မျက်ရည်က ရုတ်တရက် ကျလာတယ်၊ စိတ်က အတိတ်အာရုံကို ရောက်သွားတယ်လေ။
တရားစခန်းအပြန် ညနေမှာ အမေနဲ့အတူသွားခဲ့တယ်၊ နှုတ်ဆက် ကန်တော့ဖို့ပေါ့။
ပလက်ကလေးလှဲနေရာက ကူထူပြီး ထိုင်စေလျက် အမေက အဖိုးကို မေးတယ်၊ ဒါဘယ်သူလဲ သိလားပေါ့။
သိပ်မမှတ်မိတဲ့ မျက်နှာအသွင်နဲ့ ကျွန်တော့်ကို သေချာကြည့်နေလေရဲ့ ။
အဖိုးမျက်နှာက ကျွန်တော့်ကို မှတ်မိပုံ မပေါ်ဘူးရယ်။
အဲဒါနဲ့ နှစ်ခေါက် သုံးခေါက်လောက် အမေက မေးတာပေါ့။
သေချာကြည့်ပြီး ဥက္ကဋ္ဌကြီးလားတဲ့ အဖိုးက ပြန်ဖြေတယ်။
သိလိုက်ပါတယ်၊ ကျွန်တော့်ကို ဘယ်သူနဲ့ အမှတ်မှားတယ်ဆိုတာ။
ဟိုဘက်က အဖိုး (ဖေကြီး) နဲ့ ကျွန်တော့်ကို အမှတ်မှားတာလေ။
အမှတ်မှားမယ်ဆိုရင်လည်း မှားလောက်ပါတယ်လေ။
ကျွန်တော်ရယ် ဟိုဘက်က အဖိုးတို့၊ မြေး အဖိုး နှစ်ယောက်ရဲ့  ခေါင်း ဆံပင် တော်တော်တူတာကိုး။
နောက်ပြောင်၊ ရှေ့ ပြောင်၊ ပြောင်ချင်သလို ပြောင်နေတာလေ။
သူများအတွက် ကြည့်ရ အဆင်ပြေ မပြေတော့ မသိဘူး၊ ကိုယ့်အတွက်က ရှင်းနေတယ် အေးနေတယ် ဆိုတဲ့ ခံစားမှုမျိုး ရတာတော့ အမှန်ပါ။
နောက်တော့မှ အမေက "အဲ့ဒါ မင်းမင်းလေ မှတ်မိလား" နှစ်ထပ်လောက် ပြောပြတယ်။
ကျွန်တော်ကတော့ အဖိုးမျက်နှာကိုပဲ ငြိမ်ပြီးတော့ ကြည့်နေမိတယ်။
ကုတင်နေရာကနေ ဧည့်ခန်းထိုင်ခိုင်ပေါ်ရောက်ပြီး တော်တော်လေးကြာပြီးမှ "မင်းမင်းလားတဲ့" အဖိုးရဲ့ အသံကို ကြားရတယ်။
အဖိုးကို ကန်တော့ပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။
ပြီးတော့ ကျွန်တော့်ကို "ကျန်းမာပါစေ၊ ချမ်းသာပါစေ" တဲ့ ဆုတွေ အထပ်ထပ် ပေးတော့တယ်။
ကျွန်တော့်စိတ်ထဲကတော့ ပြောပြလို့မတတ်တဲ့ ခံစားမှုမျိုး ရှိခဲ့ပါတယ်။
သံဝေဂ ရတယ်လို့ပဲ ဆိုပါရစေ၊ ဒါပေမယ့် ရာသက်ပန်တောထွက် တရားအားထုတ်ဖို့အထိတော့ မဖြစ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ တနင်္ဂနွေ (11.Dec.2016) မှာ ညီမလေးဆီကနေ message ရောက်လာတယ်၊ အဖိုး ဆုံးသွားပြီတဲ့။
ခွင့်ရက်ကလည်း မရှိ၊ စာမေးပွဲကလည်း ဖြေနေဆဲ အချိန်ကာလ ဆိုတော့၊ အဖိုး အသုဘ အစီအစဉ်ကို ကိုယ်တိုင် မသွားနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ကြားယောင်မိတာကတော့ "ကျန်းမာပါစေ၊ ချမ်းသာပါစေ" ဆိုတဲ့ အဖိုးရဲ့  ဆုတောင်းစကားလေးပါပဲ။
အရင်ကထက် ပိုပြီး လိမ်မာပါ့မယ်လို့ စိတ်ထဲမှာ အဖိုးနှင့် စကားပြောလိုက်ပါတယ်။
ဘဝအဆက်ဆက် သံသရာ အဆက်ဆက် ကျွန်တော် ပြုလုပ်သမျှ ကုသိုလ်ကောင်းမှုတို့ကိုလည်း အဖိုးကို အမျှပေးဝေပါတယ်။
သာဓုခေါ် အမျှရ၍ ကျန်းမာခြင်း၊ ချမ်းသာခြင်းသည် အဖိုးရဲ့ နောင်ဘဝတွေမှာ စင်စစ် မသွေ ဖြစ်ပါစေ ...
No comments:
Post a Comment