မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..
Monday, 25 August 2014
၂၀၁၄ ခုနှစ်, စာကြည့်တိုက် ဝေယျာဝစ္စကုသိုလ် နှင့် ကျွန်တော်
မနေ့က တနင်္ဂနွေနေ့ ညနေ ၃နာရီ - ၆နာရီ, ယူးနို့စ် ဘူတာရုံ အနီး မင်္ဂလ၀ိဟာရ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စကုသိုလ် ပြုခဲ့သည်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကို ပြန်လည်နေရာ ချထားဖို့အတွက် လုပ်အားပေး ကုသိုလ် ပြုခဲ့ခြင်း ဖြစ်ပါသည်။
ဆရာတော်တစ်ပါး၏ ဦးဆောင်မှုဖြင့် စာအုပ်တွေကို အမျိုးအစားခွဲခြားနိုင်ခဲ့ပါသည်။ မှတ်မိသလောက် ပြောရမည်ဆိုရင် Life of Buddha, Teaching, literature, history, pali, and comparative တို့ဖြစ်ပါသည်။
လွယ်ကူ ရှင်းလင်း၍ ပြုလုပ်ရန် လွယ်ကူသော cataloging နည်းကို ကျွန်တော်တို့ သူငယ်ချင်း ၂ယောက် ကြိုတင် တိုင်ပင်ထားကြပါသည်။ ကွှန်တော်တို့၏ နည်းမှာ နံပါတ်စဉ်အတိုင်း ဖြစ်ပါသည်။
XXXXXXXX. XXXXXXXXX
[Book Id] . [Category Id]
ဥပမာ။ ။ Teaching နဲ့ ပတ်သက်သော စာအုပ်တွေကို [cateogry Id = 1] လို့ သတ်မှတ်လိုက်ရင်, ထို category တွင် ကျရောက်သော စာအုပ်နံပါတ်သည် [1.1, 2.1, 3.1, ... ] စသည်ဖြင့် စာအုပ်အရေအတွက်ရှိသလောက် [n.1] ဖြစ်သွားပါမည်။ စာကြည့်တိုက်တွင် ကွန်ပျူတာထားရှိပြီး Microsoft Office Excel program ကို သုံးဖို့ စီစဉ်ထားပါသည်။
ကိုယ်တိုင်က အိုင်တီ ကျောင်းသား တစ်ယောက်ဖြစ်နေလို့လား မပြောတတ်ပါ။ အလွယ်ဆုံး၊ အမြန်ဆုံး၊ အရှင်းဆုံးနှင့် အလုပ်ဖြစ်နိုင်ဆုံး cataloging နည်းလမ်းကို ရှာကြံခဲ့ခြင်းဖြစ်ပါသည်။
နာရီဝက်လောက် နောက်ကျပြီး ကျွန်တော် ရောက်သွားသည့်အချိန်တွင် စင်္ကာပူနိုင်ငံသား သက်ကြီး ၀ါကြီးတွေက သူတို့၏ cataloging နည်းနှင့် သူတို့၏ program ကို အသုံးပြုရန် စီစဉ်ပြီး ဖြစ်နေပါသည်။ သူတို့၏ နည်းနှင့် ကျွန်တော်တို့ ကြိုတင် စီစဉ်ထားသော နည်းတို့မှာ၊ အင်္ဂလိပ် အက္ခရာနှင့် နံပါတ်စဉ် သတ်မှတ်ရာမှလွဲ၍၊ များစွာ ကွာခြားမှု မရှိပါ။
သူတို့နဲ့ အတူ စာအုပ်များကို တူရာ စု၊ နေရာချခြင်း ပြုလုပ်ခဲ့ပါသည်။ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ထိုများပြားလှသော၊ အဖိုး မဖြတ်နိုင်သော စာအုပ်များကို မကြာမီ နေ့ရက်တွေမှာ ဖတ်နိုင်တော့မည်ဖြစ်ကြောင်း ယုံကြည်မိ၍ဖြစ်ပါသည်။
စာကြည့်တိုက်မှ ပြန်ထွက်ချိန်တွင် 'Manual of Abhidhamma' စာအုပ်ကို မျက်စိကျခဲ့ပါသည်။ ဆရာတော်က 'သူ့ထက်ကောင်းတဲ့ စာအုပ်ကို ပေးမည်ဟု' ဆို၍ ထို စာအုပ်ကို အသာပြန်ချထားခဲ့ပါသည် ခင်ဗျာ ..
