မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Wednesday, 19 March 2014

ရောဂါ ဖြစ်စေတတ်သော အဓိက အကြောင်းရင်း


ရောဂါကို လိုချင်သော လူ၊ ရောဂါကို ဖြစ်စေလိုသော လူ၊ လောကတွင် ရှိသည်ဟု ကျွန်တော် မထင်ပါ။ ရောဂါ ခံစားရသည့်အခါတွင် ဝေဒနာပြင်းထန်သည့်အလျောက် ခံစားရခက်လှပါသည်။ တစာစာ၊ တကျီကျီ အော်နေရပါသည်။ ဘယ်သူ မပြု၊ မိမိမှု လို့ ပြောသလိုပဲ မိမိတို့၏ အနေအထိုင် အစားအသောက်သည် မိမိ၏ ကိုယ်ခန္ဓာကို ထင်ဟပ်ပေါ်လွင်စေပါသည်။ လူတယောက်၏ ကိုယ်ခန္ဓာကို လေ့လာကြည့်ရှုခြင်းဖြင့် ထိုသူ၏ အနေအထိုင် အစားအသောက်ပုံစံကို ပျမ်းမျှ ခန့်မှန်းနိုင်ပါသည်။

နေထိုင်မကောင်းဖြစ်သည့်အခါတွင် များသောအားဖြင့် ဆေးဝါးကုသမှုတမျိုးတည်းကို အားကိုးတတ်ကြပါသည်။ ထိုသို့ ဆေးဝါးကုသမှုခံယူခြင်းအပြင် ကိုယ်၊ စိတ်၊ ဥတု၊ အာဟာရ လို့ဆိုသည် ထိုလေးမျိုးတို့ကိုလည်း မျှတအောင် ပြုပြင်ပေးဖို့လိုအပ်ပါသည်။ ကိုယ်ခန္ဓာကို သန့်ရှင်းစင်ကြယ်အောင် နေရမည်၊ လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနားယူခြင်း စသည်တို့ ပြုလုပ်ပေးရသည်။ စိတ်ကို သန့်ရှင်း စင်ကြယ်၊ နူးညံ့နေအောင် ဘာသာတရားကိုင်းရှိုင်းခြင်း၊ လိုအပ်သလို စိတ်ပျော်ရွှင်အောင်ထားခြင်း၊ အနားယူခြင်း စသည်တို့ ပြုလုပ်ပေးရသည်။ ကိုယ်၊ စိတ် နှစ်ပါး သက်တောင့်သက်သာရှိစေရန် ကျန်းမာစေရန်အတွက် အပူအအေး ရာသီဥတုမျှတအောင် နေထိုင်တတ်ရသည်။ ကိုယ်ခန္ဓာ သန်စွမ်းကျန်းမာစေရန်အတွက် အာဟာရ မျှတအောင် မှီဝဲရသည်၊ သင့်တင့်လျောက်ပတ်သော အစာကိုလည်း သင့်တော်သလို မှီဝဲတတ်ဖို့ လိုအပ်ပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ ထို့ကြောင့် ရောဂါကိုဖြစ်စေတတ်သော အဓိက အကြောင်းရင်း သုံးမျိုးကို ကျွန်တော် စဉ်းစားမိခဲ့ပါသည်။ ထိုသုံးမျိုးမှာ
၁။ ကျန်းမာရေး အသိ နည်းပါးလွန်းခြင်း
၂။ ပျင်းရိလွန်းခြင်း
၃။ နှမြောတွန့်တို ကပ်စီးနည်းလွန်းခြင်းတို့ ဖြစ်ပါသည်။
ထိုသုံးမျိုးကို ကျွန်တော်တို့ အမှန်တကယ် ရှောင်ရှားသင့်ပါသည်။

အနာဖြစ်ကြောင်း ၈ ပါး ရှိသည်ဟု ဗုဒ္ဓစာပေမှ မှတ်သားခဲ့ပါသည်။
၁။ လေကြောင့်ဖြစ်သော အနာ
၂။ သည်းခြေကြောင့်ဖြစ်သော အနာ
၃။ သလိပ်ကြောင့်ဖြစ်သော အနာ
၎။ သန္နိပါတ်ကြောင့်ဖြစ်သော အနာ (လူစု လူဝေးမှ ကူးစက်နာ)
၅။ ဥတုဖောက်ပြန်သောကြောင့်ဖြစ်သော အနာ
၆။ ဘောဇဉ်ကြောင့်ဖြစ်သော အနာ
၇။ သူတပါးလုံ့လကြောင့်ဖြစ်သော အနာ
ဂ။ ကံကြောင့်ဖြစ်သော အနာ တို့ဖြစ်ပါသည်။

