မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Tuesday, 9 December 2014

တန်ဖိုးရှိသည့် အချိန်ကာလ တစ်ခု

စက်တင်ဘာလမှ ရေတွက်သော် ၃လဆိုသော အချိန်ကာလသည် ကုန်ဆုံး၍ နှစ်တစ်နှစ်၏ အဆုံး ဒီဇင်ဘာလထဲကို ရောက်ရှိနေလေပြီ။ ဤ ၃လဆိုသော အချိန်ကာလအတွင်း ကျွန်တော်သည် အလုပ်များနေခဲ့သည်။

တခါတလေ အလုပ်ထဲက အလုပ်များနေလိုက်၊ အိမ်ခန်းပြောင်းရွှေ့ ဖို့ ကိစ္စအတွက် အလုပ်များနေလိုက်၊ ဆေးကုသဖို့ လာရောက်သော ကျွန်တော့်အဒေါ်တို့လင်မယားနှစ်ယောက်အတွက် နေထိုင်ရေး၊ သွားလာရေး စီစဉ်ဆောင်ရွက်ပေးဖို့ ကိစ္စအတွက် အလုပ်များနေလိုက်၊ ထိုအလုပ်များနေတဲ့ ကိစ္စထဲ၌ တန်ဖိုးအရှိဆုံး အလုပ်များမှုမှာ အဘိဓမ္မာ စာမေးပွဲဖြေဖို့အတွက် အလုပ်များနေခဲ့ခြင်း ဖြစ်ပါသည်။

သူများတွေနဲ့ ယှဉ်မည့်အစား၊ မိမိကိုယ်ကို နှင့်သာ ယှဉ်သောအကျင့်ကို လွန်ခဲ့သော ၃၊ ၄ နှစ်လောက်မှစပြီး ကျွန်တော် မွေးမြူခဲ့ပါသည်။ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် ထို ၂နှစ် ကာလကို အကျဉ်းချုံး သုံးသပ်လျှင် မိမိလုပ်ငန်းခွင်၌ အဆင်ပြေပြေရှိနေသာသော်လည်း ကျန်ရှိသည့် လူမှုရေးကိစ္စပြသနာများဖြင့် အချိန်ကုန်နေခဲ့ပြီး မည်သည့်ကိစ္စကို အာရုံပြုပြု စိတ်ကုန်ရသည့် အဖြစ်များနေခဲ့ပါသည်။ ကိစ္စရှုပ်များ၌ အလုပ်ရှုပ်နေခဲ့ပါသည်။

၂၀၁၄ ခုနှစ်သည် မိမိအတွက် ထွက်မြောက်ရာ နှစ်တစ်နှစ် ဧကန်ဖြစ်သည်ဟု စသည့် စိတ်ခံစားချက်မျိုးကို နှစ်အစပိုင်းလောက်တည်းက ကျွန်တော် ခံစားမိပါသည်။ အကြောင်းရင်းက ရတနာ ၃ပါး ကိုးကွယ် ယုံကြည်မှု တိုးပွားလာမှု ဗုဒ္ဓအဘိဓမ္မာကို ယုံကြည်မှု သဒ္ဓါတရားဖြင့် လေ့လာလိုက်စားမှု၊ စသော ကုသိုလ်ကောင်းမှု အစုစုတို့၏ ကောင်းသောအကြောင်းများကြောင့်ဖြစ်ပါသည်။

ထိုထိုသော ကောင်းမှုကုသိုလ် အကြောင်းများသည်လည်း စင်္ကာပူပညာပါရမီကျောင်းရှိ သံဃာတော် အရှင်ဦးဥာဏ၀ရ၏ အဘိဓမ္မာ ပို့ချချက်များမှ ဖြစ်ပါသည်။ ဘုန်းဘုန်း ဦးစီးသော ၃ရက် ရက်တို အဘိဓမ္မာ ပို့ချမှုအတွက် ဆောင်ရွက်ခွင့်ရသော ဝေယျာဝစ္စ ကုသိုလ်တွေကို တွေးလိုက်တိုင်း ကျွန်တော်သည် ကြည်နူး ကျေနပ် ပီတိ ဖြစ်နေရပါသည်။ ထိုပို့ချချက်များရှိရာ နေရာဌာနသို့ လမ်းညွှန်ပေးသူမှာ ကျွန်တော့်၏ ဆရာဖြစ်သူ၊ ကျွန်တော်၏ မိတ်ဆွေကောင်း ကိုစိုးကိုကိုထက် ဖြစ်ပါသည်။ မိဘတို့၏ ကျေးဇူးသည် အနှိုင်းမရှိ များလှသကဲ့သို့ မိတ်ဆွေကောင်း တစ်ယောက်ရှိခြင်းသည်လည်း ကျေးဇူးများလှပါသည်။

အစားအစာကောင်းကို စားရသူတစ်ယောက်သည် ထိုအရသာကောင်းသော အစားအစာကို မိမိ၏ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများကို ပြောပြလိုသကဲ့သို့ လေ့လာသင်ယူခွင့်ရသော အဘိဓမ္မာပို့ချချက်များ ရှိရာ ထိုနေရာသို့ ကျွန်တော့် သူငယ်ချင်း ကိုကျော်မောင်မောင်ဝင်းအား တဆင့်လမ်းညွှန်ခွင့်ရခဲ့ပါသည်။

၂၀၁၄ ခုနှစ်အတွင်း အဘိဓမ္မာပို့ချချက်ကို ကောင်းစွာနာယူသော ဓမ္မသ၀နကုသိုလ်၊ လုပ်အားဒါနဖြစ်သော ဝေယျာဝစ္စကုသိုလ် အပြင် ဒီဇင်ဘာ ၂၄ရက်နေ့၌ ဗုဒ္ဓဖွားမြင်ရာ ဗုဒ္ဓဂါယာ ဘုရားဖူး အိန္ဒိယခရီးစဉ်၌လည်း အခွင့်သာ၍ မူလအစီအစဉ်ပြောင်းပြီး နောက်ဘိတ် လိုက်ပါခွင့်ရသော ကျွန်တော်သည် ကျေနပ်မိရပါသည်။

တစ်နှစ်ပတ်လုံး နီးနီး ကုသိုလ်ကောင်းမှုများနှင့် ထုံမွှန်းသော ၂၀၁၄ ခုနှစ်သည် ကျွန်တော့်အတွက် အလွန်ထူးခြားသော နှစ်မြတ်ကောင်းတစ်ခု ဖြစ်သည်နှင့်အညီ  တန်ဖိုးရှိသည့် အချိန်ကာလ တစ်ခုအဖြစ် ဘ၀မှတ်တိုင် တစ်ခု ဖြစ်နေပါတော့သည်။ ဆရာတော်ကိုလည်း ကျေးဇူးတင်မဆုံး ဖြစ်ရပါသည်။

ထိုတန်ဖိုးရှိသည့် အချိန်ကာလ တစ်ခုအတွက် တွေးလိုက်တိုင်း ပီတိ၊ ၀မ်းမြောက်မှု ဖြစ်သည့်အတွက် ပြုသမျှ ကုသိုလ်ကောင်းမှုတွေကို အမျှဝေ၍ သာဓု၊ သာဓု၊ သာဓု ၃ကြိမ် ခေါ်ဆိုရလိုက်မိပါသည် ခင်ဗျာ။


No comments:

Post a Comment