မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Sunday, 13 December 2015

လှည့်စားခြင်း အနုပညာ (သို့မဟုတ်) ဟက်ကင်း

လောကတွင် လှည့်စားခြင်း အနုပညာများစွာရှိသည်။
ထိုများစွာတို့တွင် မျက်လှည့်နှင့် ဟက်ကင်း (Hacking) တို့လည်း အပါအ၀င် ဖြစ်သည်။
မျက်လှည့်သည် လူတွေကို လှည့်စားတတ်၏။
ဟက်ကင်း သည်လည်း လူတွေကို လှည့်စားတတ်၏။ မှန်သည်။
လူတွေကို လှည့်စားတတ်ရာတွင် ဟက်ကင်း နှင့် မျက်လှည့်သည် တူ၏။
သို့သော် မျက်လှည့်သည် တရားဝင်ပြသခွင့်ရှိ၏၊ ဥပဒေဘောင်အတွင်းက ဖြစ်သည်။
ဟက်ကင်း သည် တရားဝင်ပြသခွင့်မရှိ၊ ဥပဒေပြင်ပက ဖြစ်နေတတ်သည်။

မျက်လှည့်အတွက် လုံခြုံရေးစံနစ် မလိုသော်လည်း၊ ဟက်ကင်းအတွက် လုံခြုံရေးစံနစ် လိုအပ်သည်။
မျက်လှည့်သည် လူတွေကို ဖျော်ဖြေရေးအနေဖြင့် အသုံးပြုသော်လည်း၊ ဟက်ကင်းမှာ ထိုသို့မဟုတ်ချေ။
ဟက်လုပ်ခံရပြီဆိုရင် မိမိတို့၏ စံနစ်တွင်းရှိ သတင်း၊ အချက်အလက်များကို အချိန်မရွေး ယူသွားနိုင်သည်။
မိမိတို့၏ စံနစ်ကို စိတ်ထင်တိုင်း ပြုနိုင်စွမ်းသည်။

ထို့ကြောင့် ဟက်လုပ်ခံရခြင်းမှ ကာကွယ်ရန်၊ လုံခြုံရေးစံနစ်များကို တပ်ဆင်ထားရသည်။
တနည်းဆိုရင် အပိုထပ်ဆောင်း တပ်ဆင်ထားရသည်နှင့် တူသည်။ ဥပမာဆိုရရင်
လုံခြုံရေးအရ ကျွန်တော်တို့၏ အိမ်ဝင်းကို ခြံခပ်ထားသည်နှင့် သဏ္ဍာန် တူသည်။
ခြံခပ်ထားခြင်းကြောင့် လုံခြုံရေး တိုးမြှင့်သည်မှာ အမှန်ဖြစ်သော်လည်း၊
အ၀င်၊ အထွက် သွားရေး၊ လာရေး နောက်နှေးကြံ့ကြာမှုလည်း ဖြစ်စေသည်။

တစ်ချို့ က မိမိတို့၏ စံနစ်ကို မည်မျှ လုံခြုံမှု အရည်အသွေးကောင်းကြောင်း ပြသလိုသည်။
တစ်ချို့ က မိမိတို့၏ ဟက်ကင်း စွမ်းရည်ကို ပြသလိုသည်။
တစ်ချို့ က မိမိတို့၏ ပြိုင်ဘက်တို့၏ သတင်းအချက်အလက်များကို သိရှိလိုသည်။
တစ်ချို့ က မိမိတို့ နာမည်ကြီးဖို့၊ ငွေကြေးချမ်းသာခြင်းကို အလိုရှိကြသည်။
ထိုသို့အစရှိသော အကြောင်းအမျိုးမျိုးကြောင့် ဟက်ကင်းကို ပြုလုပ်ကြသည်။

နိဒါန်းတွင် ပြောခဲ့သည့်အတိုင်း ဟက်ကင်းသည် လှည့်းစားခြင်းဖြစ်သည်။
တစ်ဖက်လှည့်ပြောရရင် ဟက်ခံရခြင်းသည် လှည့်စားခံရခြင်း ဖြစ်သည်။
သတိလက်လွတ်နေသူများသည်သာ လှည့်စားခံရခြင်း ဖြစ်သည်။
သတိသည်အရေးကြီးသည်။ လူတိုင်းသည် အချိန်တိုင်း အမြဲတိုင်း သတိရှိဖို့၊ သတိမြဲဖို့ ခဲယဉ်းသည်။
ထို့ကြောင့် လုံခြုံရေးစံနစ် ချိုးဖောက်ခံရခြင်း (တနည်း) ဟက်လုပ်ခံရခြင်း၏ အဓိက အကြောင်းအရင်းသည်
လူတို့၏ သတိပေါ့ဆမှုများကြောင့် ဖြစ်ပါသည်။ လူတို့၏ သတိပေါ့ဆမှုမှ တစ်ဆင့် ဟက်ကင်းပြုလုပ်ခြင်းကို
social engineering ဟုခေါ်သည်။ ထိုနည်းသည် ယနေ့အချိန်တွင် ပေါ်ပြူလာဖြစ်နေသည်။

စာကြွင်း။ ဟက်ကင်းနဲ့ ပတ်သက်သော ဂျာမန်ဇာတ်ကားတစ်ကား၊ ထိုဇာတ်ကားမှ ရလိုက်သော အသိ ၂ခု မှာ
no system is safe တဲ့၊ လုံခြုံရေးစံနစ် ဘယ်လောက်ကောင်းကောင်း၊ လုံခြုံတယ်လို့ ပြောလို့မရပါ။
social engineering တဲ့၊ လူတွေရဲ့ သတိပေါ့ဆမှုမှတစ်ဆင့် ဟက်ကင်းပြုလုပ်ခြင်းပါ။



Wednesday, 9 December 2015

နိဗ္ဗာန်သို့ ရောက်စေတတ်သော ကုသိုလ်ကံ ပါရမီ

ပါရမီ ၁၀ပါးတို့တွင် ခန္တီပါရမီ နှင့် ဥပက္ခောပါရမီ တို့သည် ("forgive and forget") ကျင့်ရန်ခဲယဉ်း၏။
ထိုပါရမီ ၂ပါးသည် ဖြည့်ကျင့်ဆဲ ဖြည့်ကျင့်ပြီး အခြားသော ပါရမီတို့ကို ပျက်စီး၊ ဆုံးရှုံးမှု မဖြစ်အောင်
စောင့်ရှောက်ပေး၏။ ခန္တီတရားသည် မင်္ဂလာတရားလည်း ဖြစ်၏။ သူတော်ကောင်းတို့ ကျင့်အပ်သော
မြတ်သောတရားလည်း ဖြစ်၏။ ထို့ကြောင့် ကျင့်နိုင်ခဲသည်။

နှစ်ခြိုက်လွန်းသဖြင့် ဤဘလော့မှ တိုက်ရိုက်ကူးယူ ပူဇော်၍ ..
                    http://nyaungpini99.blogspot.sg/2012/07/blog-post_29.html

pdf ပြောင်းပြီး ဤ link တွင် သိမ်းဆည်းပါသည်။
                http://downloads.ziddu.com/download/25123849/Parami_10.pdf.html



Friday, 11 September 2015

အာဇီဝဋ္ဌမကသီလ

အိုင်တီ ဆော့ဝဲ ရေးဆွဲတဲ့ အလုပ်ကို လုပ်နေသော ကျွန်ေတာ်သည် အွန်လိုင်းပေါ်က
ဝက်ဆိုဒ်တွေကနေ စာရေးသူ ပိုင်ရှင်မသိဘဲ၊ ပိုင်ရှင်ခွင့်ပြုချက်မပါရှိပဲ တင်ထားတဲ့
ebooks တွေကို အသုံးပြုခဲ့ဖူးပါသည်။

ထိုအရာနဲ့ ပတ်သက်ပြီးတော့ illegal, ethic, copyright အစရှိတဲ့ လိုက်နာသင့်သည့်၊
လိုက်နာရမည့် စည်းကမ်းတွေကို ရုတ်တရက် မေးခွန်းတွေဝင်လာခဲ့ပြီး၊
ကိုယ့်ရဲ့ အသက်မွေးဝမ်းမှုအတွက် အသုံးပြုနေတာ မှန်ကန်ရဲ့ လားဆိုတဲ့ အတွေးဝင်လာခဲ့သည်။

ထိုအတွေးမေးခွန်းကို ဖြေရှင်းဖို့အတွက် ကျွန်တော် အင်တာနက်မှာ ရှာကြည့်ဖြစ်ခဲ့သည်။
ဗုဒ္ဓဘာသာ၊ ပါဠိ စာပေမှာ သမ္မာအာဇီဝ လို့ သုံးစွဲကြောင်းကို အရင်ကသိခဲ့ပါသည်။
ထို သမ္မာအာဇီဝ နဲ့ပတ်သက်သော သီလအကြောင်းတွေကို ရှာဖွေခဲ့ရာတွင်၊
အာဇီဝဋ္ဌမကသီလ အကြောင်းကို ကျွန်ေတာ် ရှာတွေ့ခဲ့သည်။

PHP programming language ကို အခမဲ့ သင်ပေးခဲ့သော ဆရာမ သန္တာ၏ ဘလော့မှာ
အာဇီဝဋ္ဌမကသီလ၏ အကြောင်းအရာများ၊ အာဇီဝဋ္ဌမကသီလ ကို မည်သို့ ဆောက်တည်ရပုံများကို
မှတ်သားခဲ့ပါသည်။ (http://mrsthandar.blogspot.sg/2012/02/blog-post_19.html)

စုချစ်သူရဲ့ ဘလော့တစ်ခုမှာ "အာဇီဝဋ္ဌမကသီလ နှင့် စာရေးခြင်း ကျင့်ဝတ်" ဆိုတာကို ရှာတွေ့ပြီး
အာဇီဝဋ္ဌမကသီလတွေကို ကျင့်သုံးကြောင်းကို သူမ၏ တူမကို လမ်းညွှန်ထားသည်။
(http://suuchitthu.blogspot.sg/2012/11/blog-post.html)

ပညာပါရမီ (စင်္ကာပူ) ဆရာတော်လည်း ကျွန်ေတာ်တို့ကို ဆုံးမပါသည်။ ယခုခေတ်
အိုင်တီ ထွန်းကားလာသော ကာလတွင် ကာယကံထက် ၀စီကံ ကျူးလွန်ဖို့ ပိုမိုဖြစ်စေသည်။
နှုတ်တစ်ရာ၊ စာတစ်လုံး ဆိုတဲ့အတိုင်း၊ facebook မှာ ကိုယ့်ရဲ့  status, post, like တစ်ချက်က
အများကြီး ထိရောက်စေသဖြင့်၊ ကိုယ်ရဲ့ စေတနာအတိုင်း ၀စီကံကို ဖြစ်စေသည်။

မပြုကောင်းသော ကုန်သွယ်မှု ၅ မျိုး ကို buddhismworld ဆိုတဲ့ ning network မှာလည်း
မှတ်သားခဲ့ပါသည်။ (http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:176677)

အာဇီဝဋ္ဌမကသီလဆောက်တည်သူ တစ်ဦးအနေဖြင့် ဤသို့ တရားဝင် မဟုတ်သော၊
စာရေးသူ ပိုင်ရှင် မသိပဲ၊ အင်တာနက်မှ စာအုပ်များကို မကူးယူရဘူးလို့၊ အဖြေရပါသည်။
ကျွန်ေတာ်လည်း လိုက်နာစောင့်ထိန်းပါတော့မည်။

ငယ်စဉ် ကျောင်းဖတ်စာအုပ်မှာဖတ်ဖူးတဲ့ ၀ါကျတစ်ကြောင်းကို ယခုတိုင် မှတ်မိနေသေး၏။
"ပညာဖြင့် ကောင်းစွာ အသက်မွေးဝမ်းကျောင်း ပြု ခြင်းသည် မြတ်၏" ဆိုတဲ့ ၀ါကျမှာ
ကောင်းစွာ ဆိုတဲ့ စကားနှစ်လုံးဖြင့် အဓိပ္ပါယ်ပြည့်နေပုံကို အဖေနှင့် ကျွန်တော်
စကားပြော ဖြစ်ခဲ့ဖူးသည်။ ထိုအတိုင်း အသက်မွေးမည်လို့လည်း
အဖေ့ကို ကျွန်တော် ပြောဖူးခဲ့ပါသည်။

မှီငြမ်းကိုးကား
http://mrsthandar.blogspot.sg/2012/02/blog-post_19.html
http://suuchitthu.blogspot.sg/2012/11/blog-post.html
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:176677

Sunday, 16 August 2015

အသပြာ လုလင်



ဘားမိစ်ကလပ်စစ် ထဲက စာအုပ်တအုပ်ကို ပြီးခဲ့တဲ့အပတ်မှာ ဖတ်ဖြစ်သည်။ စာရေးဆရာ မင်းလူ ရေးထားတဲ့ အသပြာလုလင်ဆိုတဲ့ ၀တ္ထုတို စာအုပ် ဖြစ်သည်။ ဆရာ မင်းလူရေးတဲ့ ရေးနည်းသည် ၀ါကျတိုပြီး ကျစ်လစ်သည်။ တချို့ နေရာတွေမှာ စကားပြောဟန်လည်းပါသည်၊ တစ်မျိုးကောင်းသည်။

ဆိုရှယ်လစ်စံနစ်ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံ၏ စီးပွားရေးကို ပေါ်ပေါ်လွင်လွင် ရေးသားထားသည်။ ဆိုရှယ်လစ်စံနစ်ရဲ့  ကောင်းကွက်ရော၊ မကောင်းတာရော ဖတ်ရသည်။ ဆိုရှယ်လစ်ပေါ်လစီအရ ပြည်သူများကို အချိုးကျ ပစ္စည်းများ မျှဝေကြသည်။ အရေအတွက် မမျှသောအခါ မဲစံနစ်ကို အသုံးပြုသဖြင့်၊ တခါတလေ မလိုချင်သောပစ္စည်းများလည်း ရသွားနိုင်သည်။ နောက်မှ အချင်းချင်း၊ ပြန်လဲလှယ်ယူရသည်။