Sunday, 9 March 2014

ခန္ဓာကိုယ် အကြောင်းပြုပြီး ဖြစ်သော အကုသိုလ်စိတ်ကို ကာကွယ်ရန်


ဤမေ၀တ္ထု အနိစ္စ၊ ဒုက္ခ၊ အနတ္တ ၀ိပရိဏာမ ဓမ္မာ

ဤ သက်မဲ့ ရုပ်၊ အရာဝတ္ထုတို့သည် တည်မြဲခြင်း မရှိ၊ ဖြစ်ပြီး ပျက်တတ်သော သဘောရှိသည်၊ ကိုယ် စိတ် နှစ်ပါး ဆင်းရဲစေတတ်သောကြောင့်၊ ဆင်းရဲခြင်း အမှန်ဖြစ်သည်၊ မိမိ၏ သဘောသို့ လိုက်ပါသော သဘောမရှိ၊ အစိုးမရ သူ့သဘော သူသာ ရှိသည်၊ သင်္ခါရ ဓမ္မ သက်သက် ဖြစ်သည်။

ဤမေပုဂ္ဂလာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ၀ိပရိဏာမ ဓမ္မာ

ဤ သက်ရှိ ရုပ်၊ နာမ် နှစ်ဖြာရှိသော လူ၊ ပုဂ္ဂိုလ်တို့သည် တည်မြဲခြင်း မရှိ၊ ဖြစ်ပြီး ပျက်တတ်သော သဘောရှိသည်၊ ကိုယ် စိတ် နှစ်ပါး ဆင်းရဲစေတတ်သောကြောင့်၊ ဆင်းရဲခြင်း အမှန်ဖြစ်သည်၊ မိမိ၏ သဘောသို့ လိုက်ပါသော သဘောမရှိ၊ အစိုးမရ သူ့သဘော သူသာ ရှိသည်၊ သင်္ခါရ ဓမ္မ သက်သက် ဖြစ်သည်။

ဤသို့ ဆင်ခြင်ခြင်းဖြင့် မိမိတို့၏ သန္တာန်တွင် အကုသိုလ်စိတ် မဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါလိမ့်မည်။ အလှူဒါန မပြုမီ၊ ပြုဆဲ၊ ပြုပြီးတိုင်း အချိန်တွင်လည်း ဤသို့ ဆင်ခြင်သင့်ပါသည်။ အချိန်တော်တော်များများမှာ ဤသို့ ဆင်ခြင်နိုင်ရန် ကျွန်တော် တော်တော်လေး ကြိုးစားရပါဦးမည်။ မှန်မှန်ကန်ကန် ကြိုးစားသူတိုင်းတွင် ထိုက်တန်သော ရလဒ်ရှိရမည်မှာ ဧကန် အမှန်ပင် ဖြစ်ပါသည်။

Friday, 7 March 2014

မီးခွက်ဈေး

မီးခွက်ဈေးဆိုသည့် မြန်မာကားကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပါသည်။ လောကဒဏ် အဆိုး၊  အကောင်း နှစ်ဖြာကို ရင်ဆိုင်တွေ့ကြုံရသော မိသားစု ဘ၀၊ သရုပ်ဖော် ဇာတ်လမ်း ဖြစ်ပါသည်။ သာမန်လူ ပုထုဇဉ်တို့၏ သဘာဝအတိုင်း လောကဒဏ်ကို ရင်ဆိုင်တွေ့ကြုံရသောအခါ တုန်လှုပ်တတ်သည်မှာ ဓမ္မတာ ဖြစ်ပါသည်။ ဇာတ်လမ်း၊ ဇာတ်အိမ်၊ အသုံးအနှုန်းများ ကြမ်းသည်ဟု ဆိုစေကာမူ သရုပ်ဆောင် ညိုမင်းလွင်၏ သဘာဝဆန်ဆန် သရုပ်ဆောင်ထားတာကို မြင်တွေ့နိုင်ပါသည်။

မီးခွက်ဈေး (ပထမ ပိုင်း)




မီးခွက်ဈေး (ဒုတိယ ပိုင်း)



အဘိဓမ္မာ (စိတ် အကျဉ်း ၈၉ ပါး)

ပုဂ္ဂိုလ် သတ္တ၀ါမဖက်၊ ရုပ်နာမ်ဓမ္မသက်သက်ဖြစ်သောတရားသည် အဘိဓမ္မာမည်၏။ ရုပ်နာမ်ဓမ္မဟူသည် အမှန်တကယ်ရှိသော သဘာဝတရားများ ဖြစ်ကြသည့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြသည်။

စိတ်အကြောင်း
သိစရာအားလုံးကို သိတတ်သောသဘောသည် စိတ်မည်၏။
အဆင်းကိုမြင်လျှင် သိခြင်း (မြင်သိစိတ်)
အသံကိုကြားလျှင် သိခြင်း (ကြားသိစိတ်)
အနံ့ကိုနံလျှင် သိခြင်း (နံသိစိတ်)
အရသာကို စားလျှင် သိခြင်း (စားသိစိတ်)
အတွေ့အထိကို တွေ့ထိလျှင် သိခြင်း (တွေ့ထိစိတ်)
ထို ငါးမျိုးမှ တပါးသော တရားများကို သိခြင်းဖြစ်သည်။