Tuesday, 19 August 2014
မသေခင် ဖြည့်ဆည်းရမည့် ဘ၀ အရည်အသွေးများ
မြတ်စွာဘုရားရှင်က"မသေခင်သုတ္တန်"လို့ အဓိပ္ပာယ်ရတဲ့ "ပုရာဘေဒသုတ္တန်"မှာ မသခင်ဖြည့်ဆည်းရမယ့် ဘဝအရည်အသွေးတွေကို တစ်စုတစ်ဝေးတည်း ဟောကြားထားပါသည်။ မြင့်မြတ်တဲ့ လူသားတိုင်း
မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး ဘဝအရည်အသွေးတွေဖြစ်ပါတယ်..
မသေခင်မှာ တဏှာကင်းအောင် ကြိုးစားနိုင်ရင် အကောင်းဆုံးပါ.. လုံးဝမကင်းနိုင်ရင်တောင် နည်းနိုင်သမျှ နည်းရပါမယ်.. အစွန်းထွက်တဲ့တဏှာမျိုး လွန်ကဲဖောက်ပြန်တဲ့တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်..
ပြီးခဲ့တဲ့အတိတ်အကြောင်း ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ပဲ တွေးတောပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး.. မသေခင် ကိုယ်တစ်ကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်..
မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး..
ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှုအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်..
မသေခင်မှာ ကိုယ့်စိတ်ကို ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်..
ထစ်ကနဲရှိ ဒေါသထွက်တာမျိုး ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး.. သူလည်း တစ်နေ့သေ ကိုယ်လည်း တစ်နေ့သေမှာပါပဲ.. နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး.. တိုတောင်းလှတဲ့ ဘဝလေးကို စိတ်ပူလောင်မှုတွေနဲ့ အချိန်မဖြုန်းပစ်ပါနဲ့.. စိတ်အေးအေး ခေါင်းအေးအေးနဲ့ အရာရာကို "ယောနိသောမနသိကာရ"ထားတတ်ဖို့ အရေးကြီးပါတယ်..
လုပ်သင့်တာ မလုပ်မိခဲ့လေခြင်း မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရကာ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး.. အသိမှန် သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ် မလုပ်သင့်တာ မလုပ်ပဲနေရင် မသေခင် ကိုယ့်ဘဝဟာ ကျေနပ်စရာ ကောင်းနေပါပြီ..
ကိုယ့်ရဲ့ လက်ရှိဘဝကို မကျေနပ်ပဲ မရေရာမသေချာတဲ့ အနာဂတ်ဘဝကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး.. ကိုယ်နဲ့ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘဝကို ကျေကျေနပ်နပ်လက်ခံပြီး နေတတ်အောင်နေရပါမယ်.. ပစ္စုပ္ပန်ဘဝကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာဘဝတွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ..
ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ် ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်.. ကိုယ်လုပ်တာ ကိုယ်ပိုင်တာ လူတကာကို လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာမှအကျိုးမပြုပါဘူး.. ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုးကိုလည်း မပြုလုပ်ပါနဲ့.. လိမ်ညာဖန်တီးပြပြီး နာမည်ကြီး လာဘ်ပေါ ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘဝကို အမည်းရောင်ဆိုးနေတာပါပဲ..
မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားမကောင်းသူ(သီလမရှိသူ) မဖြစ်ပါစေနဲ့..