ထို့ပြင် တခြား ဗဟုသုတများလည်း ရရှိသေးသည်။ ဥပမာ "ကမာရွတ် ဘာဒါ" ဆိုတဲ့ ဘပ်စကား မှတ်တိုင်၊ ရန်ကုန်မှာ အခုထိရှိသည်။ အရင်က အဲသည့်မှတ်တိုင်နေရာမှာ Bada ဆိုတဲ့ နိုင်ငံခြားဖိနပ်ဆိုင်ရှိတာကို အစွဲပြုခေါ်ရင်း၊ ဘာဒါမှတ်တိုင် ဖြစ်လာသည်ဟု ဆိုသည်။

ဝတ္ထု၏အဓိကနေရာတွင် ဆရာမင်းလူ၏ သူငယ်ချင်း "စိန်ကြောင်" အကြောင်းလည်း ဖတ်ရသည်။ သူသည် ငယ်စဉ်က ဆင်းရဲခဲ့သည်။ လုပ်ငန်းမျိုးစုံလုပ်ရင်း၊ စီးပွားရေး လုပ်ကွက် မြင်လာပြီး၊ ကြီးပွား ချမ်းသာလာသူ ဖြစ်သည်။ ၀ိသမလောဘ စီးပွားရေးလုပ်ငန်းမျိုးတော့ မဟုတ်ပါ။ သူ၏ သူငယ်ချင်းအပေါ်တွင် ဖေးမကူညီတတ်သည်။ ရပ်ရွာ နာရေး ကိစ္စများတွင် သူ ကူညီတတ်သည်။

စီးပွားရေး တိုးချဲ့ လုပ်ရင်း၊ သူ၏ကျန်းမာရေးချူခြာလာပြီး၊
.. တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို ငွေရှာခြင်းအားဖြင့် ဖြုန်းတီးပစ်ခဲ့တယ် ..
ဆိုတဲ့ သူ၏နောင်တ တရားနှင့် အဆုံးတတ်သည်။

စာဖတ်သူတွေကို
.. လူတွေဟာ ဘာတွေများ လုပ်နေကြတာပါလိမ့် ..
.. ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရဖို့အတွက် မလုပ်ချင်တာတွေကို လုပ်နေကြရတာလား ..
.. ဒါမှမဟုတ် လုပ်ချင်တာ လုပ်ဖို့အတွက် လုပ်ချင်တာတွေကို လျှောက်လုပ်နေကြတာလား ..
.. လူတွေက ငွေတွေကို ရှာနေကြတာလား ..
.. ငွေတွေက လူတွေကို ရှာနေကြတာလား ..
.. လူတွေက အချိန်တွေကို ၀ါးမျိုနေကြတာလား ..
.. အချိန်တွေက လူတွေကို ၀ါးမျိုနေကြတာလား ..
အမေးတွေနဲ့ ၀တ္ထု၏ နောက်ဆုံး စာမျက်နှာမှာ အဆုံးတတ်ထားသည်။




သံဝေဂ ရစေတာလား၊ စိတ်အားငယ်စေတာလား၊ ဆိုတာ ဝေခွဲမရပါ။ တကယ်လို့သာ တရား၊ ဓမ္မကို လေ့လာသင်ယူထားခြင်း မရှိဘူးဆိုလျှင်၊ ကျွန်တော် စိတ်အားငယ်မိ နေမှာ။ ကြည့်လေ၊ စီးပွားရေးတွေလုပ်ပြီး၊ ရတဲ့ပိုက်ဆံကို ကျန်းမာရေးပြန်ကု၊ အနှစ်သာရ ဘာမှ မရှိနိုင်တော့ဘူး။ အခုတော့ ဗုဒ္ဓ၏ အနတ္တဆိုတဲ့ ၀ါဒကို သုံးသပ်ဆင်ခြင်၊ ကိုယ့်ရဲ့  ခန္ဓာ နှင့် အချိန်ကို အကောင်းဆုံး အသုံးချပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ရည်ရွယ်ချက် ရှိနေတယ်လေ။ အဲဒါ တရား၊ ဓမ္မကို လေ့လာသင်ယူခြင်းရဲ့  ကျေးဇူး ပေါ့။


Thursday, 13 August 2015

ငါ၏ သတိ

ပန်းကန်ခွက်ယောက် ဆေးကြောစဉ်
ငါလေ သတိ ထားမိသည်။

ဆေးကြောနေစဉ် ခဏတွင်
သန့်စင် လာတာ တွေ့ခဲ့သည်။

ထိုစဉ်ခဏ သတိကပ်
ငါ၏ စိတ်သို့ လှည့်ခဲ့သည်။

ဤထိုကဲ့သို့ ဖြူစင်အောင်
ငါလေ လျော်ဖွတ် ချင်မိသည်။

လျော်ဖွတ်ချင်သော ငါ့စိတ်သည်
ဆန္ဒကိုသာ ဖြစ်စေမည်။

ဆန္ဒရှိသော ငါ့စိတ်လည်း
ထိုခဏတွင် ပျက်လေသည်။

ဖြစ်ခြင်း၊ ပျက်ခြင်း နှစ်ခြင်းသာ
ထင်ထင် ရှားရှား ရှိလေသည်။

ဤသို့မြင်ဖို့ လွန်အားထုတ်
ငါလေ ကြိုးကုတ် ရဦးမည်။

သတိ၊ ၀ီရိယ ငါ့စိတ်မှာ
အချိန်တိုင်းမှာ ရှိစေမည်။

ဤသို့ရှိစဉ် ငါ့စိတ်တွင်
ကိလေသာများ ကင်းနေမည်။

ကိလေသာများ ဘယ်လောက်များ
ငါလေ သိချင်မိခဲ့သည်။

ထိုကိလေသာများ ရေတွက်ထား
အကျဉ်း ၁၀ပါး ရှိပါသည်။

မှတ်မိလွယ်အောင် ဤသို့ငါ
မှတ်သားထားလိုက်သည်။

လောဘ၊ ဒေါသ၊ မော၊ မာန၊
ဒိဋ္ဌိ၊ ၀ိစိ ရှိ
ဥဒ္ဓစ္စ နှင့် အဟိရိ၊
အနောတ္တပ္ပ ရှိ။

ထိုကိလေသာ ၁၀ပါးကို
ငါလေ မုချ အောင်ရမည်။

အချိန်တိုင်းမှာ ဆန္ဒရှိ
ငါ၏ သတိ မြဲစေမည်။


Monday, 27 July 2015

စိတ်ညစ်ရင် ရေချိုးပါ



စာအုပ်၏ အမည်သည် "စိတ်ညစ်ရင် ရေချိုးပါ" ဖြစ်သည်။ စာရေးသူ ဆရာတော် အရှင်ရာဇိန္ဒ၊ ရဝေနွယ် (အင်းမ) ဖြစ်ပါသည်။ ထိုစာအုပ်ကို မြန်မာအွန်လိုင်းစာအုပ်စင် ၀က်ဆိုဒ်တစ်ခုမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စာအုပ်နာမည်က ကျွန်တော့်၏စိတ်ကို စွဲဆောင်နိုင်ခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်သော ခေါင်းစဉ်များထဲမှ "စိတ်ညစ်ရင် ရေချိုးပါ" ဆိုတဲ့ ခေါင်းစဉ်တွင် ပါဝင်သော အကြောင်းအရာများကို အကျဉ်း ပြောလိုပါသည်။

ရေချိုးခြင်းသည် တရားထူးတရားမြတ် ရသွားစေသည် မဟုတ်သော်လည်း၊ ရေချိုးလိုက်ခြင်းသည် တရားအားထုတ်ရဖို့ အထောက်အပံ့ တစ်ခု ဖြစ်စေပါသည်။ ရေချိုးထားလိုက်တဲ့အတွက် စိတ်ရော၊ ရုပ်ရော ကြည်နေစေပါသည်။ စိတ်၊ ရုပ်ကြည်နေသည့်အတွက် တရားအားထုတ်ရတာလည်း ပိုပြီး အဆင်ပြေစေပါသည်။

ဝိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း ၇ပါး ကို ပြထားပါသည်။ အင်္ဂါ ၇ပါးမှာ ဒုတိယအင်္ဂါက ဥာဏ်ပညာပွားဖို့အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးရပါသည်။ ဆံပင်တွေ ရှည်နေခြင်း၊ ခြေသည်းလက်သည်းတွေ ရှည်နေခြင်း၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေခြင်းသည် အတွင်းဝတ္ထု မသန့်ရှင်းနေခြင်း ဖြစ်ပါသည်။

ကိုယ်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေခြင်း၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေခြင်း၊ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကျဲနေခြင်း၊ ပင့်ကူမျှင်တွေ ငြိတွယ်နေခြင်း၊ စာအုပ်တွေ ပြန့်ကြဲနေခြင်း၊ အမှိုက်တွေ ရှိနေခြင်း အစရှိသည်တို့သည် အပြင်ဝတ္ထု မသန့်ရှင်းနေခြင်း ဖြစ်ပါသည်။

အဲဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မည်။ စိတ်ရှုပ်လာရင် ဥာဏ်အမြင် မကြည်လင်တော့ပါ။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်နိုင်တော့ပါ။

ဒါကြောင့် ဆံပင်တွေ ရှည်နေမည်၊ ရှုပ်ထွေး ညစ်ပတ်နေမည်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရပါမည်။ ခြေသည်းလက်သည်းတွေ ရှည်နေရင် ညှပ်ပေးရပါမည်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမည်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူအပုပ်တွေ ရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ၀မ်းသက်စေတဲ့ဆေး စသည် စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမည်၊ အစရှိသည်တို့သည် အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးခြင်းဖြစ်ပါသည်။

အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့အသက်ဆိုးတွေ ရှိနေရင် လျှော်ပေးရမည်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရမည်၊ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့်ရှင်းရေး လုပ်ပေးရမည်၊ အစရှိသည်တို့သည် အပြင်ဝတ္ထု သန့်ရှင်းအောင် လုပ်ပေးခြင်းဖြစ်ပါသည်။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မည်။ စိတ်ကြည်လင်လာရင် ဥာဏ်ပါကြည်လင် လာပါတော့သည်။ တရားအားထုတ်တဲ့ ယောဂီ၊ စီးပွားရေးလုပ်နေတဲ့သူများ၊ ကျောင်းသူ ကျောင်းသားများ၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမည်။

စိတ်ညစ်လာပြီဆိုရင်လည်း ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာ၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွတ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွတ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပါယ ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ "မြတ်စွာဘုရား၊ ဘရားတပည့်တော် ခန္ဓကိုယ်ထဲကို သီတင်း သုံးတော်မူပါဘုရား"လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီးဖြစ်နေရင် ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ၊ ပြီးရင် လက်အုပ်ချီထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ၅မိနစ်၊ မေတ္တာကို ၅မိနစ်၊ ၀ိပဿနာကို ၅မိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မည်။

အဓိက အကြောင်းရင်းက ဘယ်လိုအာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ဖြစ်ပါသည်။ ဒါကို ကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ထားဖို့လိုပါသည်။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါသည်။

ဘယ်လို အကြောင်းရင်း ဖြစ်ဖြစ်၊ စိတ်ညစ်နေရင် ရေချိုးကြည့်ပါ၊ စိတ်ချမ်းသာလာပါလိမ့်မည်။

မှီငြမ်းကိုးကား
http://dhammadownload.com/File-Library/YaWaiNgwe/YaWaiNgew-SaitNyitYinYaeChoePar.pdf


Thursday, 23 July 2015

ဝါဆိုသင်္ကန်းအလှူ ဖြစ်ပေါ်ပုံ နှင့် အလှူ၏အကျိုး




တစ်နေ့ နံနက်မိုးလင်းအချိန် ကျောင်းအမကြီး ၀ိသာခါအိမ်မှာ ဆွမ်းတွေပြင်လို့ပြီးတော့ သူ့အိမ်က ကျွန်မတစ်ယောက်ကို ကျောင်းကိုလွှတ်လိုက်ပါသည်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားကြွဖို့ ပင့်စေခဲ့သည်။ ကျွန်မလေးကလည်း အပြေးအလွှား ကျောင်းကိုသွား၊ ကျောင်းကိုရောက်တော့ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့ပါသည်။ ဒါနဲ့ အိမ်ကိုပြန်လာပြီး ရှင်မရေ “ကျောင်းမှာလဲ ရဟန်းတော်တွေ တစ်ပါးမှ မရှိဘူး။ တက္ကဒွန်းတွေ ရေချိုးနေတာကိုပဲ တွေ့ခဲ့တယ်လို့” ပြန်ပြောပြပါသည်။ (တက္ကဒွန်းဆိုတာ ဘုရားခေတ်တုန်းက ဘာအ၀တ်မှ မ၀တ်ဘဲ နေကြတဲ့သူတွေလေ၊ ဒီနေ့ခေတ်အထိ အိန္ဒိယနိုင်ငံမှာ ရှိနေသေးသည်။ အ၀တ် ၀တ်ထားရင် အ၀တ်အပေါ်မှာ တက်မက်တွယ်တာတဲ့စိတ်ရှိတယ်ဆိုပြီး အကုန်ချွတ်ထား တဲ့အဖွဲ့ဖြစ်ပါသည်။)

ကျောင်းအမကြီး ၀ိသာခါကတော့ တွေးတောတတ်တဲ့ ဥာဏ်အမြော်အမြင်ရှိ တော့ ကျွန်မလေးပြောတဲ့ စကားကို သဘောပေါက်လိုက်သည်။ “တက္ကဒွန်းတွေတော့ မဟုတ် နိုင်ဘူး၊ သင်္ကန်းသုံးထည်ကိုပဲ ၀တ်နေရတဲ့ ရဟန်းတော်တွေပဲ ဖြစ်ရမည်။ ဒီလိုနဲ့ ဘုရားအမှူးရှိတဲ့သံဃာတွေ အိမ်ကိုကြွလာ၊ ဆွမ်းကပ်ပြီး ကျွန်မလေး ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ဘုရားရှင်အားလျှောက်ပါသည်။ ဒါနဲ့ မြတ်စွာဘုရားက မိုးရေခံသင်္ကန်းကို ၀တ်ရုံသုံးစွဲခွင့်ပြုတယ်ဆိုပြီး ခွင့်ပြုခဲ့ပါသည်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံသုံးစွဲခွင့်ပြုတာကို အကြောင်းပြုပြီး ဒီနေ့ခေတ်မှာ ၀ါတွင်း(မိုးကာလ) မိမိတို့ကျောင်းမှာ သီတင်းသုံးတဲ့ရဟန်းတွေကို ၀ါဆိုသင်္ကန်းဆိုပြီး ကပ်လှူနေကြတာဖြစ်ပါသည်။

''အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . . ''
ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ '' ''၀တ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပါသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
   '' ရွှေသို့အဆင်း၊ မြူကြေးကင်း၍
     ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
     မကသိန်းဖိုး၊ ပုဆိုးရလေ၊
     ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
     ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ '' ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်ပါသည်။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင်ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကိုလည်း မလွဲမသွေ ရကြမည်ဖြစ်ပါသည်။

“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”

မှီငြမ်းကိုးကား
http://www.dhammaweb.net/notes/view.php?id=32
http://dhammalayeik.blogspot.sg/2012/07/blog-post_29.html

ရှစ်ပါးသီလ - အနက်အဓိပ္ပါယ်

(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်၌မြဲစွာ ဆောက် တည်ပါ၏။


( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်၌ မြဲစွာဆောက်တည်ပါ၏။


( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။


(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မေ့လျာ့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

နေ့လွဲညစာ စားခြင်းမှ၊ ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက   ဒဿ      န မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသန ဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း၊ ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ကို ကြည့်ရှု နားထောင် ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း ၊ ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော ပန်းအမျိုးမျိုး ပန် ဆင်ခြင်း၊ နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါးစသော နံသာပျစ်၊ နံ့သာပျောင်းကို၊ ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ လိမ်းကျံခြယ် လှယ်ခြင်း ငှာလည်း ကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း တို့ကို ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌အိပ်ခြင်း၊ နေထိုင်ခြင်း၊  မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”


Tuesday, 7 July 2015

"ဣနြ္ဒိယ သံဝရသီလ အကြောင်း တစ်စေ့တစ်စောင်း"

"ကိံ သီလန္တိ စေတနာသီလံ စေတသိကံသီလံ သံဝရောသီလံ
အ၀ီတိက္ကမော သီလန္တိ" (ပဋိသမ္ဘိဒါမဂ်)

"အဘယ် တရားသည် သီလ မည်သနည်း"
(၁)စေတနာ သည် သီလမည်၏။
(၂)စေတသိက်သည် သီလ မည်၏။
(၃)ပိတ်ဆို့စောင့်ရှောက်ခြင်း-သံဝရ သည် သီလမည်၏။
(၄)မလွန်ကျူးခြင်း-အ၀ီတိက္ကမသည် သီလ မည်၏။ ဟူ၍ ဗုဒ္ဓစာပေကျမ်းဂန်က ဆိုပါသည်။

(၁)စေတနာ သီလ ဆိုသည်က "သူ့အသက်သတ်ခြင်း"အစရှိသည့်
"ကာယဒုစရိုက်(၃)ပါး" နှင့် "၀စီဒုစရိုက်(၄)ပါး" တို့ကို ရှောင်ကြဉ်သောသူ ၏
"ကမ္မပထစေတနာ(၇)ပါး" ကို ခေါ်ခြင်းဖြစ်ပါ၏။

(၂)စေတသိက သီလ ဆိုသည်က "မမှန်စကားကိုပြောဆိုခြင်း"၊ "သူ့အသက်သတ်ခြင်း"
စသည်တို့ကို ရှောင်ကြဉ်သော"သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊သမ္မာအာဇီဝ"ဆိုသည့်
"၀ိရတိစေတသိက်(၃)ပါး"ကို ခေါ်ခြင်းဖြစ်ပါ၏။

(၃)သံဝရ သီလ ဆိုသည် က "ပိတ်ဆို့စောင့်ရှောက်ခြင်း" ဟူသော "သံဝရတရား" ကို
"သံဝရသီလ" ဟုခေါ်ဆိုပါ၏။ "သံဝရသီလ ၅မျိုး" ရှိပါသေးသည်။
(စကားမကျန်ရစေရန် လို, တို,ရှင်း တင်ပြပါမည်။)

(က)ရဟန်းတော်များအတွက် ပညတ်အပ်သောဝိနည်းသိက္ခာပုဒ် များစောင့်စည်းခြင်းကို
"ပါတိမောက္ခသံဝရ"ခေါ်ပါ၏။

(ခ)စက္ခုနြေ္ဒ,သောတိနြေ္ဒ စသော ဣနြေ္ဒ(၆)ပါး ကိုစောင့်စည်းခြင်း သတိ ကို "သတိသံဝရ"ခေါ်ပါ၏။

(ဂ)ပစ္စည်းလေးပါးကိုဆင်ခြင်၍မှီဝဲသုံးဆောင်သော ဉာဏ် ပညာ ကို "ဉာဏသံဝရ" ခေါ်ပါ၏။

(ဃ)ပူခြင်း၊အေးခြင်းတို့ကို သည်းခံခြင်း(အဒေါသ) ကို "ခန္တီသံဝရ" ခေါ်ပါ၏။

(င)စိတ်၌ဖြစ်ပေါ်လာသော ကာမ၀ိတက်ကိုသာယာမနေဘဲ ချက်ချင်းပယ်ဖျောက်ရန်
ကြိုးစားအားထုတ်မှုကို "၀ီရိယသံဝရ"ခေါ်ပါ၏။ ဤသည်တို့က
(သံဝရသီလ)အုပ်စုဝင်ငါးမျိုး ပင်ဖြစ်ပါ၏။

(၄)အ၀ီတိက္က သီလ ဆိုသည်က သီလဆောက်တည်ပြီးသောအခါ ကိုယ်,နှုတ် တို့ဖြင့်
ကာယကံ၊၀စီကံ တို့ကို မလွန်ကျူးခြင်း ကုသိုလ်စိတ္တုပါဒ် ကိုခေါ်ခြင်းဖြစ်ပါ၏။

"သီလ၏အကျိုးကား အဘယ်နည်း"ဟုမေးလာ သည်ရှိသော် - "သီလ"သည်
"စိတ်နှလုံးသာယာချမ်းမြေ့ခြင်းအကျိုး၊စိတ်နှလုံးချမ်းသာအေးမြခြင်း အာနိသင်ရှိ၏"ဟု
"အရှင်အာနန္ဒာ"ကို "ဗုဒ္ဓမြတ်စွာ ဘုရားရှင်" ဟောကြားတော်မူခဲ့ဖူးပါသည်။

"သီလနှင့် ပြည့်စုံရခြင်း ၏ အကျိုး(၅)ပါး"ကို မူ "သူကြွယ်"တို့အား ဟောပြောခဲ့သည်ဟု
ဗုဒ္ဓစာပေကျမ်းဂန် ကဆိုပါ၏။

(၁)သီလနှင့်ပြည့်စုံသူသည် မမေ့မလျော့ခြင်းအကြောင်းကြောင့် ကြီးစွာသောစည်းစိမ်ကိုရ၏။

(၂)သီလနှင့်ပြည့်စုံသူ၏ကောင်းသော ကျော်စော သတင်းသည် ပြန့်နှံ၍တက်၏။

(၃)သီလ နှင့်ပြည့်စုံသူသည် မင်း၊သူကြွယ်၊ရဟန်း စသည့် မည်သည့်ပရိတ်သတ်တွင်မဆို
ရဲရဲရင့်ရင့်၊ ကြောက်ရွံ့ခြင်းကင်းစွာ ကျက်သရေမင်္ဂလာရှိသည့် ရွှင်လန်းသောမျက်နှာဖြင့်
ချဉ်းကပ်ရ၏။

(၄)သီလရှိသူသည် မတွေမဝေ၊ကြည်ကြည်လင်လင် မိမိပြုထားသော ကုသိုလ်ကောင်းမှု တို့ကို
ထင်မြင်၍ သေရ၏။

(၅)ကိုယ်ခန္ဓာကြွေပျက်၍ သေပြီးသည့် နတ်ပြည်လောက သို့ မချွတ် ရောက်ရ၏။
(ဒီဃနိကာယ၊မဟာပရိနိဗ္ဗာနသုတ်)

ဣနြ္ဒိယ သံဝရသီလ သိလိုသည့် "ဣနြ္ဒိယ သံဝရသီလ" အကြောင်းကို ဆက်ပါမည်။
အဓိပ္ပါယ် ရှင်းပါမည်။ သည်းခံဖတ်ပါ။

"ထို ရဟန်း သည် မျက်စိဖြင့် "ရူပါရုံ" ကို မြင်၍ "နိမိတ်အမှတ် ကိုယူသည်မဖြစ်"
("နိမိတ် အမှတ်ယူသည်မဖြစ်"ဆိုသည်မှာ မိန်းမ၊ယောက်ျားဟု သိသော အသွင်သဏ္ဍာန်
အမှတ်နိမိတ်၊"ရာဂ" ဖြစ်စေသည့် သုဘနိမိတ်၊ "ဒေါသ" ဖြစ်စေသည့် မကောင်းနိမိတ်
စသည့် ကိလေသာပွားကြောင်း နိမိတ်အမှတ်ကို မယူ။
"မျက်စိဖြင့်မြင် သည့်အတိုင်းပကတိသာ တည်သည်" ဟုဆိုလိုပါ၏)

"ခြေ၊လက် အင်္ဂါ စသော အနုဗျဉ္ဇန ကို ယူသည်မဖြစ်" ("အနုဗျဉ္ဇန ကို ယူသည်မဖြစ်"
ဆိုသည်မှာ ကိလေသာတို့ကို အစဉ်မပြတ်၊ အထပ်ထပ်၊အဖန်ဖန်ထင်ရှားအောင်ဖြစ်စေ
တတ်သော "အနုဗျဉ္ဇန"ဟုခေါ်သည့် "ခြေ၊လက်-အမူအရာ၊ ပြုံးခြင်း၊ရယ်ခြင်း၊ပြောခြင်း၊
ကြည့်ခြင်း" စသည်တို့ကို အမှတ်မယူပဲ ထို "ကိုယ်ကာယ၌ ဆံပင်၊မွှေးညှင်း စသည့်
အစု သာ ရှိသည်" ဟု မှတ်ယူခြင်း ကိုဆိုလိုပါ၏)

"စက္ခုနြေ္ဒ ကိုစောင့်စည်းခြင်းကြောင့် ယုတ်မာသည့် အကုသိုလ် တရားတို့
မလိုက်ကြကုန်၊ထိုသို့ စက္ခုနြေ္ဒ ကိုစောင့်ရှောက်၍ကျင့်၏ ။
စက္ခုနြေ္ဒ ကို စောင့်စည်း ပိတ်ဆို့ခြင်း သို့ရောက်၏"

("စက္ခုနြေ္ဒ ကိုစောင့်ရှောက်ပိတ်ဆို့ခြင်းငှာကျင့်၏" ဆိုသည်မှာ စက္ခုနြေ္ဒ ဟူသော
တံခါးပေါက်ကို "သတိ"ဟူသော တံခါးရွက်ဖြင့် ပိတ်ဆို့ခြင်းငှာကျင့် ၏ ဟု ဆိုလိုပါ၏။)

("စက္ခုနြေ္ဒ ကိုစောင့်ရှောက်ပိတ်ဆို့ခြင်းသို့ရောက်၏" ဆိုသည်မှာ စက္ခုနြေ္ဒ အမည်ရသည့်
စက္ခုပသာဒ၏စောင့်စည်းခြင်း၊ မစောင့်စည်းခြင်း ကားမရှိချေ။အကြောင်းမှာ
စက္ခုပသာဒ ကိုအမှီပြု၍ "သတိ"သည်လည်းကောင်း၊"သတိလွတ်သောသူ၏အဖြစ်"သည်
လည်းကောင်း မရှိသောကြောင့် ဖြစ်၏။)

"ထို့အတူ နားဖြင့် အသံကိုကြား၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်းသို့ရောက်၏။

နှာခေါင်း ဖြင့် အနံ့ကိုနမ်းရှု၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

လျှာ ဖြင့် အရသာ ကို လျက် ၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

ကိုယ် ဖြင့် ဖောဋ္ဌဗ္ဗာရုံ ကိုတွေ့ထိ ၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

စိတ် ဖြင့် အာရုံ ကိုကြံသိ ၍ နိမိတ်အမှတ်ကို ယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

"ဣနြ္ဒိယသံဝရ သီလ" သည် "သတိ" ကြောင့် ပြီးပြည့်စုံနိုင်၏။ အကြောင်းမှာ သတိ သည်
စောင့်ရှောက်စိုးအုပ် သိမ်းဆည်းအပ်သည်ဖြစ်၍ သတိမြဲစွာတည်သည်ဖြစ်သော်
စက္ခု စသော ဣနြေ္ဒ တို့မှာ အဘိဇ္ဈာ,ဒေါမနဿ,စသည့် ကိလေသာတရားတို့ မတိုးမ၀င်
အစဉ်မလိုက်နိုင်သောကြောင့်ပေတည်း။

"အို..ရဟန်းတို့ ..။ အလျှံပြောင်ပြောင် တောက်လောင်လျှက်ရှိသော လောလောပူ သည့်
သံချောင်းဖြင့် မျက်စိ တည်း ဟူသော စက္ခုနြေ္ဒ ကို ထက်ဝန်းကျင်မှ လှည့်ပတ်၍မွှေခြင်းသည်
မြတ်လှချေသေး၏။ စက္ခုဝိဉာဏ် ဖြင့် သိအပ်ကုန်သော ရူပါရုံ တို့ ၌ ကိလေသာတို့ကို
အစဉ်ပွားစေအောင် မိန်းမ၊ယောက်ျား စသည့် နိမိတ် အမှတ် ကို ယူခြင်းသည် မမြတ်ချေသာတည်း"
စသောနည်းဖြင့် "အာဒိတ္တဒေသနာ"ကို "ဗုဒ္ဓမြတ်စွာဘုရား" ဟောကြားတော်မူ ပါသည်။

သို့အတွက် ဤဒေသနာတော်ကိုအစဉ်အောင်းမေ့၍ ရူပါရုံ အစရှိ ကုန်သော အာရုံတို့၌
သုဘနိမိတ် စသည်ကို စက္ခုဒွာရ စသည်တို့မှ ဖြစ်သော ဇော,၀ိညာဏ်, တို့၏ အဘိဇ္ဈာ စသည်တို့က
အစဉ် လိုက်၍စ္စွဲလန်းခြင်း ကို မမေ့မလျော့၊မပေါ့မလစ်သော သတိဖြင့် တားမြစ်ကာ
"ဣနြေ္ဒ သံဝရသီလ"ကို ကောင်းစွာပြည့်စုံစေအပ်၏။
*******************************************
"ဣနြ္ဒိယသံဝရ သီလ ကို စောင့်စည်းသော စံပြ ပုဂ္ဂိုလ်များ"

