ထိုအကြောင်းများသည် အကျိုးများကိုဖြစ်စေတတ်သော သတ္တိရှိသည်။
ထို့ကြောင့် ဘယ်လိုသော အကြောင်းများသည် ဘယ်လိုသော အကျိုးများကို ဖြစ်စေတတ်သည်ကို သိထားသင့်လှသည်။
အဘိဓမ္မာတရားတော်တွင် ပါရှိသော အချို့ သော စိတ်တို့၏ ဖြစ်ကြောင်းကို မှတ်သားထားသရွေ့  ဤနေရာတွင် ပူဇော်လိုပါသည်။
သောမနဿ စိတ်ဖြစ်ကြောင်း (ဝမ်းမြောက်သော စိတ်ဖြစ်ကြောင်း)
၁။ သဘာဝဣဋ္ဌာရုံ = အလတ်တန်းစားလူတို့ နှစ်သက်အပ်သော အာရုံ
ပရိကပ္ပဣဋ္ဌာရုံ = ကိုယ်ထင်လျှင် ကုဋင်ရွှေနန်း ဆိုသည့်အတိုင်း တစ်စုံတစ်ယောက်၏ စိတ်ထဲ၌ ဣဋ္ဌာရုံဟု ထင်မှတ်လောက်သော
အနိဋ္ဌာရုံ တို့တွင် တစ်ပါးပါးနှင့် တွေ့ကြုံရခြင်း
၂။ သောမနဿ ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း နှင့်
၃။ စိတ်နေစိတ်ထား မလေးနက်ခြင်း တို့တည်း
ဤသုံးပါးတို့တွင် တစ်ပါးပါးတို့နှင့် ညီပါက သောမနဿ ဖြစ်လေတော့၏။
ပရိကပ္ပ သဘာဝ ၊ ပဋိသန္ဓေခဲ့ ၊ စိတ်နေစိတ်ထား မလေးနက်
(မှတ်ပါ) သောမနဿ ဖြစ်ကြောင်းကွဲ့ 
ဥပေက္ခာဖြစ်ကြောင်း
၁။ ဣဋ္ဌမစ္ဇျတ္တာရုံ (အလတ်စားအာရုံ) နှင့်တွေ့ကြုံရခြင်း
၂။ ဥပေက္ခာဖြင့် ပဋိသန္ဓေ နေခဲ့ခြင်း
၃။ စိတ်နေ သဘောထားလေးနက်ခြင်း
၎။ မူဂဓာတုကတာ = ထိုင်းမှိုင်းဖျင်းအခြင်း
ထိုင်းမှိုင်း ဖျင်းအ ၊ စိတ်ထားနက် ၊ ပဋိသန္ဓေခဲ့ ၊ အလတ်စား အာရုံ တွေ့ကြုံဆုံ
(မှတ်ပါ) ဥပေက္ခာ ဖြစ်ကြောင်းကွဲ့ 
ဒိဋ္ဌိဖြစ်ကြောင်း
၁။ သဿ တဒိဋ္ဌိ = ဒီဘဝသေတယ်ဆိုတာ ခန္ဓာသာပြောင်းတာ ဝိညာဉ်ကတော့ အတူတူပဲလို့ မြဲ၏ဟု ယူသောအယူ
၂။ ဥစ္ဆေဒဒိဋ္ဌိ = သေပြီးနောက် နောက်ဘဝဆိုတာမရှိဟု ယူသော အယူရှိခြင်း
၃။ မှားယွင်းတဲ့ အယူရှိသူများကို မြတ်နိုးလေးစားကာ ပေါင်းသင်း ဆက်ဆံနေခြင်း
မြဲတယ် မမြဲ အယူလွဲ ၊ နှစ်ပါးဒိဋ္ဌိကွဲ့ 
မှားယွင်းသူကို ပေါင်းသင်းဆံ
(မှတ်ပါ) ဒိဋ္ဌိ ဖြစ်ကြောင်းကွဲ့ 
အသင်္ခါရိကဖြစ်ကြောင်း
၁။ အသင်္ခါရိကကံကြောင့် အသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေရခြင်း
၂။ ခန္ဓာကိုယ်၏ ခိုင်ခံ့ကျန်းမာခြင်း
၃။ နေပူမိုးရွာ၊ ဆောင်းနွေခါတို့၌ အချမ်းအပူကို ဂရုမစိုက်ခြင်း
၎။ လုံ့လ ဝီရိယအကျိုးကို မျှော်ကိုးယုံကြည်ခြင်း
၅။ လုပ်နေကျအလုပ်၌ လေ့အကျင့်ရခြင်း
၆။ ဥတုဘောဇဉ်တို့ မျှတခြင်း
(အသင်္ခါရိ) ပဋိသန္ဓေ ၊ ခန္ဓာ ခိုင်ခံ့ ၊
နေပူမိုးဆောင်း အချမ်းအပူ ဂရုမစိုက် ၊ လုံ့လ ဝီရိယ မျှော်ကိုးယုံကြည် ၊
လုပ်နေကျ၌ ၊ ဘောဇဉ် ဥတု မျှတခြင်းသည်
အသင်္ခါရိက ဖြစ်ကြောင်းတည်း
ဒေါသဖြစ်ကြောင်း
၁။ ဒေါသဓာတ်ခံ ပါလာသူ
