မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Monday, 4 May 2015

“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ “အကုသိုလ်ကံ”




“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ “အကုသိုလ်ကံ” ဆိုတာ ကတော့ အမျိုးမျိုးဖြစ်နိုင်ပါသည်။

သူတစ်ပါးကို ရူးသွပ်လောက်အောင် နှိပ်စက်ညှဉ်းပန်းမယ်၊ စိတ်ဆင်းရဲ၊
ကိုယ်ဆင်းရဲဖြစ်အောင်လုပ်မယ်ဆိုရင် အဲဒီကံ အကျိုးပေးတဲ့ဘ၀ ကိုယ်လည်းရူးသွပ်ရမှာပဲ။

တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာကိုယ့်ကို
စွဲလမ်းပြီး၊အရူးတစ်ပိုင်းဖြစ်သွားမယ်ဆိုလည်း အဲဒီကံကြောင့် တစ်ချိန်မှာ ကိုယ်လည်း ရူးသွပ်ရမှာပါ။

ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့
ကိုယ့်ကို ရူးမတတ် ချစ်သွားအောင် ဆိုတဲ့စိတ်ထားနဲ့ ဉာဏ်နီ ဉာဏ်နက်သုံးတာမျိုး၊
မူယာ မာယာများတာမျိုး၊ မြူဆွယ်ဖြားယောင်းတာမျိုး၊ လိမ်ညာလှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ကြရပါမည်။

သူ့စိတ်နဲ့သူ စွဲလမ်းတမ်းတတာကတော့ ကိုယ်နဲ့ မဆိုင်ပါဘူး။

တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စွဲလမ်းအောင် လုပ်တာဆိုရင်တော့ စိတ်ထားကိုက ရူးစေချင်တဲ့စိတ်ထားမို့
အဲဒီ အကျိုးသက်ရောက်မှုက ကိုယ့်ဆီလည်း သေချာပေါက် ပြန်ရောက်လာပါလိမ့်မည်။

ရူးသွပ်မှုကို ဖြစ်စေတဲ့ အကုသိုလ်ကံတွေထဲမှာ အဓိက အကျဆုံး၊ အကြီးမားဆုံး
အကုသိုလ်ကံကတော့ “ သေရည်သေရက်သောက်စားခြင်း” ပါပဲ။

မူးမူးရူးရူးဆိုတဲ့အတိုင်း မူးရင်ရူးတတ်သလို၊
မူးနေတာကိုက ရူးခြင်းတစ်မျိုးပါပဲ။

မူးရူးသောက်စား(သို့မဟုတ်) သောက်စားမူးရူး
ဆိုတဲ့အတိုင်း သောက်စားနေတာဟာ မူးရူးနေတာပါပဲ။

မူးပြီဟေ့ဆိုရင် အရူးတစ်ယောက်လိုပဲ
ဟိုပြောဒီပြောနဲ့ နှုတ်စောင့်စည်းမှု မရှိတော့ပါဘူး။

ပြောသင့်မှန်းမသိ၊ မပြောသင့်မှန်းမသိနဲ့
စွတ်ပြီး ပြောတော့တာပါပဲ။

ရူးနေတဲ့လူ ဘာမှမသိသလို၊
မူးနေတဲ့သူလည်း ဘာမှ မသိတော့ပါဘူး။

ဒါကိုပဲ သွေးတွေကြွလာပြီး၊အာသွက်လျှာသွက်နဲ့
စကားပြောလို့ ပိုကောင်းလာတယ်လို့
အရက်သောက်သုံးသူတွေက သဘောကျကြသည်။

“ဆက်ရက်မင်းစည်းစိမ်” အဖြစ် သာယာ ယစ်မူးကြပါသည်။

ရေချိန်မကျော်သေးလို့ ကိုယ်ပြောတာ
ကိုယ်သိတယ်ပဲ ထားဦးတော့ မူးနေတဲ့အချိန်ဟာ
ရူးနေတဲ့အချိန်နဲ့ အတူတူပါပဲ။

ရူးနေတဲ့သူဟာ အမှတ်သညာ ကင်းမဲ့နေသလို၊
မူးနေတဲ့သူဟာလည်း အမှတ်သညာ ကင်းမဲ့နေတတ်သည်။

အရက်၊ဘီယာစတဲ့ မူးယစ်စေတတ်တဲ့အရာတွေ
သောက်သုံးနေတာဟာ မှတ်ဉာဏ်အားနည်းကြောင်း
အကုသိုလ်၊ ဉာဏ်ထိုင်းကြောင်းအကုသိုလ်၊
စိတ်မမှန်ကြောင်း အကုသိုလ်၊
ရူးသွပ်ကြောင်း အကုသိုလ် ဆည်းပူးစုဆောင်းနေတာပါပဲ။

သူတစ်ပါးကို ဒုက္ခပေးပေး မပေးပေး၊
ကိုယ့်ဘ၀ပျက်ပျက် မပျက်ပျက်၊
အတိုင်းအတာ ရေချိန်ကျော်ကျော်၊မကျော်ကျော်၊
အရက်ဘီယာ သောက်တိုင်း
ဉာဏ်ထိုင်းစေတဲ့ဓာတ်တွေ၊
မေ့လျော့စေတဲ့ဓာတ်တွေ ဖောက်ပြန်စေတဲ့ ဓာတ်တွေ၊
ရူးသွပ်စေတဲ့ ဓာတ်တွေ ကိုယ်ရဲ့စိတ်အစဉ်မှာ စွဲကပ်၊
စွဲကပ်သွားပါသည်။စုမိသွားပါသည်။

အရက်သေစာ သောက်သုံးခြင်းရဲ့ အပေါ့ပါးဆုံး
ဆိုးကျိုးက “ရူးသွပ်ခြင်း နဲ့ စိတ်ဖောက်ပြန်ခြင်း”လို့
မြတ်စွာဘုရားက ဟောကြားထားတာမို့၊
မရူးသွပ်လိုသူတိုင်း၊ စိတ်ပုံမှန်ဖြစ်လိုသူတိုင်း
အရက်၊ဘီယာစတဲ့ မူးယစ်သေရည်မှန်သမျှကို
ဘိန်းဖြူ၊ စိတ်ကြွဆေးပြားစတဲ့ မူးယစ်ဆေးဝါး
မှန်သမျှကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

(ရွှေပါရမီဆရာတော်)

No comments:

Post a Comment