၁။ အရှင်ဝင်္ဂီသ မထေရ်
ရဟန်းပြုသစ်စဖြစ်သော "၀င်္ဂီသ မထေရ်" သည် ဆွမ်းခံကြွစဉ်
အလွန်လှပသောမိန်းမတစ်ဦးကိုမြင်၍ တပ်မက်ခြင်းရာဂ ပြင်းစွာ ဖြစ်ပေါ်၏။
ထိုအခါ "အရှင်အာနန္ဒာမထေရ်" အား ဤသို့လျှောက်၏။

"အရှင်အာနန္ဒာ ဘုရား- အကျွန်ုပ်ကို ကာမရာဂ ဟူသည့် မီးပြင်းသည်
အတင်းလောင်မြိုက်ပါ၏။ အကျွန်ုပ်၏စိတ်ကို တောက်လောင်၍နေပါ၏။
တောင်းပန်ပါသည်။ အစဉ်သနားသောအားဖြင့် ရာဂမီးတောက်
ပျောက်ပျက်ငြိမ်းအေးကြောင်း ကို ဟောကြားတော်မူပါဘုရား"

"အရှင်အာနန္ဒာ" က ဤသို့ညွှန်ကြား၏။
"အို ..ငါ့ရှင် ၀င်္ဂီသ ၊ အမှတ်သညာ၏ ဖောက်ပြန်ခြင်းကြောင့်
သင်၏စိတ် ကို ရာဂမီးသည် ဖိစီးတောက်လောင်ချေ၏။

ရာဂစိတ်ဖြစ်ပေါ်စေသည့် အာရုံနိမိတ်ကို ကျဉ်ဖယ်ပါလော့။
မတင့်မတယ် စက်ဆုပ်ဖွယ် ဟု အောက်မေ့သော အသုဘ ဘာဝနာ ကို
ပွားများလော့။ သင့် စိတ်ကို တစ်ခုတည်းသော အသုဘအာရုံ၌
ကောင်းစွာတည်ထား ပါလော့၊ တေဘူမိက သင်္ခါရတရား တို့ကို
သူစိမ်းပြင်ပ အစိုးမရသော တရားတို့ ဟူ၍ ရှုလေလော့။
အတ္တ ဟူ၍ မရှုလေ နှင့်။ အလွန်တန်ခိုးကြီးသော ရာဂမီးကို
ငြိမ်းအေးပါစေလော့။ အဖန်ဖန် မလောင်ကျွမ်းပါစေလင့်"

အရှင်ဝင်္ဂီသ မထေရ် သည် ရာဂ ကိုပယ်ဖျောက်၍ ဆွမ်းခံ လှည့်လည် လေ၏။

၂။ အရှင် စိတ္တဂုတ္တ မထေရ်
သီရိလင်္ကာ နိုင်ငံ ၊ကုရဏ္ဍက လိုဏ်ကြီး ၌ "၀ိပဿီ,သိခီ"အစရှိသော
ဘုရားရှင်(၇)ဆူတို့၏တောထွက်ခန်း ကို ပန်းချီဆေးရေးထားသည်ဆို၏။

အာဂန္တု ရဟန်းတို့က ကျောင်းသို့ရောက်ရှိလှည့်လည်လာသည့်အခါ
ထူးခြားကောင်းမွန်သည့် ထို ပန်းချီကားများကိုတွေ့သောကြလေ၏။
"အရှင်ဘုရား-ဆေးရေးပန်းချီကားတွေက နှလုံးမွေ့လျော်ဖွယ်
လှပဆန်း ကြယ်ပါပေ၏"ဟု ထို လိုဏ်ဂူ၌သီတင်းသုံးသူ"အရှင် စိတ္တဂုတ္တ မထေရ်"
ကို လျှောက်ထားကြ၏။

"ငါ့ရှင်တို့-အနှစ်ခြောက်ဆယ်ကျော်တို့ ကာလပတ်လုံး ငါသည် ဤလိုဏ်ဂူ ၌
ထိုပန်းချီကားများရှိသည်ကို မသိပေ။
ယခုမျက်စိကောင်းလှသော ငါ့ရှင်တို့ကို အမှီပြု၍သိရပေ၏"ဟု
မထေရ်ကြီး က ဆိုပါသည်။ မထေရ်ကြီးသည် ဤမျှကြားမြင့်စွာနေပါသော်လည်း
မျက်စိ ကိုဖွင့်၍ လိုဏ်ဂူကြီးကို မကြည့်ဖူးချေ။

ထိုအတူ -မထေရ်ကြီး သည် "ဘုရင်မင်းတရားကြီး" က ရှိခိုးသည်ဖြစ်စေ၊
"မိဖုရားကြီး"က ရှိခိုးသည်ဖြစ်စေ၊ "သုခိဟောတု မဟာရာဇ
(ဒကာတော် မင်းကြီး ချမ်းသာပါစေ)"ဟူ၍သာ ဆုပေးသည်ဆိုပါ၏။

ရဟန်းတို့က-"အရှင်ဘုရား-မင်းကြီး က ရှိခိုးသည်ဖြစ်စေ၊မိဖုရား က ရှိခိုးသည်ဖြစ်စေ
(သုခိဟောတု မဟာရာဇ)ဟူ၍သာ အဘယ့်ကြောင့် ဆိုတော် မူပါသနည်း ဘုရား"

"ငါ့ရှင်တို့-ငါသည် ဘုရင်မင်းကြီးဟူ၍လည်းကောင်း၊မိဖုရားကြီး ဟူ၍လည်းကောင်း
ပိုင်းခြားမှတ်သားခြင်းကိုမပြု "ဟု မထေရ်ကြီး က မိန့်တော်မူပါ၏။
မထေရ်ကြီးသည် ကုရဏ္ဍကလိုဏ်ဂူကြီးထဲမှာပင် မကျိန်းစက်တော့ဘဲ
ကမ္မဋ္ဌာန်းရှုမှတ်လေရာ သန်းခေါင်ယံအချိန်၌ အလုံးစုံသော တောင်ကြီး
ကိုပဲ့တင်ထပ်လျက် အရဟတ္တဖိုလ် သို့ ရောက်ပါ၏။

ထိုသို့ ဣနြ္ဒိယသံဝရ သီလ သည် အရဟတ္တ ဖိုလ်တိုင်အောင်
အကျိုးပေးနိုင်သည့်အတွက် အကျိုးလိုလားသူတို့သည်-

(၁)တောဝယ်ကျက်စား၍ တော၌ပျော်ပါးသော မျောက်သတ္တ၀ါ ကဲ့သို့ လည်းကောင်း၊

(၂)တောအတွင်းဝယ် ကြောက်လန့်ခြင်းပြင်းစွာတုန်လှုပ်လျက်နေလေ့ရှိသော
သားသမင် ကဲ့သို့လည်းကောင်း၊

(၃)မိဘဆွေမျိုး အားကိုးရာမဲ့ဖြစ်၍ ကြောက်ရွံ့တုန်လှုပ်သော
ကလေးသူငယ်ကဲ့သို့လည်းကောင်း၊

ကလိန်းကလက် ငဲ့ကွက်ကြည့်မျှော် လျှပ်ပေါ်လော်လီခြင်းမဖြစ်ရာ။
မျက်စိ ကိုအောက်သို့ချရာ၏။ရထားထမ်းပိုး တစ်ပြန်မျှသာကြည့်လေ့
ရှိသည်ဖြစ်ရာ၏။ တောမျောက် ကဲ့သို့ လျှပ်ပေါ်သည့်သဘောရှိသော
စိတ်၏အလိုသို့မလိုက်ရာ။

(၃) မဟာမိတ္တ မထေရ်
သီရိလင်္ကာ နိုင်ငံ၌ "မဟာမိတ္တ မထေရ်"၏မယ်တော်မှာ အဆိပ်ရှိသည့်
အသားမာနာ ပေါက်နေ၏။မယ်တော်သည် သမီးဖြစ်သူ ဘိက္ခူနီ အား
"အို-သခင်မ သင်၏မောင်တော် မဟာမိတ္တထေရ် ထံသို့သွား၍
ငါ ၏ မချမ်းမသာဖြစ်မှုကို ပြောကြားပြီးလျှင် ဆေးကိုဆောင်ယူခဲ့လော့"ဟု
ပြောဆို၏။

ထို ဘိက္ခုနီ သည် မထေရ်ကြီးထံသွား၍ မယ်တော်ကြီးမကျန်းမမာ အနာ
ပေါက်ကြောင်းလျှောက်ထားသောအခါ မထေရ်ကြီး က -

"ငါ သည် ဆေးမြစ်များကိုစုဖော်၍ ဆေးဖော်နည်းကိုမသိနားမလည်ပါ။
သို့စေကာမူ ဆေးနည်းကို ငါ ပြောကြားပေအံ့။

ငါ သည် ရဟန်းပြုသည့်အခါ ကာလ မှစ၍ ယနေ့တိုင်အောင်
 လောဘ နှင့်တကွဖြစ်သောစိတ် ဖြင့် ဣနြေ္ဒသံဝရသီလ ကိုချိုးဖောက်၍ မိန်းမတို့
၏ အဆင်းရူပါရုံ ကိုမကြည့်ခဲ့စဖူး။

ဤသစ္စာစကားကြောင့် ငါ၏ မယ်တော် ချမ်းသာ သည်ဖြစ်ပါစေသတည်း။
သင် သည် မယ်တော်ထံသွား၍ ငါ ၏ သစ္စာစကားကိုဆို၍ မယ်တော်၏
ကိုယ်ကိုပွတ်သပ်လေလော့"ဟု ဆိုပါ၏။

ထို ဘိက္ခုနီ သည် မယ်တော်ထံသွား၍ သစ္စာစကားဆိုလေရာ
ထိုစကားကိုကြားသည့်ခဏ၌ပင်လျှင် အသားမာ နာသည်ရေမြုပ်စိုင်ကဲ့သို့
ကြေ ပျက်၍ ပျောက်ကင်းသွားပါလေ၏။

ဤမျှဆိုလျှင် "ဣနြ္ဒိယသံဝရ သီလ"အကြောင်း သိတန်သလောက် သိပြီဟု မှတ်ယူပါသည်။

(ဓမ္မမိတ်ဆွေ "ညီငယ် ကိုကောင်းဆု(Kaung Su)" သို့ အမှတ်တရ ရှိစေဖို့ )

မှီခိုရာကျမ်းကိုး-
-"၀ိသုဒ္ဓိမဂ် အလင်းပြ နိဗ္ဗာန်လမ်းမကြီး"
(ပထမတွဲ)(ဒေါက်တာ မင်းတင်မွန်၊[မဟာသဒ္ဓမ္မဇောတိကဓဇ])
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ

သင့်ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
ဗုဒ္ဓကမ္ဘာဆိုက်မှ

Sunday, 28 June 2015

ကြီးပွားတိုးတက်သော အကျင့်ကောင်း ၇မျိုး

ကြီးပွားတိုးတက်သော အကျင့်ကောင်း ၇မျိုး

(၁) အမြဲတမ်း နိုးကြားတက်ကြွနေရသည်။ ပျင်းရိခြင်း ၆ပါးကို ပယ်ရသည်။ ပျင်းရိခြင်း ၆ပါးသည်
     စောခြင်း၊ နောက်ကျခြင်း
     ဆာလွန်းခြင်း၊ ပြည့်လွန်းခြင်း
     အေးလွန်းခြင်း၊ ပူလွန်းခြင်း တို့ဖြစ်သည်။

(၂) အထိန်းအကွပ် သတိ ရှိရသည်။

(၃) မိမိတို့ လုပ်နေတဲ့အလုပ်သည် သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင် ရှိရသည်။

(၄) မိမိတို့၏ အလုပ်ကို ဘက်စုံ၊ ထောင့်စုံကြည့်ပြီး၊ စူးစူးဆန်းဆန်း၊ စေ့စေ့စပ်စပ် လုပ်ရသည်။

     အလုပ် တစ်ခုလုပ်ဖို့ လိုအပ်တဲ့ စွမ်းအား ၄မျိုးသည်
     (1) Man Power
     (2) Material Power
     (3) Money Power
     (4) Mind Power တို့ဖြစ်သည်။

     အသင်းအဖွဲ့ တည်ထောင်ရန်၊ အဖွဲ့ဝင်များညီမျှရန်လိုသည့် အချက်၎မျိုးသည်
     (1) သဒ္ဓါ၊
     (2) သီလ၊
     (3) စာဂ၊
     (4) ပညာ တို့ဖြစ်သည်။

(၅) မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ စောင့်စောင့်စည်းစည်း လုပ်ရသည်။

(၆) မိမိတို့ အသက်မွေးတဲ့ ကိုယ့်အသက်သည် ဓမ္မနှင့် ညီညွတ်ရသည်။
အဓမ္မနည်းဖြင့် အသက်မွေးခြင်း ၅မျိုး - အဆိပ်၊ လက်နက်၊ ယစ်မူးစေတဲ့အရာ၊ အသားစား သတ္တ၀ါ နှင့် လူကုန်ကူးခြင်း

(၇) မိမိတို့၏ဘ၀ကို ဘယ်သောအခါမှ မမေ့ရ။

မှတ်ရန်။ ဆင်းရဲသောသူ၊ ဆင်းရဲသောလူမျိုးတို့၏ အရင်းအနှီးသည် ကိုယ့်ကျင့်တရားဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီး ဦးဥာဏိဿရ ဟောကြားထားသော youtube link မှတဆင့်
ပူဇော်ထားခြင်းဖြစ်သည်။

ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”

Thursday, 4 June 2015

စာလုံးဆင့် ဖတ်နည်း

စာလုံးဆင့် ဖတ်နည်း လင်္ကာ

(၁) နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါ မြဲဧကန်။

(၂) သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ။

(၃) သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င-သတ်သံ။

(၄) သဝေလည်းချ၊ သတ်မြင်က၊ မှတ်ကြ ၀-ဆွဲသံ။

(၅) ဟထိုး ၀ဆွဲ၊ ရရစ် ယပင်း၊ တွေ့လျင်းက၊ နှစ်ဝတာဝန်၊ ကျေပွန်စေရန်၊ အသံ အသတ် ယူမြဲမှတ်။