ကိုယ်အပြုအမူ နှုတ်အပြောအဆို စိတ်နေသဘောထား ကြမ်းတမ်းသူ မဖြစ်အောင်လည်း ဆင်ခြင်ပါ..
နှုတ်စောင့်စည်းသူ စကားကို ဉာဏ်နဲ့ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်.. အပိုစကားတွေ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို မသေခင် ကိုယ့်ဘဝလည်း ကျက်သရေရှိမလာပါ..
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘဝင်မမြင့်ပါနဲ့.. မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ..
ပစ္စည်း ရုပ်ရည် ပညာ အာဏာ သူများထက်သာတယ်လို့ ထင်နေတဲ့`အထင်´ကြီးနေတာပါ..
အထင်ဟာ အထင်ပါပဲ..တစ်ကယ်မဟုတ်ပါဘူး.. ကိုယ့်အထက်လူနဲ့ နှိုင်းယှဉ်တဲ့မာန
ကိုယ်နဲ့တန်းတူလူနဲ့ နှိုင်းယှဉ်တဲ့မာန ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့မာန စတဲ့
မာနသုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်..
သူ့ရေစက်နဲ့သူ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ ခင်ကြ အဆင်ပြေနေကြတာကို မနာလိုဝန်တိုဖြစ်ပြီး ကွဲပြားအောင် လှုံ့ဆော်သူ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့.. လူသားတွေရဲ့ မသေခင်ဘဝကို အရုပ်ဆိုးအကျည်းတန်စေတဲ့ မနာလိုမှု ဝန်တိုမှု(ဣဿာ..မစ္ဆရိယ)ကို တွန်းလှန်နိုင်ရပါမယ်..
ကိုယ့်ထက်သာ မနာလိုတဲ့စိတ် ကိုယ့်လိုပြည့်စုံမှာ ဝန်တိုတဲ့စိတ် လွှမ်းမိုးနေသူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ..
ကံ ကံရဲ့အကျိုးမရှိ ရှေးဘဝ နောက်ဘဝမရှိ အစရှိတဲ့ အယူမှားမိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်..
သေပြီးရင် အသက်ကောင် ဝိညာဉ်ကောင်လေး နောက်ဘဝလိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ သေပြီးပြတ်တယ် ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိတွေ ကင်းရှင်းရပါမယ်.. အယူမှားရင် အလုပ်မှားမယ် အလုပ်မှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုန်ပ္ပန်မှာရော သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်..
အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ဒါမစားရ ဒါမသောက်ရရင်မနေနိုင်တဲ့ တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရပါမယ်.. ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်.. မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်.. မြင်-မြင်ကာမျှ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန်တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ..
ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး.. လာဘ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု လူမှုရေး စီးပွားရာထူးတိုးတက်မှု သံသရာကောင်းစားမှုတွေကို လုံးဝမမျှော်ကိုးပဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ် သတ္တဝါအများကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြရပါမယ်..
အကောင်းအဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်.. ကိုယ်နဲ့ပတ်သက် ဆက်စပ်နေတဲ့ သက်ရှိတွေ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား ငါ့သမီး ငါ့ဇနီး ငါ့ခင်ပွန်း ငါ့အိမ် ငါ့မြေ ငါ့ပစ္စည်းဆိုပြီး ငါစွဲကြီးကြီး ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်.. "တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား"ဆိုတဲ့အသိ စွဲစွဲမြဲမြဲရှိနေရပါမယ်.. အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူတော့ပါဘူး.. ရှိပြီးတာ မရှိတော့လည်း မပူတော့ပါဘူး..
မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမားသူဖြစ်အောင် ကြိုးစားနေရပါမယ်..
လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘဝဖြစ်ရကျိုးနပ်ပါတယ်..
ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါပဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေပါနဲ့..