သတ္တ၀ါတို့ကျင်လည်နေရသော ဘုံ ပေါ် မူတည်၍ စိတ် အမည် ၄ မျိုးရှိပါသည်။ စိတ် အမည် မရေတွက်မီ ဘုံကို အရင် ရေတွက်ကြပါမည်။

သတ္တ၀ါတို့ကျင်လည်နေရသော ဘုံ ၃၁ မျိုး ရှိပါသည်။ ၎င်းတို့မှာ

   အပ္ပါယ် ၄ ဘုံ
   ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ် ဆိုသော အပ္ပါယ် ၄ ဘုံ

   ကာမသုဂတိ ၇ ဘုံ
   လူ့ဘုံနှင့် နတ်ပြည် ၆ ထပ် ဆိုသော ကာမသုဂတိ ၇ ဘုံ
 
   ရူပ ၁၆ ဘုံ
   ရူပဗြဟ္မာ ၁၆ ဘုံ

   အရူပ ၄ ဘုံ
   အရူပဗြဟ္မာ ၄ ဘုံ

   အပ္ပါယ် ၄ ဘုံ + ကာမသုဂတိ ၇ ဘုံ + ရူပဗြဟ္မာ ၁၆ ဘုံ + အရူပဗြဟ္မာ ၄ ဘုံ = စုစုပေါင်း ၃၁ ဘုံ

ဘုံ အားဖြင့် ၃၁ ဘုံ ရှိပြီး၊ စိတ်အမည်အားဖြင့် ၄ မျိုး ရှိပါသည်။ ၎င်းတို့မှာ ကာမ၀စရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ် နှင့် လောကုတ္တရာစိတ် တို့ဖြစ်ကြသည်။

ကာမ၀စရစိတ် (၅၄ ပါး)
အပ္ပါယ် ၄ ဘုံ နှင့် ကာမသုဂတိ ၇ ဘုံ စုစုပေါင်းကို ကာမ ၁၁ ဘုံ လို့ခေါ်သည်။ ကာမ ၁၁ ဘုံ ၌ ဖြစ်ပွားတတ်သောစိတ်ကို ကာမ၀စရစိတ် လို့ခေါ်သည်။

ကာမတဏှာ၏ အာရုံဖြစ်သောကြောင့် ကာမဘုံ၌သက်ဝင်၍ဖြစ်သော စိတ်၊ တနည်း ကာမဘုံ၌ ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ်ကို ကာမ၀စရစိတ် ဟုခေါ်သည်။

ရူပါဝစရစိတ် (၁၅ ပါး)
ရူပဗြဟ္မာ ၁၆ ဘုံ ၌ ဖြစ်ပွားတတ်သောစိတ်ကို ရူပါဝစရစိတ် လို့ခေါ်သည်။

ရူပတဏှာ၏ အာရုံဖြစ်သောကြောင့် ရူပဘုံ၌သက်ဝင်၍ဖြစ်သော စိတ်၊ တနည်း ရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ်ကို ရူပါဝစရစိတ် ဟုခေါ်သည်။

အရူပါဝစရစိတ် (၁၂ ပါး)
အရူပဗြဟ္မာ ၄ ဘုံ ၌ ဖြစ်ပွားတတ်သောစိတ်ကို အရူပါဝစရစိတ် လို့ခေါ်သည်။

အရူပတဏှာ၏ အာရုံဖြစ်သောကြောင့် အရူပဘုံ၌သက်ဝင်၍ဖြစ်သော စိတ်၊ တနည်း အရူပဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ်ကို အရူပါဝစရစိတ် ဟုခေါ်သည်။

လောကုတ္တရာစိတ် (၈ ပါး)
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက တည်းဟူသော  လောက ၃ ပါးမှ လွတ်မြောက်သောစိတ်၊ တနည်း လောက ၃ ပါးထက် လွန်ကဲမြင့်မြတ်သောစိတ်ကို လောကုတ္တရာစိတ် ဟုခေါ်သည်။

ကာမ၀စရစိတ် (၅၄ ပါး) + ရူပါဝစရစိတ် (၁၅ ပါး) + အရူပါဝစရစိတ် (၁၂ ပါး) = လောကီစိတ် (၈၁ ပါး)

လောကီစိတ် (၈၁ ပါး) + လောကုတ္တရာစိတ် (၈ ပါး) = စုစုပေါင်း (၈၉ ပါး)

ဤသို့ဖြင့် စိတ်အကျဉ်း အမျိုးအစား ၈၉ ပါး ရေတွက် ရရှိပါသည်။ အကျယ်အားဖြင့်ဆိုရင်

လောကီစိတ် (၈၁ ပါး) + လောကုတ္တရာစိတ် အကျယ် (၄၀ ပါး) = စုစုပေါင်း (၁၂၁ ပါး) ရှိပါသည်။