီးသား ဖြစ်သွားပါလိမ့်မည်။ စိတ်ထားတတ်ဖို့ သည်သာ အဓိက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မတွင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ရာဂါ ပိုးမွှားဆိုတာ မရှိသောကြောင့် ဖြစ်ပါသည်။ ဓမ္မ၌ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ်တရား ၄ပါးသာ ရှိပါသည်။

No comments:

Post a Comment