သိသင့်သိထိုက်တာမှန်သမျှ သူတစ်ပါးပြောတာယုံနေရုံလောက်နဲ့ မပြီးပဲ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်..
ကိလေသာဖြစ်မယ့်ကိစ္စ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်..
ဘာအလုပ်ပဲလုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့အလုပ် ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင် သတိထားရပါမယ်.. ကိလေသာအရင်းမခံပဲ အလုပ်လုပ်နေပါလျက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရပါမယ်..
ကိုယ်အပြုအမူဖြစ်သမျှ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ်ရှုမှတ်နိုင်တဲ့အတွက်ကြောင့် အာရုံကောင်းဆိုးအမျိုးမျိုးကို မချစ်မမုန်းပဲ ဥပေက္ခာပြု အညီအမျှရှုနိုင်တဲ့သူ ဖြစ်ရပါမယ်..
ချစ်ခြင်း မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမှုလည်း ကင်းရှင်းရပါမယ်.. အဂတိရဲ့လားရာဟာ ဒုဂ္ဂတိပါ.. လောကမှာ လူသားတွေ မလုပ်သင့်တာ မလုပ်ထိုက်တာလုပ် လုပ်သင့်လုပ်ထိုက်တာတွေ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ.. ကိလေသာခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေ ရှောင်ကြဉ်နိုင်လာပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ငင်နိုင်လာပါလိမ့်မယ်..
မလုပ်သင့်တာအားလုံး အကြွင်းမဲ့ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ဘဝလွတ်မြောက်မှုကိုရပါပြီ.. သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ..
ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့ အဖြစ်ဆိုး ဒုက္ခဆိုးတွေကထာဝရလွတ်မြောက်ပါပြီ
အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ပျော်စံနိုင်ပါပြီ.. ဒါကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ
အရေးအကြီးဆုံး ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ် ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ..
စေတနာမေတ္တာအရင်းခံဖြင့်-
[အရှင်ဆန္ဒာဓိက၏ဆောင်းပါးကို ကိုးကား ကောက်နုတ်ဖော်ပြပါသည်]