၂။ စိတ်သဘောထား သေးနုပ်သူ
၃။ အကြားအမြင် ဗဟုသုတ နည်းပါးခြင်း
၎။ အနိဋ္ဌာရုံနှင့် တွေ့ကြုံရခြင်း
စိတ်ထားသေးနုပ် ၊ ဒေါသခံ ၊ အကြားအမြင်နည်း ၊ အနိဋ္ဌာရုံ တွေ့ကြုံဆုံ
(မှတ်ပါ) ဒေါသ ဖြစ်ကြောင်းကွဲ့ 
ဉာဏသမ္ပယုတ်စိတ်ဖြစ်ကြောင်း
၁။ မည်သည့်ကောင်းမှုမဆို ရှေးပြုစဉ်အခါတုန်းက ဤကောင်းမှုကြောင့် ဖြစ်ရာဘဝ၌ ဉာဏ် ပညာထက်မြက်သူ ဖြစ်ရပါလို၏ဟု ဆုတောင်း၍ ကောင်းမှုပြုခဲ့လျှင် ထိုကုသိုလ်ကံ အကျိုးပေးရာ ဘဝ၌ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရသည်။
၂။ ရူပဘုံ၌ ဥတုသပ္ပါယ မျှတခြင်း ၊ လောကီအာရုံကာမဂုဏ် ကင်းဆိတ်ခြင်း ၊ ဒေါသ ဗျာပါဒ မရှိခြင်း ၊ ဤအကြောင်းတို့ကြောင့် ဉာဏသမ္ပယုတ်စိတ် အဖြစ်များ၏။
၃။ သတ္တဝါတို့သည် ငယ်ရွယ်စဉ်အခါ၌ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ညွှတ်နေခြင်း ၊ သမာဓိနည်းပါးခြင်း ၊ လောကီ ၊ လောကုတ္တရာ ဆိုင်ရာတို့၌ အကြားအမြင် ဗဟုသုတ နည်းပါးခြင်းတို့ကြောင့် ဉာဏ်ရှိသင့်သလော မရှိသေး။ အသက် ၄ဝ ကျော် ၅ဝ အတွင်း ကို ပညာဒသက ဟု ဆို၏။ ထိုအရွယ်ကျမှ ကာမဂုဏ်စိတ် နည်းပါး သမာဓိကြီးမား၍ ဗဟုသုတလည်း များသဖြင့် ဉာဏ်ထက်မြက်ကြပေသည်။ ထိုအခါ ဉာဏသမ္ပယုတ် အဖြစ်များသည် ဟူလို။
၎။ ငယ်ပင်ငယ်သော်လည်း ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေသူဖြစ်လျှင် သို့မဟုတ် ပညာရေး၌ ဂရုစိုက်နေသူဖြစ်၍ ကိလေသာ နည်းပါးသူဖြစ်လျှင် ဉာဏ်ပညာ ထက်မြက်တတ်၏။
၅။ တိဟိတ်ပဋိသန္ဓေနေခဲ့သူ၌လည်း မူလရင်း ပဋိသန္ဓေမျိုးစေ့က ဉာဏ်ဓာတ်ပါလာသဖြင့် ဉာဏသမ္ပယုတ်စိတ်များသာ ဖြစ်သည်။
တောင်းဆုပြခဲ့ ၊ ရူပဘုံ၌ အကြောင်းတို့ကြောင့် ၊ ပညာဒသက ၊
ငယ်ပင်သော်လည်း ဘာဝနာပွားသူ ၊ တိဟိတ်ပဋိသန္ဓေ နေသူတို့သည်
(မှတ်ပါ) ဉာဏသမ္ပယုတ် ဖြစ်ကြောင်းတည်း
အကြောင်းတိုက်ဆိုင်၍ အိန္ဒိယ သမ္မတဟောင်း အဒူဟလမ်၏ စကားကိုလည်း ဤနေရာတွင် ပြောလိုပါသည်။
မိမိတို့ရဲ့  အနာဂတ်ကို မိမိတို့ မပြောင်းလဲနိုင်သော်လည်း ၊ မိမိတို့ရဲ့ အကျင့်စရိုက်တို့ကို မိမိတို့ ပြောင်းလဲနိုင်ပါတယ် ၊
မိမိတို့ရဲ့  အကျင့်စရိုက်တွေက မိမိတို့ရဲ့  အနာဂတ်ကို သေချာပေါက် ပြောင်းလဲနိုင်ပါတယ်။
you cannot change your future, but you can change your habits, and surely your habits will change your future
- Dr. Abdul Halam
တဏှာ ရှိနေသေး၍ သံသရာ ဆက်ရဦးမည်ဆိုရင်တောင် ၊ ကောင်းသော အကျိုးများကို ဖြစ်စေတတ်သော ကောင်းသော အကြောင်းများကိုသာ ပြု ခွင့် ရ ပါ စေ ..