လွတ်လပ်သော လူတစ်ယောက်သည် လွတ်လပ်သော စိတ်ကူးအကြံအတိုင်း၊ လွတ်လပ်သော အချိန်တွင်ပြုလုပ်နိုင်သဖြင့်၊ လွတ်လပ်သော ပျော်ရွှင်မှုရစေမည့်၊ လွတ်လပ်သော ဘ၀တခုကို ပိုင်ဆိုင်နေပြီး၊ လွတ်လပ်သော ငြိမ်းအေးမှု တခုကို လွတ်လပ်နေသမျှ ပိုင်ဆိုင်နိုင်သည်။ အထက်ပါဝါကျတစ်ခုတွင် လွတ်လပ်သောဆိုသည့်စကားလုံးတွေကို ထပ်ခါထပ်ခါ ပါဝင်သည်ကို တွေ့နိုင်သည်။ ထိုဝါကျတွင် လွတ်လပ်သော ဆိုသည့် စကားလုံးသည် သူ၏ကပ်လျက်ရှိသော စကားလုံးတွေ၏ အနက်ကို ပိုမိုလေးနက်စေသည်။ လွတ်လပ်သော ဆိုသည့် စကားလုံး၏ တန်ဖိုးကို ပေါ်လွင်စေသော ၀ါကျတစ်ခုဖြစ်သည်။
ထိုလွတ်လပ်သောဆိုသည့် စကားပုဒ်တစ်ခုကို ကျွန်တော် ကြိုက်နှစ်သက်သည်။ ကျွန်တော် တယောက်တည်းသာ ကြိုက်နှစ်သက်သည် မဟုတ်ပါ၊ သက်ရှိ သတ္တ၀ါတိုင်း ကြိုက်နှစ်သက်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ သတ္တ၀ါတို့၏ သဘာဝအတိုင်း ရှိသင့်သော လွတ်လပ်မှုကို အတိုင်းအတာ တခုထိ ထိခိုက်လာမည်ဆိုပါက ဘယ်သူမှ သည်းခံခွင့်လွှတ်နိုင်မည် မဟုတ်ပါ။ ထိခိုက်ခံရမည်ဆိုလျှင်လည်း တခုခုတုံ့ပြန်မှု မပြုနိုင်သည့်တိုင်အောင် စိတ်ပျော်ရွှင်မှုရနိုင်မည် မဟုတ်ပါ။
မိမိတို့၏ လွတ်လပ်မှုဆိုရာတွင် သူတပါးကို ထိခိုက်စေတတ်သော ပယောဂ မပါဝင်သင့်ပါ။ သူတပါးကို ထိခိုက်စေတတ်သည်ဆိုလျှင် ထိုအရာကို လွတ်လပ်မှုလို့ မခေါ်သင့်၊ ရမ်းကားမှုလို့သာ ခေါ်သင့်သည်။ ရမ်းကားမှုဆိုသည်မှာ မကောင်းသောအရာတခုဖြစ်သည်။ ဘုရား၊ သံဃာတွေ၊ အရိယာ သူတော်ကောင်းတွေ ကဲ့ရဲ့ သော အရာလည်းဖြစ်သည်။ မိမိတို့၏ ပျော်ရွှင်မှုတခု ခဏတာအတွက်၊ သေးသေးလေးလို့ ထင်မိတတ်သည့် မိမိတို့၏ စနောက်တာလေးသည်ပင်လျှင်၊ သူတပါးကို စိတ်အနှောက်အယှက်ဖြစ်စေတတ်သည်။
မိမိတို့၏ လွတ်လပ်မှုကို တန်ဖိုးထားသလို၊ သူတပါးတို့၏ လွတ်လပ်မှုကိုလည်း တန်ဖိုးထားသင့်ပါသည်။ သူတပါးတို့၏ လွတ်လပ်မှုကို မထိခိုက်စေသင့်ပါ။ လူဆိုသည်မှာ လွတ်လပ်မှုကို ကြိုက်နှစ်သက်သလောက် မိမိတို့၏ စိတ်၊ အာရုံနှောက်ခံရသည်ဆိုလျှင် ဒေါသထွက်လာတတ်သည်။ သူတပါး၏ ပြောဆိုဆက်ဆံပုံကို