ကျွန်တော်တို့ မောင်၊နှမ မိဘ မိသားစု အင်အား ၅ ဦးရှိသည်။ မိဘ နှစ်ပါး၊ ညီမ နှစ်ယောက် နှင့် သားကြီး ကျွန်တော် တို့ဖြစ်သည်။ သားကြီး ဆိုတဲ့ အခေါ်ခံရသည် အရသာကို ကျွန်တော် နှစ်သက်သည်။ မူကြို ကလေးလေး အရွယ်လောက်တုန်းက ညီလေး၊ ဒါမှမဟုတ် အကိုကြီး တယောက်ကို ကျွန်တော် လိုချင်ခဲ့သည်။ ယောင်္ကျားလေးအဖော် လိုချင်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ကျွန်တော့် ဆန္ဒ မပြည့်ဝ ခဲ့ပါ။
ကျွန်တော်တို့ အဖေဘက်က အဖိုးသည် ကျွန်တော်တို့ မောင်၊နှမ ၃ယောက်လုံး၏ အိမ်နာမည်ကို မှည့်ပေးခဲ့သည်။ ကျွန်တော့်ကို မင်းမင်း၊ ကျွန်တော့် ညီမ ၂ယောက်ကိုတော့ ဖူးဖူး နှင့် ထူးထူး လို့ ပေးခဲ့ပါသည်။ အကြီးကို ဖူးဖူး၊ အငယ်ကို ထူးထူး လို့ ခေါ်စေသည်။ ဘယ်လိုကနေ ဘယ်လို ဖြစ်သွားသည်မသိ၊ မမှတ်မိပါ။ အငယ် ထူးထူး ဆိုတဲ့ နာမည်ကနေ အာကူး ဆိုတဲ့ နာမည် ပြောင်းခေါ်ဖြစ်သွားသည်။
ကျွန်တော်ကတော့ ကျွန်တော့်ညီမ ၂ယောက်ကို ဖူးလေး နှင့် အာကူးလို့ ခေါ်ပါသည်။ ကျွန်တော့် ညီမလေးတွေကို ညီမလေး ဆိုတဲ့ အခေါ်အဝေါ် မသုံးခဲ့တာကို အခုချိန်မှာ စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို အံ့သြသင့်ခဲ့သည်။ အခုထိ စဉ်းစားတိုင်း အဖြေမရခဲ့ပါ။ သူတို့တွေကတော့ ကျွန်တော့်ကို ကိုကြီးလို့ ခေါ်ပါသည်။ အဲဒါကို တွေးမိတိုင်း ၀မ်းနည်း ရပါသည်။
အဖိုးကို ဖေကြီး လို့ ကျွန်တော်တို့က ခေါ်ပါသည်။ အဖွားကို မေကြီး လို့ခေါ်သည်။ မေကြီးသည် ငွေကြေး သုံးစွဲရာတွေ စေ့စပ်လွန်းသဖြင့် တခါတရံမှာ ကျွန်တော်တို့တွေက မေကြီးကို ကပ်စေးနည်းတယ်လို့ ထင်မြင်ခဲ့သည်။ ဖေကြီးသည် မေကြီး နှင့် နှိုင်းစာလျှင် ကပ်စေး မနည်းပါ။ ကျွန်တော့်မှာ အပျင်းထူတတ်သော အကျင့်ရှိသည်။ ယနေ့ လုပ်ရမည့် အလုပ်ကို ဟိုနေ့ရွှေ့ ၊ သည်နေ့ရွှေ့ ၊ လုပ်နေလျှင် ဖေကြီးက မကြိုက်ပါ။
ဖေကြီးသည် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်သူ ဖြစ်သည်။ ဘာသာတရားလည်း ကိုင်းရှိုင်းသည်။ မနက် စောစော အိပ်ယာထသည့် အလေ့အကျင့်လည်း ရှိသည်။ မဟာသရဏဂုံတော်ကြီးသည် မနက်တိုင်း ဖေကြီး ပူဇော်နေကြ ဖြစ်သည်။ သရဏဂုံဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တဦးတယောက်အနေဖြင့် အနည်းဆုံး သက်ဝင်ယုံကြည်၊ ပူဇော်၊ ဆည်းကပ်ရသည့် သရဏဂုံ ၃ ပါးဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ မှတပါး အခြား သက်ရှိ၊ သက်မဲ့ အရာတွေကို သက်ဝင်ယုံကြည်၊ ပူဇော်၊ ဆည်းကပ်လျှင် သရဏဂုံ ပျက်စီးပါသည်။