မှတ်ချက် ။ ။ အင်တာနက်သုံးရင်း အထက်ပါ ဆောင်းပါးတပုဒ်ကို အမှတ်မထင်တွေ့၍ ခေါင်းစဉ်၌ စိတ်ဝင်စားခဲ့ပါသည်။ ဆက်လက်ဖတ်ရှုရာ ဆောင်းပါးအဆုံး၌ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသော ဆောင်းပါး ဖြစ်နေကြောင်း သိခဲ့ရပါသည်။ ထိုဆောင်းပါးကို ကြိုက်နှစ်သက်သဖြင့် မူရင်းဖြစ်သော လမင်းကြယ်စင်၏ ဘလော့မှ အထက်ပါ ဆောင်းပါးကို တိုက်ရိုက် ကူးယူ ဖော်ပြပါသည်။ ထို့ပြင် လမင်းကြယ်စင်၏ ဘလော့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဗုဒ္ဓစေတီတော်များ အကြောင်းနှင့် အခြား ဗဟုသုတများကိုလည်း ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။
credit to >> လမင်း ကြယ်စင်
Tuesday, 12 August 2014
ကျန်းမာရေး အသိပညာ ဟောပြော ဖြန့်ဝေခြင်း
ကျန်းမာရေးသည် လာဘ်တစ်ပါး ဖြစ်သည်။ ကျန်းမာရေးကောင်းမှသာ မိမိတို့ ပြုလုပ်လိုရာ ကိစ္စအ၀၀ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မိမိ၏ ကျန်းမာရေးကောင်းခြင်းသည် သူတစ်ပါးကို အကူအညီပေးရာလည်း သက်ရောက်ပါသည်။
ကျန်းမာအောင်နေထိုင်နိုင်ဖို့အတွက် မှန်ကန်သော ကျန်းမာရေးအသိပညာကို သိရှိရန် အရေးတကြီး လိုအပ်သည်။ ဆောင်ရန်၊ ရှောင်ရန်တွေကို သိနားလည်ဖို့ လိုအပ်ပါသည်။ သို့မှသာ မိမိတို့၏ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါလိမ့်မည်။
မှန်ကန်သော ကျန်းမာရေးအသိပညာကို တစ်ဦးမှ တစ်ဦး လက်ဆင့်ကမ်းဖို့လည်း လိုအပ်ပါသည်။ ထိုသို့ လက်ဆင်ကမ်းခြင်းဖြင့် မိမိ၏ မိသားစုဝင်များ၊ မိမိ၏ ဆွေမျိုးသားချင်းများ၊ မိမိ၏ သူငယ်ချင်းများမှသည် နိုင်ငံတစ်ခု အမျိုးသားကျန်းမာရေး မြှင့်တင်ရေးအတွက် အထောက်အပံ့ပေးရာလည်း ရောက်စေပါသည်။
ကိစ္စတိုင်းတွင် အကျိုးကို ကြည့်ရုံနှင့်မရ၊ အကျိုးကို ဖြစ်စေတတ်သော အကြောင်းရင်းကို သိဖို့လည်း လိုအပ်ပါသည်။ လတ်တလော နေထိုင်မကောင်းဖြစ်နေသည် ဆိုပါစို့။
နေထိုင်မကောင်း ဖြစ်စေသည့် အကြောင်းရင်းကို မပြုပြင်ပဲ၊ လက်ရှိခံစားနေရသော နေထိုင်ကောင်းအောင်ဆိုတဲ့ အကျိုးကိုကြည့်ပြီး ဆေးထိုး၊ ဆေးသောက် လုပ်နေရုံနဲ့ ထိရောက်မှု မရှိနိုင်ပါ။
အကြောင်းရင်းကိုပါ ပြုပြင်ဖို့လည်း လိုအပ်ပါသည်။ ပြုပြင်ဖို့ဆိုရာတွင်လည်း မှန်ကန်သော ပြုပြင်ဖို့ပြုရန်အတွက် သိနားလည်ဖို့လည်း လိုအပ်ပါသည်။ ထို့ကြောင့် အရင် နားလည်အောင် လုပ်ကြပါစို့။
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
Wednesday, 6 August 2014
နိုင်ငံတော်အလံ
ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံရှိသည်။ နိုင်ငံတိုင်းမှာ မတူ၊ ကွဲပြားသော နိုင်ငံတော်အလံဆိုတာ ရှိမြဲဖြစ်သည်။ နိုင်ငံတော်အလံအဖြစ် သတ်မှတ်ရာတွင် နိုင်ငံတကာ စံသတ်မှတ်ချက် မရှိ၊ များသောအားဖြင့် နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုအရ သတ်မှတ်ကြပါသည်။ နိုင်ငံတော်အလံ အများစုသည် ထောင့်မှန်စတုဂံပုံစံ ရှိကြသော်လည်း ထူးထူးခြားခြားအနေဖြင့် နီပေါနိုင်ငံ၏ နိုင်ငံတော်အလံသည် အောက်တွင် မြင်ရသည့်အတိုင်း တြိဂံနှစ်ခုကို ထပ်ဆင့်ထားသည့်ပုံစံ ရှိသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ယခင် နိုင်ငံတော်အလံနှင့် ယခုလက်ရှိ နိုင်ငံတော်အလံကို အောက်တွင် ယှဉ်လျက် တွေ့နိုင်ပါသည်။
(ယခင်)
(ယခု)
ယခင် နိုင်ငံတော်အလံတွင် ပါဝင်သော သင်္ကေတ၏ အဓိပ္ပါယ်ကို ကျွန်တော်တို့ နိုင်ငံသားတိုင်း သိပြီးဖြစ်သည်။
ယခုလက်ရှိ နိုင်ငံတော်အလံအကြောင်းကို ကျွန်တော်သိရသလောက်ပြောရမည်ဆိုရင် အစိမ်းရောင်သည် ငြိမ်းချမ်းခြင်း သင်္ကေတ၊ အ၀ါရောင်သည် စုစည်းကျစ်လစ်ခြင်း သင်္ကေတ၊ အနီရောင်သည် ရဲစွမ်းသတ္တိ၏ သင်္ကေတ ဖြစ်ပါသည်။ အဖြူရောင်ကြယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သင်္ကေတ ဖြစ်ပါသည် ခင်ဗျာ။
Saturday, 2 August 2014
"ဆုံနေရက်နဲ့ လွမ်းလေခြင်း" ကျွန်တော်၏ မှတ်ချက်
ကျွန်တော့်ဘ၀တစ်လျှောက်တွင် ဖတ်ခဲ့ဖူးသမျှသော ၀တ္ထု၊ စာပေများကို ရေတွက်မည်ဆိုရင် လက်ချိုးရေတွက်ရလောက်အောင် နည်းပါးခဲ့သည်။ ဖတ်ခဲ့သမျှသော စာပေများသည် အများအားဖြင့် သုတစာပေများနှင့် ပုံပြကာတွန်းများ ဖြစ်နေတတ်ပါသည်။
ဝတ္ထု စာပေများကို ချစ်၊ ကြိုက်၊ ကွဲ၊ လွဲ ဆိုသည့် ဇာတ်ပေါင်းထုပ်ကြီးမှ မလွတ်သော အချိန်ကုန်သက်သက် စာပေများဟု တဖက်သတ် ထင်မြင်မှုမျိုး ကျဉ်းမြောင်းသည့် အမြင် ရှိခဲ့သည်ဟု ၀န်ခံရပေမည်။ ထို့ကြောင့်လည်း ရသစာပေများကို တမင် မဖတ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
သုတစာပေများတွင် မတွေ့နိုင်သော လူ့ဘ၀၊ လူ့ပတ်ဝန်းကျင်၊ လူနေမှုစရိုက်၊ လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ် စသည်များ ထင်ဟပ်သော ရသစာပေများလည်း ရှိနိုင်ပါသည်။ ထို ရသစာပေများမှ တဆင့် လူတွေနှင့် ဆက်စပ်သည့် ဗဟုသုတများလည်း ရရှိနိုင်သည် မဟုတ်ပါလော။ ကျွန်တော် လူမှုရေးကိစ္စများ မကျွမ်းကျင်ဘူး ဆိုတာလည်း ထိုစာပေမျိုး မဖတ်ဖြစ်ခဲ့လို့ ဖြစ်မှာပဲလို့ ကိုယ့်အထင်နဲ့ကိုယ် ဆက်စပ်တွေးမိပါသည်။