(၁) အဓိပ္ပါယ်မှာ  -  အက္ခရာ ၂-လုံးဆင့် တွေ့လျှင် အပေါ်တွင် ရှိသော အထက် အက္ခရာကို အသတ်တင်၍ ဖတ်၊ အသံသေပြီ၊
ရှေ့ အက္ခရာ နှင့် တွဲ၍ ဖတ်ရမည်။
ဥပမာ။ ။ သမန္တာ - သမန်တာ။
           စက္က၀ါဠေသု  -  စက်က၀ါဠေသု။
           သဒၶမၼံ  -  သဒ္ဓမ္မံ။


(၂) အဓိပ္ပါယ်မှာ  - သဝေထိုးနှင့်တွဲသော  တ-သတ်ကို  စ-သတ် အသံထွက်၍ ဖတ်ရမည်။
ဥပမာ။ ။ မေတ္တာ  -  မေတ်တာ (မစ်တာ - ဟုဖတ်)။
           ခေတ္တာ  -  ခေတ်တရာ (ခစ်တရာ- ဟုဖတ်)။


(၃) အဓိပ္ပါယ်မှာ  - သဝေထိုးနှင့်တွဲသော  န-သတ်ကို  င-သတ်  အသံထွက်၍ ဖတ်ရမည်။
ဥပမာ။ ။ ပူရေန္တံ  -  ပူရေန်တံ (ပူရင်တံ - ဟုဖတ်)။
           သမေန္တု  -  သမေန်တု (သမင်တု - ဟုဖတ်)။
           ဒဿန္တေိ  -  ဒသ်သေန်တိ (ဒသ်သင်တိ - ဟုဖတ်)။

(၄) အဓိပ္ပါယ်မှာ  -  အသတ်နှင့်တွဲသော သဝေထိုးရေးချကို  ၀ဆွဲ  အသံထွက်၍ ဖတ်ရမည်။
ဥပမာ။ ။ သောတ္ထနံ - သောတ်ထာနံ (သွတ်ထာနံ - ဟုဖတ်)။
            ကောဏ္ဍည - ကောဏ်ဍည (ကွဏ်ဍည - ဟုဖတ်)။
            ဟောန္တု - ဟောန်တု (ဟွန်တု - ဟုဖတ်)
မှတ်ချက်။ ။ သဝေထိုးရေးချကို ပါဋ္ဌိ၌ သြ-သရ ဟုခေါ်သည်။


(၅) အဓိပ္ပါယ်မှာ  - ဟထိုး, ၀ဆွဲ, ရရစ်, ယပင့် အက္ခရာစာလုံးများနှင့်တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည်။ မိမိ၏ မူလအသံကိုလည်း ထွက်ရသည်။
ဥပမာ။ ။ အမှ - အမ်မှ။
           ကဏွ - ကဏ္ဏွ။
           တုမွ - တုမ္မွ။
           သဏွ - သဏ္ဏွ။
           ပုဗ္ဗနှ  -  ပုဗ်ဗန်နှ


ဤပြယုဂ်တို့၌ ဟထိုးနှင့် တွဲသော မ၊ ဏ၊ န-အက္ခရာတို့သည် အသတ် တာဝန်ကိုလည်း ယူရသည်။ မိမိ၏ မူလဗျည်းအသံလည်း ထွက်ရမည်။ အသတ်နှင့် အသံ တာဝန် ၂-မျိုးကို ယူထားသည်။
သကျ - သက်ကျ။  ၀ါကျ - ၀ါက်ကျ။  နိသ် - နိသ္သ်(နိသ္သယ)


ဤပြယုဂ်တို့၌ ယပင့်နှင့် တွဲသော က နှင့် သ-တို့သည် အသတ်နှင့် အသံတာဝန် ၂-မျိုးကို ယူထားသည်။
စကြာ - စက်ကြာ။  အတြာ - အတ်တြာ။  မတြာ - မတ်တြာ


ဤပြယုဂ်တို့၌ ရရစ်နှင့် တွဲသော က နှင့် တ-အက္ခရာတို့သည် အသတ် နှင့် အသံ တာဝန် ၂-မျိုးကို ယူထားသည်။
ကတွာ - ကတ်တ၀ါ။ ဒတွာ - ဒတ်တ၀ါ။ ပတွာ - ပတ်တ၀ါ။ ၀တွာ - ၀တ်တ၀ါ။


ဤပြယုဂ်တို့၌ ၀-ဆွဲ နှင့် တွဲသော က-အက္ခရာတို့သည် အသတ်နှင့် အသံ-၂မျိုးကို ယူထားသည်။
မှတ်ချက်။ ။ ဟထိုးသည် ဟ၊ ယပင့်သည် ယ၊ ရရစ်သည် ရကောက်၊ ၀-ဆွဲသည် ၀-အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ်ရသည်။


ဆရာတော် ဘဒ္ဒန္တတုစိတ္တာဘိဝံသ၏ လူတိုင်းအတွက် လက်တွေ့အသုံးချပဋ္ဌာန်း စာအုပ်မှတဆင့် ပူဇော်ထားခြင်းဖြစ်သည်။ ဆက်လက်၍ တရားဓမ္မများကို လေ့လာ သင်ယူ ပူဇော်၍ ကျင့်ကြံပွားများ အားထုတ်ရန် တိုက်တွန်းပါသည်။

“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”



Tuesday, 19 May 2015

ဝိပလ္လာသ

ပုထုဇဉ်တို့၏  အသိမှန်သမျှသည်  အားလုံးအမှားသိ၊ (သို့မဟုတ်)
မပြည့်စုံသော  အသိများသာ ဖြစ်ကြ၏။

၎င်းအသိမျိုးကို  ပါဠိဝေါဟာရအားဖြင့်  ၀ိပလ္လာသ  ဟုဆို၏
ဝိပလ္လာသ  အနက်မှာ  ပြောင်းပြန်  ဖြစ်၏။

ထို့ကြောင့်  ပုထုဇဉ်တို့သည်  လောကကို  ပြောင်းပြန်မြင်ကြ၏။

အနိစ္စကို  နိစ္စဟုမြင်၏။  ဒုက္ခကို  သုခ ဟုမြင်၏။
အနတ္တကို  အတ္တဟုမြင်၏။  အသုဘကို  သုဘ ဟုမြင်၏။

အကျဉ်းအားဖြင့်  ဆိုရလျှင်  အမှားကို  အမှန်ဟု  မြင်ခြင်းပင်  ဖြစ်၏။
ထိုသို့  ပြောင်းပြန်  မြင်နေကြသော်လည်း  မိမိတို့  အမြင်ကို  အမှန်ဟု  ထင်ကြ၏။

အရှင်မဟာဗုဒ္ဓယောသ


ယောအတွင်းဝန်ဖိုးလှိုင်၏ တဘောင်

အောင်အတိတ် တဘောင်

သာသနာတစ်ဝက်ခရီးမှာဖြင့်

ဗမာတွေ  ကနက်ထီးတွေနဲ့

ပျက်စီးဘို့  အရေးကြုံ

ရွှေပေးလို့  မောင်မယုံ

ငွေပေးလို့  မောင်မယုံ

နယ်ကုန်အောင်  ဖြစ်မဲ့အရေး

သည်ဥာဏ်နဲ့တွေး

အတိတ်ကယ်ဆောင်

အောင်နိမိတ်ဘောင်လှုပ်ရှား

တံတားတွေ  တွင်တွင်ဆောက်ပါလို့

ဘုရားတွေ  ရင်ပြင်လဲမှဖြင့်

တခြားပြည် ၀င်ကာနောက်လိမ့်မယ်၊

တခြားပြည် ၀င်ကာမနှောက်ရအောင်

ပြည်တော်ပြန် .စု.မယ်.ထွေး.

နန်းတက်မှ အေး...။


Sunday, 17 May 2015

ဒါနလုပ်တဲ့ မူငါးချက်

၁။ သဒ္ဓါတရား တက်သန်စွာနဲ့ ယုံယုံကြည်ကြည်လှူတယ်။

၂။ ပစ္စည်းကိုလည်း သန့်သန့် ရှင်းရှင်းထား၊ အလှူခံကိုလည်း လေးစားပြီး ရိုရိုသေသေလှူတယ်။

၃။ လိုအပ်တဲ့အခါ လိုအပ်တာကို လှူတယ်။

၎။ အလှူခံရဲ့ လှူဖွယ်ဝတ္ထုအပေါ် မငြိမကပ် မတွယ်တာပဲ လွတ်လွတ်ကျွတ်ကျွတ် ပြတ်ပြတ်သားသား လှူတယ်။

၅။ မိမိနဲ့ တစ်ပါးကို မထိမပါး မပုတ်မခတ်ပဲ လှူတယ်။ အပြိုင်အဆိုင်စိတ်မျိုးနဲ့ မလှူပဲ ပစ္စည်းရဲ့ အနှစ်ကို ထုတ်ယူတဲ့အနေနဲ့ လှူတယ်။

အမရပူရ - ဦးထော်

Monday, 11 May 2015

ကုသိုလ်ရအောင် နေနည်း

ကုသိုလ်တစ်ခုခုဖြစ်ဖို့ရာ အချက်၎ချက်နဲ့ ပြည့်စုံရသည်။

(၁)။ မိမိစိတ်ကို အမြဲတမ်း ကုသိုလ်စိတ်ဖြစ်စေရမည်ဟု သန္နိဋ္ဌာန် ချထားရသည်။

(၂)။ စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွတ်စေရသည်။

(၃)။ ကုသိုလ်စိတ်ကို အမြဲတမ်းလေ့ကျင့်ပေးရသည်။

(၄)။ အဲဒီ အချက်တွေနဲ့ ယောနိသောမနသိကာရ ထားနိုင်ရသည်။

အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ "အမြဲတမ်း ကုသိုလ်စိတ်" ဖြစ်နေမည်။ ကုသိုလ်တွေ များလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာမည်။ ဒီဘ၀မှာလည်း ကောင်းကျိုးချမ်းသာရရှိမည်။  နောင်ဘ၀မှာလည်း ကောင်းတဲ့ အကျိုးကို ခံစားရမည်။  နှစ်ဖက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုး များများရအောင် ကျင့်ယူရမည်။

(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

Sunday, 10 May 2015

ပဋ္ဌာန်း ၂၄ - ပစ္စည်း (ပစ္စယုဒ္ဒေသ) အဓိပ္ပါယ်အကျဉ်း


၁။   ဟေတုပစ္စယော
      ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ်
      by Way of Root

၂။   အာရမ္မဏပစ္စယော
      အာရုံခြောက်ပါးဖြစ်၍
      of Object

၃။   အဓိပတ္တိပစ္စယော
      အကြီးအမှူးဖြစ်၍
      of Dominance

၎။   အနန္တရပစ္စယော
      အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍
      of Contiguity

၅။   သမနန္တရပစ္စယော
      ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍
      of Immediate Contiguity

၆။   သဟဇာတပစ္စယော
      အတူတကွ ဖြစ်၍
      of Co-Existence

၇။   အညမညပစ္စယော
      အချင်းချင်း အပြန်အလှန်
      of Reciprocity

၈။   နိဿယပစ္စယော
      မှီရာဖြစ်၍
      of Dependence

၉။   ဥပနိဿယပစ္စယော
      အားကြီးသောအကြောင်းဖြစ်၍
      of Sufficing Condition

၁၀။   ပုရေဇာတပစ္စယော
        ရှေး၌ဖြစ်နှင့်၍
        of Pre-Existence

၁၁။   ပစ္ဆာဇာတပစ္စယော
        နောက်၌ဖြစ်၍
        of Post-Existence

၁၂။   အာသေ၀နပစ္စယော
        အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍
        of Habitual Recurrence

၁၃။   ကမ္မပစ္စယော
        အကြောင်းကံဖြစ်၍
        of Kamma

၁၄။   ၀ိပါကပစ္စယော
        အကျိုးဖြစ်၍
        of Effect

၁၅။   အာဟာရပစ္စယော
        ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍
        of Food

၁၆။   ဣန္ဒြိယပစ္စယော
        အစိုးရသည်ဖြစ်၍
        of Control

၁၇။   ဈာနပစ္စယော
        ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍စူးစူးစိုက်ရှူတတ်သည်၏အဖြစ်ဖြင့်
        of Jhana

၁၈။   မဂ္ဂပစ္စယော
        သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍
        of Path

၁၉။   သမ္ပယုတ္တပစ္စယော
        ယှဉ်သည်ဖြစ်၍
        of Association

၂၀။   ၀ိပယုတ္တပစ္စယော
        မယှဉ်သည်ဖြစ်၍
        of Dissociation

၂၁။   နတ္ထိပစ္စယော
        မရှိသည်ဖြစ်၍
        of Absence

၂၂။   ၀ိဂတပစ္စယော
        ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍
        of Abeyance

၂၃။   အ၀ိဂတပစ္စယော
        မကင်းသည်ဖြစ်၍
        of Continuance





Monday, 4 May 2015

ဘာသာအယူဝါဒ စစ်တမ်း



ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း ငြင်းခုံခြင်းဖြင့်၊ 

ဆင်းရဲဒုက္ခ၊ ရောက်ကြကုန်၏။

ဝါဒအယူ၊မှားခဲ့မူကား၊ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊

လေးဝပါယ်ဘုံ၊ဘေးတွေ့ကြုံလိမ့်။

စေ့စုံဥာဏ်ဖြင့် မြှော်ထောက်ချင့်ကာ....