လောက အခေါ်အဝေါ်အားဖြင့် သေဆုံးလျှင်၊ ဇီဝိတ ပျက်စီးသည့် အခါတွင်လည်း သရဏဂုံ ပျက်စီးပါသည်။ မပာာ ဆိုသည်မှာ ကြီးကျယ်၊ ခန်းနားသည့် အဓိပ္ပါယ်ကို ဖော်ဆောင်သည်။ မဟာသရဏဂုံ ဆိုသည်မှာ နိဗ္ဗာန် မရောက်မချင်း၊ နိဗ္ဗာန် ရောက်သည့်တိုင်အောင်၊ သစ္စာ ၄ ပါး ပြည့်စုံသည့်တိုင်အောင်၊ သရဏဂုံ ဆောက်တည်ပါသည်၊ ပူဇော်ပါသည်၊ ဆည်းကပ်ပါသည်ဟု တခုချင်း အထပ်ထပ် အခါခါ ပူဇော်၊ ဆင်ခြင်၊ ပွားများစေသည့်အတွက် နိဗ္ဗာန်ရောက်စေနိုင်သည့်၊ အထောက်အပံ့ကောင်းသည့် ကုသိုလ်စိတ်တွေ ဖြစ်ပွားစေသည်ဟု ဖေကြီး ပြောလို့ မှတ်သားမိပါသည်။
လောကတွင် ဖြစ်ဖြစ်သမျှသည် အကြောင်း နှင့် အကျိုး မကင်းပါ။ ဖြစ်ပေါ်သည့် အကြောင်း နှင့် အကြောင်း ပျက်စီးသွားမှ အကျိုး ဖြစ်ပေါ်သည်။ အကြောင်း တခု ပျက်လိုက်၊ အကျိုး တခု ပေါ်လိုက် သည်လို သဘောရှိသည်။ အကြောင်း မပျက်စီးလျှင် အကျိုး မပေါ်ဘူးလို့ ပြောဆိုနိုင်သည်။ ပေါ်လာသည့် အကျိုးလည်း နောက်ထပ် အကျိုးတခုဖြစ်ဖို့ အကြောင်းတခု ဖြစ်သည်။ အကြောင်း ကနေ အကျိုး၊ အကျိုး ကနေ နောက်ထပ် အကျိုး၊ နောက်ထပ် အကျိုး .. ဆက်ခါဆက်ခါ ကျေးဇူးပြုသည်။
ဤသို့ ဆက်ခါ၊ ဆက်ခါ ကျေးဇူး ပြုသည့်အတွက် တည်မြဲမှု မရှိ၊ အနိစ္စလို့ ခေါ်သည်။ တည်မြဲမှု မရှိသည့်အတွက် ဆင်းရဲသည်၊ ဒုက္ခလို့ခေါ်သည်။ တည်မြဲမှု မရှိ၊ ဆင်းရဲခြင်းသည် မိမိတို့ လိုချင်သော အရာမဟုတ်၊ အစိုးမရသဖြင့် အနတ္တလို့ ခေါ်သည်။ လောကမှာ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ တွေ့ထိသမျှသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ၃ မျိုးသာ ရှိသည်။ အခြားမရှိ။ ထို လက္ခဏာ ၃ မျိုးသာရှိသည့်အတွက် လိုချင်မှု မရှိသင့်၊ ငြီးငွေ့ဖို့ကောင်းသည်ဟု ဖေကြီးပြောခဲ့ပါသည်။
ဖေကြီးသည် မဟာသရဏဂုံ ရွတ်ဆိုသည့် အလေ့အကျင့်ကို ကျွန်တော့်အား အမွေပေးခဲ့ပါသည်။ ကျွန်တော် ငယ်ငယ်တည်းက ဖေကြီးသည် ကွမ်းစားသည့်အလေ့ရှိသည်။ ကျွန်တော် အထက်တန်း ကျောင်းသားဘ၀ရောက်သည့်အချိန်ကစပြီး ဖေကြီးသည် ကွမ်းစားသည့်အလေ့ကို ဖြတ်လိုက်သည်။ ဆေးလိပ်၊ အရက်သေစာလည်း မသောက်ပါ။ ဖေကြီးကို ကျွန်တော် ချစ်ပါသည်။
ယခုအချိန်မှာ သင်္ခါရ သဘောအရ ဖေကြီး၏ ဇီဝိတသည် ပျက်စီးခဲ့ပြီ။ ဖေကြီး တယောက်တည်း ဇာတိ၊ ဇာရာ၊ မရဏ ကို ရင်ဆိုင်ရသည် မဟုတ်ပါ။ ကျွန်တော်တို့ လူသားတိုင်း သက်ရှိ သတ္တ၀ါတိုင်း တနေ့နေ့၊ တချိန်ချိန် ရင်ဆိုင်ရမှာ ဖြစ်ပါသည်။ ဖေကြီး၏ ဆုံးမ စကားတွေကို လိုက်နာ ကျင့်သုံးပြီး လူလိမ္မာ ဖြစ်အောင် နေထိုင်သွားမည်ဟု ကျွန်တော် ဆုံးဖြတ်ထားပါသည်။ ဒါမှ ဖေကြီးကို ချစ်ရာရောက်မည် မဟုတ်ပါလော ..
မဟာသရဏဂုံတော်ကြီးကို ဤ link တွင် ပူဇော်နိုင်ပါသည် ခင်ဗျာ ..
No comments:
Post a Comment