အရာရာတိုင်းတွင် ဟန်ချက်ဆိုတာ ရှိသည်။ ဟန်ချက်မှ လွန်သွားရင်၊ လွတ်ထွက်သွားရင် တစ်ဘက်စောင်းနင်းဖြစ်ပြီး ယုတ်လျှော့မှုဆိုတာ ရှိတတ်သည်။ ဟန်ချက်ဆိုတဲ့အရာကို စကားလုံး၊ ပုံစံ အမျိုးမျိုး အနေဖြင့် တွေ့ရတတ်ပါသည်။
ဥပမာ ကားတစ်စီးကို ဟန်ချက်ညီညီ ဘယ်လိုမာင်းမလဲ ဆိုတာကို ဂူဂယ် မှာ ကျွန်တော်ရှာနေကြပုံစံဆိုရင်
-> how to drive a car nicely ( how to .. nicely )
-> best practice to drive a car ( best practice to .. )
-> nice way to drive a car ( nice way to .. )
.. စသော စကားလုံးများဖြင့် တွေ့ရနိုင်ပါသည်။ ထို့ကြောင့် ဟန်ချက်ဆိုတဲ့ အရာကို နေရာတိုင်းတွင် ပုံစံတစ်မျိုးမျိုးဖြင့် ရှာတွေ့နိုင်ပါသည်။
အရင်တစ်ခေါက်က စာရေးဆရာမ ဂျူး ရေးသားသော ၀တ္ထုကို သူငယ်ချင်းတယောက်ဆီက ရ၍ ဖတ်ကြည့်ရာ ၄၊ ၅ ရွက်လောက်သာ ဖတ်ကြည့်ပြီး၊ ပြီးဆုံးသည်အထိ ဆက်မဖတ်ဖြစ်ခဲ့ပါ။ သူ့ဝတ္ထုများသည် ပျင်းရိဖွယ်ကောင်းသည်ဟု ထိုအချိန်ခါက ကျွန်တော် ထင်မိပါသည်။ သို့သော် ဆရာမ ဂျူး ဘာသာပြန်ထားသော အောက်ခြေသန်းတစ်ထောင် ဆိုတဲ့ စာအုပ်ကို ကျွန်တော်ဖတ်ဖြစ်ခဲ့ပြီး၊ ကျွန်တော် နှစ်ကြိုက်ခဲ့သည်။
ယခုလက်ရှိ ဆရာမ ဂျူး နောက်ဆုံးရေးသားထားသော ဆုံနေရက်နဲ့ လွမ်းလေခြင်း ဆိုတဲ့ ၀တ္ထုကို ကျွန်တော် ဖတ်ကြည့်ခဲ့ရာ စဖတ်ဖတ်ခြင်း၌ပင် ဆွဲဆောင်မှု ရှိပါသည်။ ဇာတိမြေ ဒေသခံ ရေနံချောင်းက အဖြစ်အပျက်နှင့် ပြင်သစ်ရောက် အဖြစ်အပျက် ယှဉ်တွဲရေးသားထားရာ၌ ထိမိ ဟပ်စပ်ပါသည်။
တစ်ဦးက အချစ်၊ တစ်ဦးက မေတ္တာ၊ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ မေတ္တာ
နှောင်ဖွဲ့ ထားသော ဇာတ်အိမ်လေးနှင့် အခြေပြုထားပြီး ၀တ္ထုတွင် ပါဝင်သော ကဗျာလေးတွေမှာလည်း အဓိပ္ပါယ်လည်း ရှိ၊ ကာရန်လည်း မိသည်။ (မေတ္တာနှင့် အချစ် မတူဘူးဆိုတာကို ဤ article တွင် ကျွန်တော် ပြောခဲ့ပြီး ဖြစ်သည်)။ ၀ါကျဖွဲ့ စည်းထားပုံမှာလည်း ပြေပြစ် ရိုးရှင်းပါသည်။ အောက်ခြေလူတန်းစားဘ၀မှ ကြိုးစားသော လူငယ်တစ်ဦး၏ ဘ၀ဇာတ်ကြောင်းလည်းပါသည်။
ဤကဲ့သို့ ပြေပြစ် ရိုးရှင်းသော စာအရေးသားမျိုးကို ရေးတတ်ချင်သော ကျွန်တော်၊ ဤကဲ့သို့ အောင်မြင်သော လူငယ်၏ဘ၀ကို အားကျတတ်သော ကျွန်တော်၊ ဤကဲ့သို့သော သုတေသနမျိုးကို စိတ်ဝင်စားတတ်သော ကျွန်တော့်အဖို့ ဤစာအုပ်သည် စာအရေးအသားကောင်းသော စာအုပ်တစ်အုပ် ဖြစ်သည် ဆိုသည်ထက် ကျွန်တော့်ကို ပုံရိပ်ကောင်းတစ်ခု စွဲကျန်စေခဲ့သည်ဟု ဆိုချင်ပါသည်။