မကြိုက်နှစ်သက်သည်ကို တိုက်ရိုက်မပြောရုံတမယ် အမျိုးမျိုး၊ အဖုံဖုံ ပြုလုပ်ပြနေသည်ဆိုလျှင် မိမိက သိနားလည်သင့်သည်။ ထိုကဲ့သို့ သိနားလည်တာမျိုးကို လူမှုရေးနားလည်သည်လို့ ခေါ်သည်။ ထိုသို့ သိနားလည်မှုမရှိဘဲ ဆက်လုပ်နေမည်ဆိုလျှင် တဖက်လူမှာ အာရုံနှောက်ခံရနိုင်သည်။
မိမိကြောင့် တဖက်လူမှာ အာရုံနှောက်ခံရသည်ဆိုလျှင် မိမိ၏ ပယောဂ မကင်းပါ။ မိမိကြောင့် တဖက်လူမှာ စိတ်အနှောက်အယှက်ဖြစ်သောကြောင့် မိမိတွင် အကုသိုလ် ဖြစ်ပါသည်။ အကုသိုလ်သည် တချိန်ချိန်တွင် မိမိထံ အကျိုးပေးမည် ဖြစ်ပါသည်။ မိမိတို့ဆီ အကုသိုလ် အကျိုးပေးချိန်တွင် မိမိတို့၏ ခန္ဓာနှင့် ရင်းပြီး ဆပ်ရသည်။ အလွန်ကြောက်ဖို့ကောင်းသည်။ ၀ဋ်လိုက်သည်လို့လည်း ခေါ်ပါသည်။
ကံ၊ ကံ၏အကျိုးကို နည်းနည်းလေး နားလည်စကတည်းက ၀ဋ်လိုက်မှာကို ကျွန်တော် ကြောက်တတ်လာပါသည်။ ညတိုင်း အိပ်ရာမ၀င်မီ မိမိ၏ ရှေးရှေးဘ၀ကစပြီး၊ ယခုဘ၀ထိ ပြုခဲ့မိသည့် ၀ဋ်ကြွေးတွေကို ကျေပါစေ၊ တောင်းပန်ပါသည်၊ တဖန် မိမိပေါ်တွင် ပြုမှားခဲ့သည် ရှိခဲ့သော် သည်းခံပါသည်၊ ခွင့်လွှတ်ပါသည်၊ ကျေအေးပါသည်၊ သည်လို အပြန်အလှန် ခွင့်လွှတ် တောင်းပန်သည့် အကျင့်ကို မွေးခဲ့သည်။ ခွင့်လွှတ် တောင်းပန် ကျေအေးပါသည်ဆိုလျှင် နောက်ဖြစ်လာမည့် နောင်တလို့ခေါ်သည့် အကုသိုလ်စိတ်ကို တားဆီးနိုင်လိမ့်မည်။ သို့သော် ပြုခဲ့ပြီးသော ကံ၏ သတ္တိသည် သူ၏ သဘောအတိုင်း အကျိုးပေးမည့်အချိန်တန်ရင် အကျိုးပေးမည်မှာ ဧကန်ဖြစ်ပါသည်။
လွတ်လပ်သောဆိုသည့်ဂုဏ်ပုဒ်သည် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံသားတိုင်း၊ သတ္တ၀ါတိုင်းအတွက် အခြေခံလိုအပ်ချက်တခုအနေဖြင့် ရှိသင့်သည်။ သို့သော် စည်းကမ်းဘောင်ထက်ကျော်လွန်သွားသော မိုက်ကုန်၊ ရမ်းကုန် လွတ်လပ်သွားသောအခါ မလိုလားအပ်သော အရာများဖြစ်ပေါ်လာတတ်သည်။ အမှန်တကယ်တော့ လွတ်လပ်သော ဆိုသည့် စကားလုံးသည် မလိုချင်သည့် အချုပ်အနှောင်တမျိုးမျိုးမှ လွတ်မြောက်၊ ပလှပ်သွားသောအခါမှာ သုံးသင့်သော စကားလုံးဖြစ်သည်ဟု ကျွန်တော် တွေးခဲ့မိပါသည်။