စာအုပ်၏ အမည်သည် "စိတ်ညစ်ရင် ရေချိုးပါ" ဖြစ်သည်။ စာရေးသူ ဆရာတော် အရှင်ရာဇိန္ဒ၊ ရဝေနွယ် (အင်းမ) ဖြစ်ပါသည်။ ထိုစာအုပ်ကို မြန်မာအွန်လိုင်းစာအုပ်စင် ၀က်ဆိုဒ်တစ်ခုမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စာအုပ်နာမည်က ကျွန်တော့်၏စိတ်ကို စွဲဆောင်နိုင်ခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်သော ခေါင်းစဉ်များထဲမှ "စိတ်ညစ်ရင် ရေချိုးပါ" ဆိုတဲ့ ခေါင်းစဉ်တွင် ပါဝင်သော အကြောင်းအရာများကို အကျဉ်း ပြောလိုပါသည်။
ရေချိုးခြင်းသည် တရားထူးတရားမြတ် ရသွားစေသည် မဟုတ်သော်လည်း၊ ရေချိုးလိုက်ခြင်းသည် တရားအားထုတ်ရဖို့ အထောက်အပံ့ တစ်ခု ဖြစ်စေပါသည်။ ရေချိုးထားလိုက်တဲ့အတွက် စိတ်ရော၊ ရုပ်ရော ကြည်နေစေပါသည်။ စိတ်၊ ရုပ်ကြည်နေသည့်အတွက် တရားအားထုတ်ရတာလည်း ပိုပြီး အဆင်ပြေစေပါသည်။
ဝိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း ၇ပါး ကို ပြထားပါသည်။ အင်္ဂါ ၇ပါးမှာ ဒုတိယအင်္ဂါက ဥာဏ်ပညာပွားဖို့အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးရပါသည်။ ဆံပင်တွေ ရှည်နေခြင်း၊ ခြေသည်းလက်သည်းတွေ ရှည်နေခြင်း၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေခြင်းသည် အတွင်းဝတ္ထု မသန့်ရှင်းနေခြင်း ဖြစ်ပါသည်။
ကိုယ်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေခြင်း၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေခြင်း၊ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကျဲနေခြင်း၊ ပင့်ကူမျှင်တွေ ငြိတွယ်နေခြင်း၊ စာအုပ်တွေ ပြန့်ကြဲနေခြင်း၊ အမှိုက်တွေ ရှိနေခြင်း အစရှိသည်တို့သည် အပြင်ဝတ္ထု မသန့်ရှင်းနေခြင်း ဖြစ်ပါသည်။
အဲဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မည်။ စိတ်ရှုပ်လာရင် ဥာဏ်အမြင် မကြည်လင်တော့ပါ။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်နိုင်တော့ပါ။
ဒါကြောင့် ဆံပင်တွေ ရှည်နေမည်၊ ရှုပ်ထွေး ညစ်ပတ်နေမည်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရပါမည်။ ခြေသည်းလက်သည်းတွေ ရှည်နေရင် ညှပ်ပေးရပါမည်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမည်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူအပုပ်တွေ ရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ၀မ်းသက်စေတဲ့ဆေး စသည် စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမည်၊ အစရှိသည်တို့သည် အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးခြင်းဖြစ်ပါသည်။
အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့အသက်ဆိုးတွေ ရှိနေရင် လျှော်ပေးရမည်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရမည်၊ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့်ရှင်းရေး လုပ်ပေးရမည်၊ အစရှိသည်တို့သည် အပြင်ဝတ္ထု သန့်ရှင်းအောင် လုပ်ပေးခြင်းဖြစ်ပါသည်။
ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မည်။ စိတ်ကြည်လင်လာရင် ဥာဏ်ပါကြည်လင် လာပါတော့သည်။ တရားအားထုတ်တဲ့ ယောဂီ၊ စီးပွားရေးလုပ်နေတဲ့သူများ၊ ကျောင်းသူ ကျောင်းသားများ၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမည်။
စိတ်ညစ်လာပြီဆိုရင်လည်း ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွတ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွတ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပါယ ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ "မြတ်စွာဘုရား၊ ဘရားတပည့်တော် ခန္ဓကိုယ်ထဲကို သီတင်း သုံးတော်မူပါဘုရား"လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီးဖြစ်နေရင် ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ၊ ပြီးရင် လက်အုပ်ချီထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ၅မိနစ်၊ မေတ္တာကို ၅မိနစ်၊ ၀ိပဿနာကို ၅မိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မည်။
အဓိက အကြောင်းရင်းက ဘယ်လိုအာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ဖြစ်ပါသည်။ ဒါကို ကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ထားဖို့လိုပါသည်။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါသည်။
ဘယ်လို အကြောင်းရင်း ဖြစ်ဖြစ်၊ စိတ်ညစ်နေရင် ရေချိုးကြည့်ပါ၊ စိတ်ချမ်းသာလာပါလိမ့်မည်။
မှီငြမ်းကိုးကား
http://dhammadownload.com/
No comments:
Post a Comment