(၁) တစ်ဆင့်ကြားသိ

(၂) မိရိုးဖလာ

(၃) ကောလာဟလ၊

(၄) ကျမ်းစာမျှနှင့်၊

(၅) ကြံဆနည်းမှီ၊

(၆) ဆီလျှော်သုံးသပ်

(၇) ယူချင်းထပ်၍

(၈) ယုံအပ်သူပဲ

(၉) ဆရာစွဲဖြင့်၊ လွဲပုံစိတ်ချ၊ 

မယူကြလင့် ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဥာဏ်ဖြင့်၊

မှားမှန်ကောင်းဆိုး၊သိအောင်ကြိုးဟု၊

မျိုးကာလာမ၊ဟောညွှန်ပြ၊ ၀ါဒအယူစစ်တမ်းပေ။

(မဟာဂန္ဓာရုံ ဆရာတော်ကြီး)

“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ “အကုသိုလ်ကံ”




“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ “အကုသိုလ်ကံ” ဆိုတာ ကတော့ အမျိုးမျိုးဖြစ်နိုင်ပါသည်။

သူတစ်ပါးကို ရူးသွပ်လောက်အောင် နှိပ်စက်ညှဉ်းပန်းမယ်၊ စိတ်ဆင်းရဲ၊
ကိုယ်ဆင်းရဲဖြစ်အောင်လုပ်မယ်ဆိုရင် အဲဒီကံ အကျိုးပေးတဲ့ဘ၀ ကိုယ်လည်းရူးသွပ်ရမှာပဲ။

တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာကိုယ့်ကို
စွဲလမ်းပြီး၊အရူးတစ်ပိုင်းဖြစ်သွားမယ်ဆိုလည်း အဲဒီကံကြောင့် တစ်ချိန်မှာ ကိုယ်လည်း ရူးသွပ်ရမှာပါ။

ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့
ကိုယ့်ကို ရူးမတတ် ချစ်သွားအောင် ဆိုတဲ့စိတ်ထားနဲ့ ဉာဏ်နီ ဉာဏ်နက်သုံးတာမျိုး၊
မူယာ မာယာများတာမျိုး၊ မြူဆွယ်ဖြားယောင်းတာမျိုး၊ လိမ်ညာလှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ကြရပါမည်။

သူ့စိတ်နဲ့သူ စွဲလမ်းတမ်းတတာကတော့ ကိုယ်နဲ့ မဆိုင်ပါဘူး။

တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စွဲလမ်းအောင် လုပ်တာဆိုရင်တော့ စိတ်ထားကိုက ရူးစေချင်တဲ့စိတ်ထားမို့
အဲဒီ အကျိုးသက်ရောက်မှုက ကိုယ့်ဆီလည်း သေချာပေါက် ပြန်ရောက်လာပါလိမ့်မည်။

ရူးသွပ်မှုကို ဖြစ်စေတဲ့ အကုသိုလ်ကံတွေထဲမှာ အဓိက အကျဆုံး၊ အကြီးမားဆုံး
အကုသိုလ်ကံကတော့ “ သေရည်သေရက်သောက်စားခြင်း” ပါပဲ။

မူးမူးရူးရူးဆိုတဲ့အတိုင်း မူးရင်ရူးတတ်သလို၊
မူးနေတာကိုက ရူးခြင်းတစ်မျိုးပါပဲ။

မူးရူးသောက်စား(သို့မဟုတ်) သောက်စားမူးရူး
ဆိုတဲ့အတိုင်း သောက်စားနေတာဟာ မူးရူးနေတာပါပဲ။

မူးပြီဟေ့ဆိုရင် အရူးတစ်ယောက်လိုပဲ
ဟိုပြောဒီပြောနဲ့ နှုတ်စောင့်စည်းမှု မရှိတော့ပါဘူး။

ပြောသင့်မှန်းမသိ၊ မပြောသင့်မှန်းမသိနဲ့
စွတ်ပြီး ပြောတော့တာပါပဲ။

ရူးနေတဲ့လူ ဘာမှမသိသလို၊
မူးနေတဲ့သူလည်း ဘာမှ မသိတော့ပါဘူး။

ဒါကိုပဲ သွေးတွေကြွလာပြီး၊အာသွက်လျှာသွက်နဲ့
စကားပြောလို့ ပိုကောင်းလာတယ်လို့
အရက်သောက်သုံးသူတွေက သဘောကျကြသည်။

“ဆက်ရက်မင်းစည်းစိမ်” အဖြစ် သာယာ ယစ်မူးကြပါသည်။

ရေချိန်မကျော်သေးလို့ ကိုယ်ပြောတာ
ကိုယ်သိတယ်ပဲ ထားဦးတော့ မူးနေတဲ့အချိန်ဟာ
ရူးနေတဲ့အချိန်နဲ့ အတူတူပါပဲ။

ရူးနေတဲ့သူဟာ အမှတ်သညာ ကင်းမဲ့နေသလို၊
မူးနေတဲ့သူဟာလည်း အမှတ်သညာ ကင်းမဲ့နေတတ်သည်။

အရက်၊ဘီယာစတဲ့ မူးယစ်စေတတ်တဲ့အရာတွေ
သောက်သုံးနေတာဟာ မှတ်ဉာဏ်အားနည်းကြောင်း
အကုသိုလ်၊ ဉာဏ်ထိုင်းကြောင်းအကုသိုလ်၊
စိတ်မမှန်ကြောင်း အကုသိုလ်၊
ရူးသွပ်ကြောင်း အကုသိုလ် ဆည်းပူးစုဆောင်းနေတာပါပဲ။

သူတစ်ပါးကို ဒုက္ခပေးပေး မပေးပေး၊
ကိုယ့်ဘ၀ပျက်ပျက် မပျက်ပျက်၊
အတိုင်းအတာ ရေချိန်ကျော်ကျော်၊မကျော်ကျော်၊
အရက်ဘီယာ သောက်တိုင်း
ဉာဏ်ထိုင်းစေတဲ့ဓာတ်တွေ၊
မေ့လျော့စေတဲ့ဓာတ်တွေ ဖောက်ပြန်စေတဲ့ ဓာတ်တွေ၊
ရူးသွပ်စေတဲ့ ဓာတ်တွေ ကိုယ်ရဲ့စိတ်အစဉ်မှာ စွဲကပ်၊
စွဲကပ်သွားပါသည်။စုမိသွားပါသည်။

အရက်သေစာ သောက်သုံးခြင်းရဲ့ အပေါ့ပါးဆုံး
ဆိုးကျိုးက “ရူးသွပ်ခြင်း နဲ့ စိတ်ဖောက်ပြန်ခြင်း”လို့
မြတ်စွာဘုရားက ဟောကြားထားတာမို့၊
မရူးသွပ်လိုသူတိုင်း၊ စိတ်ပုံမှန်ဖြစ်လိုသူတိုင်း
အရက်၊ဘီယာစတဲ့ မူးယစ်သေရည်မှန်သမျှကို
ဘိန်းဖြူ၊ စိတ်ကြွဆေးပြားစတဲ့ မူးယစ်ဆေးဝါး
မှန်သမျှကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

(ရွှေပါရမီဆရာတော်)

Sunday, 3 May 2015

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသမိတ်ဆက်


ကျွန်တော်သည် ပဋ္ဌာန်းအကျယ် အဓိပ္ပါယ်ကို အရင်က လေ့လာဖူးသော်လည်း၊ အခြေခံ မရှိခြင်းကြောင့် ရှင်းရှင်းလင်းလင်း မသိခဲ့ပါ။

ခင်မင်ရသော အမ တစ်ယောက်၏ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသမိတ်ဆက် ကို သူမ၏ ဘလော့ပေါ်မှ ပူဇော်ခွင့်ရသောအခါမှ ပဋ္ဌာန်းအကျယ် အဓိပ္ပါယ်ကို ရှင်းလင်းစွာ သိခွင့်ရပါသည်။

တရားကို ပူဇော်သောအားဖြင့်လည်းကောင်း၊ သူမကို ကျေးဇူးတင်သောအားဖြင့်လည်းကောင်း၊ ကျွန်တော် နားလည်သည်ထက် စာဖတ်သူများ ပိုမို နားလည်စေသောအားဖြင့်လည်းကောင်း သူမ၏ ဘလော့နှင့် ပစ္စယနိဒ္ဒေသမိတ်ဆက်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။



အယူဝါဒ ခြောက်ခု


အမှန်ဆိုတဲ့ သစ္စာတရားကို သိရင် တော်ရောပေါ့၊ ဘာလို့ ကျန်တဲ့ အမှားတွေကို လေ့လာရဦးမှာလဲ ဆိုပြီး
ဆရာ့ကို ကျွန်တော် စောဒက တက်ခဲ့ဖူးသည်။ 

မွေးရာပါ မျက်စိကန်းနေသူက၊ မျက်စိမြင်ရတဲ့အချိန်မှာ မျက်စိအလင်းရဲ့  တန်ဖိုးကို နားလည်သလိုမျိုး
ဥပမာပေး၍ ဆရာက ရိုးရိုးလေး ရှင်းပြခဲ့ပါသည်။ 

မတူတဲ့ အရာတွေကို ယှဉ်ကြည့်တော့မှ အဲသည့်အရာတွေရဲ့  တန်ဖိုးကို ပိုမြင်၊ ပိုတန်ဖိုးထားတတ်ကြတာ
လူ့သဘာဝလို ဖြစ်တတ်ပါသည်။

တကယ်လို့သာ ဗုဒ္ဓမြတ်စွာဘုရား မပွင့်ပေါ်ခဲ့ဘူးဆိုရင် ကျွန်တော်သည် ထိုအယူဝါဒထဲက
တစ်ခုခုကို လက်ခံမှာ သေချာသလောက် ဖြစ်ပါသည်။ 

Tuesday, 14 April 2015

မဖျားမနာ ကျန်းမာအာင် နေနည်း



စာအုပ်၏ အမည်သည် မဖျားမနာအောင် နေနည်း ဖြစ်သည်။ စာရေးသူ မင်းစံအိမ် ရေးထား၍ ဒေါက်တာ ဖြူဝေလွင် တည်းဖြတ်ထားသည်။ မူရင်းစာရေးသူ Dr. Hiromi Shinya ၏ ရေးသားချက်များကို ဘာသာပြန်ထားသော စာအုပ် တစ်အုပ် ဖြစ်ပါသည်။ ထိုစာအုပ်တွင် ပါဝင်သော ကျန်းမာရေး အချက်များကို အကျဉ်းချုပ် ပြောပါမည်။

ခန္ဓာကိုယ်တွင်း၌ အင်းဇိုင်းဓါတ်သည် မရှိမဖြစ်လိုသည်။ ကိုယ်တွင်းက အင်းဇိုင်းဓါတ်ကို အလွန်အကျွံ ကုန်ဆုံးမှု မဖြစ်အောင် အစွမ်းကုန် ဆင်ခြင်ထိန်းသိမ်းသွားဖို့ လိုသည်။ အရက်များများသောက်ခြင်းရဲ့  ဆိုးကျိုးတစ်ခုသည် အင်ဇိုင်းကို လျော့စေသည်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မကောင်းတဲ့ အစားအသောက် အနေအထိုင် အစွဲအလေ့ရှိခြင်း၊ ဆေးစားဆေးသောက်များခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် လျှပ်စစ်သံလိုက်လိုင်းသင့်မှု စသည်များသည်လည်း အင်ဇိုင်းကို လျော့စေပါသည်။

ဝမ်းချုပ်၊ ၀မ်းပျက်၊ အိပ်မပျော်၊ ပခုံးပတ်လည်ရောင် အစရှိသည့် ရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်မှာ
အန္တရာယ်ရှိကြောင်းဆိုတဲ့ သတိပေးဖော်ပြချက်များ ဖြစ်နိုင်၍ လစ်လျူ ရှု မထားသင့်ပါ။

၁။ ဒိန်ချဉ်သောက်ရင် အစာအိမ်အတွက် အကျိုးရှိသည်။ နွားနို့သောက်ရင် ကယ်စီယမ် ဖြည့်နိုင်သည်။
၂။ Low Calorie / High Protein လို့ ရေးထားတဲ့ Ready Made အစာတွေကို များများစားသင့်သည်။
၃။ လက်ဖက်ရေနွေးကြမ်း များများ သောက်သင့်သည်။
၎။ ရေကို ဆူနေအောင် တည်ပြီးသောက်သည်။

အထက်မှာ ပါရှိတဲ့ အချက် ၄ ချက်ဟာ လူအများ လက်ခံထားကြသော မှားယွင်းသော ကျန်းမာရေး ယူဆချက်များဖြစ်သည်။ ဒိန်ချဉ်နေ့တိုင်းသောက်တဲ့ လူတွေရဲ့  အစာအိမ် လမ်းကြောင်း ကောင်းသူကို တွေ့ရခဲသည်။ နွားနို့ နေ့တိုင်း သောက်တဲ့ လူတွေမှာလည်း အရိုးပွနေကြတာကို တွေ့ရသည်။

လက်ဖက်ရေနွမ်း အရမ်းသောက်ချင်တဲ့သူများ ထမင်းစားပြီးမှသာ သောက်သင့်သည်။ ၁ ရက်မှာ ၂ - ၃ ခွက် သောက်တာ အသင့်တော်ဆုံးဖြစ်သည်။ အစာအိမ်အတွက် Vitamin A လိုအပ်သည်။ အစာအိမ် မသက်မသာဖြစ်တိုင်း အစာအိမ်ဆေးကို အမြဲတမ်း မသောက်ပါနဲ့။ အင်ဇိုင်းပါတဲ့ အာဟာရ ဓါတ်စာကိုသာ သုံးစွဲပါ။ ညစာကို အိပ်ရာဝင်ချိန် ၄ - ၅ နာရီ ခွာပြီး စောစော စားပါ။ အိပ်တဲ့အခါမှာ ဗိုက်ထဲ အစာ မရှိတာဟာ အကောင်းဆုံးပါ။ မလိုအပ်ပဲ ပဋိဇီဝဆေးတွေကို မသုံးသင့်ပါ။ ပဋိဇီဝဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ဆိုတာ ရှိမြဲဖြစ်သည်။ ၀မ်းတစ်လုံးကောင်း၊ ခေါင်းမခဲဆိုတဲ့ အတိုင်း ၀မ်းတွင်း အစာအိမ် ကျန်းမာရေးကို ဂရုစိုက်ပါ။

အင်ဇိုင်းကြွယ်ဝတဲ့ အစာတွေကို နေ့စဉ်ရွေးစားပါ။ အစာကို ကြေညက်အောင် ၀ါးစားပါ။ နွားနို့သောက်လွန်းခြင်းသည်၊ ဒိန်ချဉ်ကို နေ့တိုင်း များများသောက်ရင်လည်း အကျိုးမများစေနိုင်ပါ။ ကျန်းမာအောင် အစားအစာကို ရွေးစားပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ နွားနို့၊ ထောပတ် ဖြတ်ပါ။ ကိုယ်ကြိုက်လို့ဆိုပြီး အကန့်အသတ်မရှိ အစား၊အသောက် မပြုပါနဲ့။ သစ်သီး၊ အရွက်စားပါ။

