မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Monday, 4 April 2016

သီရိလင်္ကာ ဘုရားဖူး ခရီးစဉ် ပထမနေ့ (၁၉ရက်.မတ်လ.၂၀၁၆)

၂၀၁၆ခုနှစ် မတ်လ ၁၉ရက်နေ့ သီရိလင်္ကာစံတော်ချိန် မနက် ၁နာရီ ၄၀မိနစ်တွင် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ပါသည်။
စင်္ကာပူနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ၁၇၅၆မိုင် ကွာဝေးကြောင်း သိရပြီး၊ ပျံသန်းချိန် ၄နာရီနီးပါးရှိပါသည်။

ဒေသခံအပူချိန် ၈၆ဒီဂရီ ဖာရင်ဟိုက်ရှိပြီး သီရိလင်္ကာနိုင်ငံ၏ မြို့ တော်ဖြစ်သော ကိုလန်ဘိုမြို့ ၏ နိုင်ငံတကာလေဆိပ်ဖြစ်သော
ဘန်ဒါရာနိုင်ကီ (Bandaranaike International Airport, Comlombo) သို့ဆိုက်ရောက်ခြင်းဖြစ်ပါသည်။

အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်ခဲ့သည် အကြောင်းတူနေ၍လား မပြောတတ်၊
ရန်ကုန် နိုင်ငံတကာ မင်္ဂလာဒုံလေဆိပ်နှင့် တည်ဆောက်ပုံခြင်း တူညီနေသည်လို့ စိတ်ခံစားရပါသည်။

ရဟန်းသံဃာတွေကို ဦးဦးဖျားဖျား ၀န်ဆောင်မှုပေးတတ်သော၊ သီရိလင်္ကာနိုင်ငံသားတို့၏ ယဉ်ကျေးမှုဓလေ့ကို
လေယာဉ်ပေါ်မှ ဆင်းဆင်းခြင်း၊ လေဆိပ်အတွင်းမှာတင် မြင်တွေ့နိုင်ပါသည်။ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံနှုတ်ဆက်ရာတွင်
အာယုဘ၀န် (AyuBoWan) လို့ နှုတ်ဆက်လေ့ရှိပါသည်။ အသက်ရှည်ပါစေလို့ အဓိပ္ပါယ်ရပါသည်။
ကျွန်တော့်အနေဖြင့် ဂျိန်းဘွန်း၏ အာယုဘွန် လို့ တွဲမှတ်ထားလိုက်သဖြင့် မှတ်မိလွယ်နေပါသည်။ :D

သီရိလင်္ကာ၏ ထူးခြားသော ဘာသာရေးယဉ်ကျေးမှုမှာ ဗုဒ္ဓရုပ်ပွားတော်ကို ကျောပေးပြီး ဓါတ်ပုံမရိုက်စေခြင်း၊
နောက်ကျောထား၍ ဓါတ်ပုံရိုက်ခွင့်မပြု ခြင်း ဖြစ်ပါသည်။ လေဆိပ်အတွင်း၌ပင်  ကြည်ညိုဖွယ်ကောင်းသော ဗုဒ္ဓရုပ်ပွားတော်ကို
ဖူးမြော်၊ မြင်တွေ့နိုင်ပါသည်။



ဆက်ရန် ..

Saturday, 2 April 2016

သီရိလင်္ကာ ဘုရားဖူး ခရီးစဉ် နိဒါန်း

ဆရာတော်တစ်ပါး၏ ကျေးဇူးကြောင့် ၂၀၁၆ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံလေ့လာရေး ဘုရားဖူးခရီးထွက်ဖြစ်ခဲ့ပါသည်။
စင်္ကာပူစံတော်ချိန်၂၀၁၆ မတ်လ ၁၈ရက် သောကြာနေ့ ညသန်းခေါင်ကျော် ၁၂နာရီခွဲမှာ စင်္ကာပူမှ သီရိလင်္ကာနိုင်ငံသို့
လေယာဉ်ဖြင့်ခရီးစတင်ခဲ့ပါသည်။ စင်္ကာပူစံတော်ချိန်၂၀၁၆ မတ်လ ၁၉ရက် စနေနေ့ မနက် ၄နာရီ ၉မိနစ်မှာ သီရိလင်္ကာနိုင်ငံသို့
ဆိုက်ရောက်ပါသည်။

ယခုအချိန်ကာလတွင် စင်္ကာပူနိုင်ငံမှ သီရိလင်္ကာနိုင်ငံခရီးသွားဖို့အတွက် emirate singapore airway လေကြောင်းလိုင်းသည်
ဈေးနှုန်းသက်သာဆုံးဖြစ်ပါသည်။ emirate လေကြောင်းလိုင်းသည် ဒူဘိုင်းအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ဘိုးအင်း လေယာဉ်အမျိုးအစားကို အသုံးပြုသည်။ အသွားအပြန် လေယာဉ်လက်မှတ်အတွက် တစ်ယောက်ကို စင်္ကာပူဒေါ်လာ ၄၇၁ ကျသည်။



သီရိလင်္ကာနိုင်ငံခရီးထွက်ဖို့ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဗွီဆာ (visa) နှင့် လေယာဉ်လက်မှတ် ၀ယ်ဖို့လိုသည်။
အွန်လိုင်း အင်တာနက် (internet) မှ ဗွီဆာ ကြိုတင်လျှောက်ထားနိုင်သည်။ ကျသင့်ငွေ ယူဆက်ဒေါ်လာ ၅၀ (US$50) ဖြစ်သည်။
ဗွီဆာသက်တမ်း ၄လနီးပါးရှိပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရပါသည်။ အွန်လိုင်းဗွီဆာလျှောက်ရင် ချက်ချင်းဆိုသလို ဗွီဆာရပါသည်။ အောက်ပါ လင့်ဖြင့် ဗွီဆာလျှောက်ထားနိုင်သည်။
http://www.eta.gov.lk/slvisa/visainfo/center.jsp?locale=en_US


Passport နာမည်၏ နောက်ဆုံးစာလုံးကို Surname/Family Name တွင်ဖြည့်စွက်၍
ကျန်စာလုံးများကို Other/Given Name တွင်ဖြည့်စွက်ရသည်။


သီရိလင်္ကာနိုင်ငံသည် နွေနှင့်မိုး ရာသီနှစ်ခုရှိသော ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ ခရီးစဉ်အတွက် အပူဒဏ်ခံနိုင်ပြီး လျှောမကျသော
ဖိနပ်နှင့်ထီး ဆောင်သွားသင့်ပါသည်။ လမ်းခရီးကောင်းမွန်ပြီး ၂၄နာရီ လျှပ်စစ်မီးရရှိသည်။ သုံးပင်ပလပ်ခေါင်း အ၀ိုင်းနှင့် လေးထောင့်တို့ကို အသုံးပြုကြပါသည်။


ဆက်ရန် ...