အိုင်တီ ဆော့ဝဲ ရေးဆွဲတဲ့ အလုပ်ကို လုပ်နေသော ကျွန်ေတာ်သည် အွန်လိုင်းပေါ်က
ဝက်ဆိုဒ်တွေကနေ စာရေးသူ ပိုင်ရှင်မသိဘဲ၊ ပိုင်ရှင်ခွင့်ပြုချက်မပါရှိပဲ တင်ထားတဲ့
ebooks တွေကို အသုံးပြုခဲ့ဖူးပါသည်။
ထိုအရာနဲ့ ပတ်သက်ပြီးတော့ illegal, ethic, copyright အစရှိတဲ့ လိုက်နာသင့်သည့်၊
လိုက်နာရမည့် စည်းကမ်းတွေကို ရုတ်တရက် မေးခွန်းတွေဝင်လာခဲ့ပြီး၊
ကိုယ့်ရဲ့ အသက်မွေးဝမ်းမှုအတွက် အသုံးပြုနေတာ မှန်ကန်ရဲ့ လားဆိုတဲ့ အတွေးဝင်လာခဲ့သည်။
ထိုအတွေးမေးခွန်းကို ဖြေရှင်းဖို့အတွက် ကျွန်တော် အင်တာနက်မှာ ရှာကြည့်ဖြစ်ခဲ့သည်။
ဗုဒ္ဓဘာသာ၊ ပါဠိ စာပေမှာ သမ္မာအာဇီဝ လို့ သုံးစွဲကြောင်းကို အရင်ကသိခဲ့ပါသည်။
ထို သမ္မာအာဇီဝ နဲ့ပတ်သက်သော သီလအကြောင်းတွေကို ရှာဖွေခဲ့ရာတွင်၊
အာဇီဝဋ္ဌမကသီလ အကြောင်းကို ကျွန်ေတာ် ရှာတွေ့ခဲ့သည်။
PHP programming language ကို အခမဲ့ သင်ပေးခဲ့သော ဆရာမ သန္တာ၏ ဘလော့မှာ
အာဇီဝဋ္ဌမကသီလ၏ အကြောင်းအရာများ၊ အာဇီဝဋ္ဌမကသီလ ကို မည်သို့ ဆောက်တည်ရပုံများကို
မှတ်သားခဲ့ပါသည်။ (http://mrsthandar.blogspot.sg/2012/02/blog-post_19.html)
စုချစ်သူရဲ့ ဘလော့တစ်ခုမှာ "အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ်" ဆိုတာကို ရှာတွေ့ပြီး
အာဇီဝဋ္ဌမကသီလတွေကို ကျင့်သုံးကြောင်းကို သူမ၏ တူမကို လမ်းညွှန်ထားသည်။
(http://suuchitthu.blogspot.sg/2012/11/blog-post.html)
ပညာပါရမီ (စင်္ကာပူ) ဆရာတော်လည်း ကျွန်ေတာ်တို့ကို ဆုံးမပါသည်။ ယခုခေတ်
အိုင်တီ ထွန်းကားလာသော ကာလတွင် ကာယကံထက် ၀စီကံ ကျူးလွန်ဖို့ ပိုမိုဖြစ်စေသည်။
နှုတ်တစ်ရာ၊ စာတစ်လုံး ဆိုတဲ့အတိုင်း၊ facebook မှာ ကိုယ့်ရဲ့  status, post, like တစ်ချက်က
အများကြီး ထိရောက်စေသဖြင့်၊ ကိုယ်ရဲ့ စေတနာအတိုင်း ၀စီကံကို ဖြစ်စေသည်။
မပြုကောင်းသော ကုန်သွယ်မှု ၅ မျိုး ကို buddhismworld ဆိုတဲ့ ning network မှာလည်း
မှတ်သားခဲ့ပါသည်။ (http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:176677)
အာဇီဝဋ္ဌမကသီလဆောက်တည်သူ တစ်ဦးအနေဖြင့် ဤသို့ တရားဝင် မဟုတ်သော၊
စာရေးသူ ပိုင်ရှင် မသိပဲ၊ အင်တာနက်မှ စာအုပ်များကို မကူးယူရဘူးလို့၊ အဖြေရပါသည်။
ကျွန်ေတာ်လည်း လိုက်နာစောင့်ထိန်းပါတော့မည်။
ငယ်စဉ် ကျောင်းဖတ်စာအုပ်မှာဖတ်ဖူးတဲ့ ၀ါကျတစ်ကြောင်းကို ယခုတိုင် မှတ်မိနေသေး၏။
"ပညာဖြင့် ကောင်းစွာ အသက်မွေးဝမ်းကျောင်း ပြု ခြင်းသည် မြတ်၏" ဆိုတဲ့ ၀ါကျမှာ
ကောင်းစွာ ဆိုတဲ့ စကားနှစ်လုံးဖြင့် အဓိပ္ပါယ်ပြည့်နေပုံကို အဖေနှင့် ကျွန်တော်
စကားပြော ဖြစ်ခဲ့ဖူးသည်။ ထိုအတိုင်း အသက်မွေးမည်လို့လည်း
အဖေ့ကို ကျွန်တော် ပြောဖူးခဲ့ပါသည်။
မှီငြမ်းကိုးကား
http://mrsthandar.blogspot.sg/2012/02/blog-post_19.html
http://suuchitthu.blogspot.sg/2012/11/blog-post.html
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:176677
No comments:
Post a Comment