ငါး၊ ပုဇွန်၊ ပင်လယ် ကျောက်ပွင့်တွေမှာ Calcium တွေပါဝင်သဖြင့် ထိုအစာတွေကို စားပါ။ ရက်လွန်နေတဲ့၊ အောက်ဆီဂျင်နဲ့ ထိတွေ့မှုများပြီးသော၊ သံချေးတက်နေတဲ့ အစားအစာများကို မစားသင့်။ Ready Made, Preserve Food များကိုလည်း မစားစေလိုပါ။ အဆီရွှဲရွှဲ မစားသင့်ပါ။ ငါးအမျိုးမျိုး စားပါ။ ကောက်နှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်အမျိုးမျိုးကို စားပါ။

နွားနို့အရမ်းသောက်ချင်ပါက ရံဖန်ရံခါ ညစ်ယူခါစ အပူမပေးရသေးသော လတ်လတ်ဆတ်ဆတ် နွားနို့မျိုးကို အနည်းငယ်သောက်ပါ။ ဟင်းသီးဟင်းရွက် ၈၅ % နှင့် အသား ၁၅% မျှတစွာ စားပါ။ ဆန်လုံးညိုမှာ အာဟာရပိုပါဝင်သည်။ ဂျုံကြမ်းကို ဦးစားပေးစားပါ။ အစာ စားရင်လည်း ညက်အောင်ဝါးပြီး ဖြည်းဖြည်းမျိုပါ။ ၁၀ပုံမှာ ၈ပုံ ပြည့်ရုံသာ စားပါ။

ဟင်းသီးဟင်းရွက် ၈၅% တွင် ကောက်နှံ ၅၀% နှင့် ဟင်းသီးဟင်းရွက် ၃၅% ပါဝင်သည်။ အိပ်ခါနီး နွားနို့သောက်ခြင်းမျိုးကို ရှောင်ပါ။ ထမင်းစားဖို့ ၁နာရီအလိုမှာ ရေများများ သောက်ပါ။ အစားအသောက်လွန်ကျူးတာမျိုး မဖြစ်အောင်ရှောင်ပါ။ ပုံမှန်ဝမ်းသွားစေပါ။

မနက်ပိုင်း
   မနက်ပိုင်း ၆နာရီ အိပ်ယာထသည်။ မနက်တိုင်း နိုးတာနဲ့ ခြေလက်လှုပ်ရှားမှုကို အိပ်ယာထဲမှာပဲ အရင်လုပ်သည်။ အဲဒီနောက် ခုတင်က ဆင်းပြီး ပြတင်းပေါက်ဖွင့်ကာ လတ်ဆတ်တဲ့လေကို ပြင်းပြင်းရှူသွင်းသည်။ အဆုတ်ထဲက လေညစ်တွေကို လတ်ဆတ်တဲ့လေနဲ့ ဖလှယ်ပစ်သည်။

   ပြီးရင် ခုတင်ပေါ်ပြန်တက်ပြီး ပက်လက်လဲလျောင်းသည်။ လက်နှစ်ဖက်ကို ဘယ်ညာချိတ်ပြီး အပေါ်ဘက် မတင်သည်။ ခြေနှစ်ဖက်ကိုလည်း ဘယ်ညာချိတ် အပေါ်ဘက် မတင်သည်။ အဲဒီနောက် လက်အစုံ၊ ခြေအစုံကို အပေါ်ဘက် မတင်တဲ့ လေ့ကျင့်ခန်းကို ဖြည်းဖြည်းလုပ်ယူသည်။

   တစ်ဖန် သွေးပူအောင် ပျော့ပျောင်းညင်သာတဲ့ ကိုယ်လက်လေ့ကျင့်ခန်းမျိုးလုပ်ပြီး ကိုယ်တွင်းက သွေးနဲ့ ပြန်လည်လှည့်ပတ်မှုကို ကောင်းကောင်းနိုးထစေပါသည်။

   တစ်ကိုယ်လုံးသွေးပူလာပြီးနောက်မှာ ခုတင်ပေါ်ပြန်ဆင်းပြီး လက်ဗလာဖြင့် ရင်ဖွင့်လေ့ကျင့်ခန်းကို ဘယ်ညာလှည့်ပြီး အကြိမ် ၁၀၀ စီရအောင် လုပ်သည်။ ပြီးရင် နောက်ဆုံးအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ၅မိနစ်ကြာ ဆက်လုပ်သည်။

   ဒီလိုလုပ်ပြီးနောက်မှာ အပူချိန် ၂၀ ဒီဂရီစီ ခန့်ရှိတဲ့ ရေနွေးနွေးကို ၅၀၀-၇၀၀ စီစီ သောက်ပါသည်။ မိနစ် ၂၀ အကြာ ရေတွေအားးလုံး အူထဲဝင်ရောက်သွားချိန်မှာတော့ အင်ဇိုင်းကြွယ်ဝစွာပါဝင်တဲ့ သစ်သီး လတ်လတ်ဆတ်ဆတ်ကို အနည်းငယ် စားပါသည်။

   မိနစ် ၃၀-၄၀ ကြာပြီးနောက်မှသာ မနက်စာကို စားသည်။ မနက်စာမှာ ဆန်နက်နဲ့ အခြားကောက်ပဲသီးနှံ ၅-၇ မျိုး ရောချက်ထားတဲ့ ထမင်းကို အဓိက စားပါသည်။ ဟင်းအဖြစ် ဟင်းရွက်၊ ပဲ နဲ့ ပင်လယ်ရေညှိတွေ စားပါသည်။

နေ့လယ်ပိုင်း
   ၁၁နာရီလောက်မှာ ရေ ၅၀၀ စီစီကို အရင်သောက်သည်။ မိနစ် ၃၀ အကြာမှာ သစ်သီး အနည်းငယ် စားသည်။ သစ်သီး မစီစဉ်ထားရင်လည်း မစားပဲ နေသည်။

   ဒီမှာ ကြုံလို့ အနည်းငယ် တင်ပြလိုသည်။ လူအတော်များများကတော့ ထမင်းစားပြီးမှ သစ်သီးကို အချိုစာအဖြစ် စားသုံးတတ်ကြသည်။ ထမင်း မစားခင် မိနစ် ၃၀ အလိုမှာ သစ်သီးစားတာဟာ ပိုကောင်းကြောင်း အကြံပြုလိုသည်။

   အင်ဇိုင်းကြွယ်ဝတဲ့ လတ်ဆတ်တဲ့ သစ်သီးဟာ အစာကြေလွယ်သည်။ ထမင်း မစားခင် စားခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အကျိုးရှိသည်။ သွေးထဲက အချိုဓါတ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ အစားအသောက် လွန်ကျွံစွာ မစားမိအောင် ကာကွယ်ပေးနိုင်သည်။

   ထမင်းစားရာမှာ အစိမ်သုပ်တွေလို အပူပေးစရာ မလိုရုံသာမက အစာကြေလွယ်တဲ့ အစာမျိုးကို နည်းနည်းဖြစ်ဖြစ် စားဖြစ်အောင် စားပါသည်။ အထူးသဖြင့် ငါး၊ အသားလို တိရစ္ဆာန် ပရိုတင်းပါတဲ့အစာတွေ မစားခင်မှာ အဲဒီလို အစိမ်းသုပ်မျိုး အနည်းငယ် စားပေးတာ ပိုကောင်းသည်။

   ဟင်းသီးဟင်းရွက်တွေကို အစိမ်း မစားသင့်တာမို့ ဟင်းသီးဟင်းရွက်တွေကို အပူအနည်းငယ်ပေးပြီးမှ စားလေ့ရှိသည်။ ချက်ပြုတ်ချိန် ကြာရှည်လွန်းရင် အင်ဇိုင်းတွေရဲ့  နိုးကြွအား ဆုံးပါးသွားနိုင်လို့ ရေဆူဆူမှာ ၂မိနစ် သာပြုတ်ပြီး စားလေ့ရှိသည်။ နေ့လယ်စာ ထမင်းကို အိမ်ချက်ပဲ စားသည်။ တစ်ခါတစ်ရံ မိတ်ဆွေတွေနဲ့ ထွက်စားရင်လည်း ဆန်မဲနဲ့ အရောကောက်နှံတွေ ချက်ထားတဲ့ ထမင်းကိုပဲ ဦးစားပေး စားလေ့ရှိသည်။

   ထမင်းစားပြီးနောက်မှာ မိနစ် ၂၀ - ၃၀ ခန့် အိပ်လေ့ရှိသည်။ နေ့ခင်း ခဏတဖြုတ် အိပ်ပေးခြင်းဖြင့် မနက်ပိုင်းက ပင်ပန်းမှုတွေကို ပြေပျောက်စေသည်။ ညနေခင်း အလုပ်တွေကိုလည်း ခေါင်းကြည်လင်စွာ လုပ်ကိုင်နိုင်သည်။

ညပိုင်း
   နေ့လယ်စာ စားပြီးနောက်မှာ သရေစာကို အတတ်နိုင်ဆုံး ရှောင်သည်။ ညနေ၄နာရီလောက်မှာ ရေ ၅၀၀ စီစီ ထပ်သောက်သည်။ နာရီဝက်ကြာမှာ သစ်သီး အနည်းငယ် စားသည်။ ဒီနောက် မိနစ် ၃၀-၄၀ ကြာမှ ညစာ ထမင်းစားပါသည်။

  ကျွန်တော် နေ့တိုင်း သစ်သီးတွေ အစားများလေ့ရှိသည်။ ထမင်းမစားမီ သစ်သီးစားပေးဖို့ အကြုံပြု တိုက်တွန်းလိုပါသည်။ ညစာထမင်းကိုလည်း လတ်ဆတ်တဲ့ အစာဖြစ်အောင် စီစဉ်ပြီး စားတဲ့အခါမှာလည်း ကောင်းကောင်းညက်ညက် ၀ါးစားသည်။ ဟင်းတွေကိုတော့ မနက်စာနဲ့ သိပ်မကွာအောင် စီမံထားပါသည်။

   ကျွန်ေတာ်ဟာ အစာစားရာမှာ စကားသိပ်ပြောလေ့ မရှိပါ။ ပလုတ်ပလောင်းစားရင်း စားတာဟာ မယဉ်ကျေးတဲ့ အပြုအမူပါ။ အစာစားရာမှာ စကားမပြောတော့ အစာကို ညက်ညက်ဝါးနိုင်သည်။ အစာသီးတာ၊ လေပြွန်ထဲ အစာမှားရောက်တာ၊ လေတွေ စားသွင်းမိတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တာပေါ့။

   ကော်ဖီ၊ လက်ဖက်ရည်ကြမ်းတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်သည်။ ဓါတ်မြေသြဇာ မသုံးတဲ့ စိုက်ထားတဲ့ ဆေးရွက်ဆေးမြစ်၊ ပန်းဂျုံ စေ့နဲ့ ဂျုံ စေ့တွေ တစ်မျိုးမျိုးကို ရေနွေးစိမ်ဖောက်ထားတဲ့ အရည်မျိုးသာ သောက်ပါသည်။ ဒီအရည်တွေ သောက်ရာမှာ အသိထားဖို့ကတော့ ဒီအစေ့၊ အရွက်တွေဟာ မီးပြလှော်ထားတာဖြစ်လို့ ဓါတ်တိုးတာ မဖြစ်အောင် လေလုံစွာ ထားပေးဖို့ လိုပါသည်။

   ညစာကို ည၆နာရီခွဲ မတိုင်မီ အပြီးစားထားလေ့ရှိသည်။ ဒါပြင့် အိပ်ရာမ၀င်မီ အချိန်အထိ ဘာမှ ထပ်စားခြင်း မပြုတော့ပါ။ တကယ်လို့ နွေချိန်ဖြစ်လို့ ရေဆာရင် အိပ်ခါနီး တစ်နာရီအလိုလောက်မှာ ရေနွေးနွေး အနည်းငယ် သောက်ပေးတတ်သည်။ ဒါပေမယ့် ညအချိန်မှာ ရေသောက်တာ ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ကြောင်း အကြုံပြုလိုပါသည်။

နေ့လည်၊ နေခင်း မိနစ်၂၀လောက် အိပ်စက်ရုံ၊ (သို့မဟုတ်) တရားထိုင်ရုံနဲ့ ပင်ပန်းမှု ပြေစေတတ်ပါသည်။ ကိုယ်လက် လှုပ်ရှားမှုကို မျှတစွာ လုပ်ပါ။ (လွန်ကဲစွာ မလုပ်ရ)။ ဆဲလ်တွေ အားလုံး အသစ်ဖြစ်ပေါ်အစားထိုး လဲလှယ်ဖို့ ရက်ပေါင်း ၁၂၀ လိုပါသည်။ လိုက်နာဆောင်ရွက်မည့်သူများ ၄လလောက် စွဲစွဲမြဲမြဲ ဆောင်ရွက်သွားဖို့ အကြံပြုတိုက်တွန်းထားပါသည်။

Saturday, 31 January 2015

မင်္ဂလာတရား


မင်္ဂလာပါ .. ဆိုသော နှုတ်ခွန်းဆက်စကားကို ကျွန်တော် နှစ်သက်ပါသည်။ သို့ဖြစ်၍ ကျွန်တော့် ဘလော့ပေါ်မှာ မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ .. လို့ နှုတ်ခွန်းဆက်ပါသည်။ မင်္ဂလာတရား သုံးဆယ့်ရှစ်ပါး ရှိသည်လို့သာ သိခဲ့သော်လည်း၊ အဓိပ္ပါယ် အပြည့်အစုံ သေချာ မသိခဲ့ပါ။ ထိုကြောင့် မင်္ဂလာတရား video file ကို youtube မှာ ကျွန်တော်ရှာဖွေတွေ့ခဲ့သည်။

လူ၊ နတ်၊ ဗြဟ္မာ ဆယ့်နှစ်နှစ်တိုင်တိုင် ကြံစည်လို့ မရသော မင်္ဂလာတရားတော်ကို သာဝတ္ထိ ပြည် ဇေတ၀န်ကျောင်းတော်၌ သန်းခေါင်ယံအခါ နတ်သား တစ်ပါး တောင်းပန်လျှောက်ထားသောကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ထင်ရှား ဟောခဲ့သည်။

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃) ပါး၊ နေရေး ထိုင်ရေး မင်္ဂလာ (၃) ပါး၊ သင်ယူရေး မင်္ဂလာ (၄) ပါး
ပြုစုရေး မင်္ဂလာ (၃) ပါး၊ လိုက်နာ ကျင့်သုံးရေး မင်္ဂလာ (၄) ပါး၊ ရှောင်ကြဉ်ခြင်း မင်္ဂလာ (၄) ပါး၊ စိတ်ထားရေးရာ မင်္ဂလာ (၅) ပါး၊ သည်းခံရေး မင်္ဂလာ (၄) ပါး၊ ခြိုးခြံရေး မင်္ဂလာ (၄) ပါး၊ စိတ်ထားခိုင်ခံရေး မင်္ဂလာ (၄) ပါး၊ စုစုပေါင်း မင်္ဂလာတရား (၃၈) ပါး ရှိပါသည်။

ပေါင်း ၍ နေ၊ ပြု၊ ..
သင်၊ လိုက်၊ ရှောင်၊ ရေး ..
သည်း၊ ခံ၊ ခြိုး ၍ ..
ကျင့်ကြံကြပါ ..
၃၈ဖြာ မင်္ဂလာ။

ပေါင်း၊ နေ၊ ပြု                         = ၃ x ၃ =   ၉
သင်၊ လိုက်၊ ရှောင်၊ သည်း၊ ခြိုး၊ ခံ = ၄ x ၆ = ၂၄
ရေး                                     = ၅ x ၁ =   ၅
စုစုပေါင်း                                           = ၃၈

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို နတ်လူအများ ကြံစည်ပေ၊
ဘယ်သင်းဘယ်ဟာ မင်္ဂလာ အစစ်ဟု၊ သေချာ ဇစ်မြစ် မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့၊ မင်္ဂလာအခင်း မပြီးပေ၊
မင်္ဂလာတရား ၀ါဒများ၊ ကွဲပြား နတ်လူတွေ၊
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့ မင်္ဂလာတွေ။

သာဝတ္ထိ ပြည်မွန်၊ ဇေတ၀န်ကျောင်းဝယ်၊ ကိန်းအောင်း ပျော်မွေ့ မြတ်စိန္တေ၊
သန်းခေါင်ယံခါ မထင်ရှားသည့်၊ နတ်သားတစ်ယောက် ချဉ်းကပ်လေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောကို၊ ထင်ရှားဟောဖို့ လျှောက်ပန်ချွေ၊
အသေ၀နာတရား၊ အစထား၊ ဟောကြား မိန့်ခဲ့ပေ၊
အဲဒါကြောင့် နာရ ကြားရ ကမ္ဘာ့ မင်္ဂလာတွေ။

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃) ပါး
(၁) လူမိုက်တို့နှင့် မပေါင်းရခြင်း
(၂) ပညာရှိ လူလိမ္မာတို့ကို ဆည်းကပ်ရခြင်း
(၃) ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်း

လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့် ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

နေရေး ထိုင်ရေး မင်္ဂလာ (၃) ပါး
(၁) သင့်တင့်လျောက်ပတ်သောအရပ်တွင် နေရခြင်း
(၂) ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း
(၃) မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းခြင်း

ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာ ဒေသ အမြဲနေ။
ရှေးက တင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှု အထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

သင်ယူရေး မင်္ဂလာ (၄) ပါး
(၁) အကြားအမြင် ဗဟုသုတရှိခြင်း
(၂) စက်မှုလက်မှု အတတ်ကို တတ်ခြင်း
(၃) ကျင့်ဝတ်စည်းကမ်းများကို သင်ယူလိုက်နာခြင်း
(၄) ကောင်းသောစကားကို ပြောဆိုတတ်ခြင်း

တတ်ကောင်း တတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ် တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

ပြုစုရေး မင်္ဂလာ (၃) ပါး
(၁) မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း
(၂) သားသမီး ဇနီးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း
(၃) သူတစ်ပါး မထိခိုက်သော အလုပ်ကို ပြုလုပ်ရခြင်း

မြင်းမိုရ် ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာ ဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စား ချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

လိုက်နာ ကျင့်သုံးရေး မင်္ဂလာ (၄) ပါး
(၁) လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း
(၂) တရားနှင့် အညီကျင့်ဆောင်ခြင်း
(၃) ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း
(၄) အပြစ်ကင်းသော အများအကျိုးပြု အလုပ်တို့ကို လုပ်ဆောင်ခြင်း

သုံးတန် စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်း ဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပစ်မထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

ရှောင်ကြဉ်ခြင်း မင်္ဂလာ (၄) ပါး
(၁) မကောင်းမှုတို့ကို ကြိုတင်ဆုံးဖြတ် ရှောင်ကြဉ်ခြင်း
(၂) ကျူးလွန်ခွင့်ကြုံလျက် မကျူးလွန်ဘဲ ရှောင်ခြင်း
(၃) အရက်သေစာ၊ မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း
(၄) ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင်၊ မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာတွေ၊
လုပ်ကိုင် ပြောကြား၊ သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

စိတ်ထားရေးရာ မင်္ဂလာ (၅) ပါး
(၁) ရိုသေထိုက်သူကို ရိုသေခြင်း
(၂) မာန်မာန မရှိခြင်း
(၃) နှစ်သိမ့် ရောင့်ရဲခြင်း
(၄) သူပြုဖူးသော ကျေးဇူးကို သိခြင်း
(၅) အခါအားလျော်စွာ တရားနာယူခြင်း

အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ် ခစား ရိုသေသေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ့်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ် ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုး ဆင့်ပွါး၊ မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

သည်းခံရေး မင်္ဂလာ (၄) ပါး
(၁) သည်းခံ ခွင့်လွှတ်ခြင်း
(၂) ဆုံးမစကား နားထောင်လွယ်သူဖြစ်ခြင်း
(၃) ရဟန်းသံဃာတော်များကို ဖူးမြှော်ရခြင်း
(၄) အခါအားလျော်စွာ တရားဆွေးနွေးရခြင်း

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ် ကိုယ် ချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်း ပြညွန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ် ပုဂ္ဂိုလ် ဟူသမျှကို၊ မကြာ ခဏတွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

ခြိုးခြံရေး မင်္ဂလာ (၄) ပါး
(၁) အကုသိုလ်စိတ်များ ခေါင်းပါးအောင် ခြိုးခြံစွာ ကျင့်ခြင်း
(၂) မဂ်ဖိုလ်ရအောင် မြတ်သောအကျင့်ကို ကျင့်ခြင်း
(၃) သစ္စာလေးပါးတို့ကို သိခြင်း
(၄) နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း

လောကီအာရုံ ဇိမ်ယစ်မူးလို့၊ ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာ ဗြဟ္မစိုရ် လက်ကိုင် သုံးလို့၊ သူမြတ် ကျင့်ထုံး ယွင်းမသွေ။
လေးပါး သစ္စာ ဥာဏ်မြင် ကြည်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

စိတ်ထားခိုင်ခံရေး မင်္ဂလာ (၄) ပါး
(၁) လောကဓံနှင့် ကြုံလာသောအခါ စိတ်ဓါတ်  မတုန်လှုပ်ခြင်း
(၂) စိုးရိမ်ကြောင့်ကြမှု မရှိခြင်း
(၃) တပ်မက်မှု မရှိခြင်း
(၄) ကိလေသာ ဘေးရန်တို့မှ ကင်းကွာခြင်း

ဆင်းရဲ ချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုး နှစ်တန် အစုံတွဲလို့၊ တလှည့် စီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံစတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ၊
အဲဒါမှ ဗုဒ္ဓ ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ၊
စည်းပွါးချမ်းသာ ကျက်သရေ တိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကျိန်းသေ၊
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာပန်းခိုင်တွေ။



Sunday, 18 January 2015

လွဲနေခဲ့သာ အတွေးများ

၁။ ဒေါသဖြစ်မည့်အစား လောဘဖြစ်နေသေးတာက မဆိုးဘူးလို့၊ အရင်က အဲ့သည်လို ထင်ခဲ့သလို ကိုယ်၊ ကိုယ်တိုင်လည်း အတီးသမားဖြစ်ချင်ခဲ့ဖူးပါသည်။ အခုတော့ ဘယ်လို အနုပညာရှင်မျိုးမှ ကျွန်တော် မဖြစ်ချင်တော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ အပါယ်ကို မရောက်ချင်လို့ဖြစ်ပါသည်။ မိမိရဲ့  ဖန်တီးမှု အနုပညာကြောင့် သူတစ်ပါးတွေ အကုသိုလ်စိတ်များ ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။

၂။ မိမိရဲ့  ဆန္ဒ၊ ပယောဂ မပါဘဲ၊ လမ်းသွားရင်း၊ မတော်တဆ နင်းမိပြီး သတ္တ၀ါတွေ သေကြေသွားတဲ့ အတွက်ကြောင့် အကုသိုလ် ဖြစ်နိုင်လား။ (မဖြစ်နိုင်ပါ)။ ဒါဆိုရင် သား၊ ငါး ဈေးတွေမှာ မိမိရဲ့  ဆန္ဒ၊ ပယောဂ မပါဘဲ၊ သေကြေပြီးဖြစ်တဲ့ သတ္တ၀ါတွေကို မိမိ အသက်ရှင်သန်ဖို့ မစား၊ မဖြစ်မို့၊ မိမိက စားရင် အကုသိုလ် ဖြစ်နိုင်လား။ (မဖြစ်နိုင်ပါ)။ လောဘနှင့် စားရင်တော့ အကုသိုလ် ဖြစ်ပါသည်။ သက်သက်လွတ်စားခြင်းသည် သီလ ယူသောအခါမှာ မပါဝင်ကြောင်းကို သတိပြုပါ။

၃။ ခွေးအကျင့်၊ နွားအကျင့်တွေကို သံသရာမှ လွတ်မြောက်ကြောင်း ဘာကြောင့်ယူဆပြီး ကျင့်ကြံရတာလဲဆိုတော့၊ ထိုသူတို့သည် မျက်မှောက်လောကမှာ မြင်တွေ့နေရတဲ့ "အကြွေးရှိ၊ အကြေဆပ်" နည်းကို ပုံတူကူးယူထားဟန် တူပါသည်။

ထိုသူတို့သည် ယခုလိုတွေးပါသည်။ အရင်ဘ၀က မကောင်းသော အကုသိုလ် အကြွေးတွေက ရှိနေပြီးဖြစ်သည်။ မျက်မှောက် ဘ၀မှာ မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်၊ မစားချင်တာတွေကို တွေ့ရ၊ မြင်ရ၊ ကြားရ၊ စားရ နေရသည်ဆိုသော အချက်ကြောင့် အရင်၊ အရင် ဘ၀တွေမှာ မကောင်းတာကို လုပ်ခဲ့ကြသည်ဆိုတာ သေချာပါသည်။

အကြွေးရှိရင်၊ မြန်မြန် အကြေဆပ်ရပါသည်။ သို့မဟုတ်ရင် အချိန်ကြာသည်နှင့် အရင်းပေါ် အတိုးဆင့်ပြီး ပိုများလာရင်၊ ပိုဆိုးပါလိမ့်မည်။ ကိုယ်လုပ်ခဲ့ရင်၊ ကိုယ်ခံရမည်။ ကြေသွားပြီဆိုရင်၊ ကိုယ်စံဖို့ အလှည့်ပဲရှိတော့သည်။ ထိုသူတွေက ယခုလိုမျိုး ယူဆပါသည်။

အရင်ဘ၀က ပြုလုပ်ခဲ့သော မကောင်းသော အပြစ်တွေကို ဒဏ်ခံသည့်အနေဖြင့် ခွေးအကျင့်၊ နွားအကျင့်လို နေထိုင်ပြီး၊ မြန်မြန် ခံလိုက်မည်၊ အကြွေးတွေ ကုန်သွားသည့်အချိန်တွင်၊ လွတ်မြောက်သွားမည်။ အဲသည်လို နေထိုင်ပြီး၊ အကြေဆပ်လိုက်မယ်ဆိုရင် မကောင်းသော အပြစ်၊ အကြွေးတွေ ကုန်သွားလို့၊ လွတ်မြောက်သွားမည် ဖြစ်သည်။ ထို့အတွက်ကြောင့် ခွေးအကျင့်၊ နွားအကျင့်တွေဟာ လွတ်မြောက်မည့် နည်းလမ်းလို့ ထင်ကြသည်။

ခွေးအကျင့်၊ နွားအကျင့်တွေသည် တကယ် လွတ်မြောက်နိုင်သည့် နည်းလမ်းဆိုရင်၊ ခွေး၊ နွား သတ္တ၀ါတွေအားလုံးသည် နိဗ္ဗာန်ကို အရင်ဆုံးရောက်နှင့်နေပြီး ဖြစ်မည် ဆိုတာ သတိထားစေချင်ပါသည်။

၎။ မိမိခန္ဓာထဲမှာ ရောဂါ ပိုးမွှားတွေ ရှိနေလို့၊ မိမိ နေမကောင်း ဖြစ်ကြသည်။ နေကောင်းဖို့ဆိုရင်၊ ရောဂါ ပိုမွှားတွေကို သေစေဖို့အတွက် ဆေးထိုး၊ ဆေးသောက်ဖို့ လိုအပ်သည်။ ထို့ကြောင့် ဆေးထိုး၊ ဆေးသောက်ခြင်းဟာ ရောဂါ ပိုးမွှားတွေကို သေစေသည့်အတွက် အကုသိုလ် ဖြစ်နိုင်လား ဆိုသော မေးခွန်းကို ကျွန်တော် မေးခဲ့ဖူးသည်။ သက္ကာယ ဒိဋ္ဌိကို နားလည်မည်ဆိုရင် ထိုမေးခွန်းကိုလည်း နားလည်ပြီးသား ဖြစ်သွားပါလိမ့်မည်။ စိတ်ထားတတ်ဖို့ သည်သာ အဓိက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မတွင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ရာဂါ ပိုးမွှားဆိုတာ မရှိသောကြောင့် ဖြစ်ပါသည်။ ဓမ္မ၌ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ်တရား ၄ပါးသာ ရှိပါသည်။