မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Wednesday, 28 December 2016

အကြောင်းများ

အကြောင်းသည် အကျိုးကို ဖြစ်စေသည်။ အကျိုးကိုလိုရင် အကြောင်းကို ပြုရသည်။
ထိုအကြောင်းများသည် အကျိုးများကိုဖြစ်စေတတ်သော သတ္တိရှိသည်။
ထို့ကြောင့် ဘယ်လိုသော အကြောင်းများသည် ဘယ်လိုသော အကျိုးများကို ဖြစ်စေတတ်သည်ကို သိထားသင့်လှသည်။
အဘိဓမ္မာတရားတော်တွင် ပါရှိသော အချို့ သော စိတ်တို့၏ ဖြစ်ကြောင်းကို မှတ်သားထားသရွေ့  ဤနေရာတွင် ပူဇော်လိုပါသည်။

သောမနဿ      စိတ်ဖြစ်ကြောင်း (ဝမ်းမြောက်သော စိတ်ဖြစ်ကြောင်း)

    ၁။ သဘာဝဣဋ္ဌာရုံ = အလတ်တန်းစားလူတို့ နှစ်သက်အပ်သော အာရုံ
    ပရိကပ္ပဣဋ္ဌာရုံ = ကိုယ်ထင်လျှင် ကုဋင်ရွှေနန်း ဆိုသည့်အတိုင်း တစ်စုံတစ်ယောက်၏ စိတ်ထဲ၌ ဣဋ္ဌာရုံဟု ထင်မှတ်လောက်သော
    အနိဋ္ဌာရုံ တို့တွင် တစ်ပါးပါးနှင့် တွေ့ကြုံရခြင်း
 
    ၂။ သောမနဿ      ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း နှင့်

    ၃။ စိတ်နေစိတ်ထား မလေးနက်ခြင်း တို့တည်း

    ဤသုံးပါးတို့တွင် တစ်ပါးပါးတို့နှင့် ညီပါက သောမနဿ      ဖြစ်လေတော့၏။


ပရိကပ္ပ  သဘာဝ ၊ ပဋိသန္ဓေခဲ့ ၊ စိတ်နေစိတ်ထား  မလေးနက်  
(မှတ်ပါ)  သောမနဿ       ဖြစ်ကြောင်းကွဲ့ 


ဥပေက္ခာဖြစ်ကြောင်း

    ၁။ ဣဋ္ဌမစ္ဇျတ္တာရုံ  (အလတ်စားအာရုံ) နှင့်တွေ့ကြုံရခြင်း

    ၂။ ဥပေက္ခာဖြင့် ပဋိသန္ဓေ နေခဲ့ခြင်း

    ၃။ စိတ်နေ သဘောထားလေးနက်ခြင်း

    ၄။ မူဂဓာတုကတာ = ထိုင်းမှိုင်းဖျင်းအခြင်း


ထိုင်းမှိုင်း ဖျင်းအ ၊ စိတ်ထားနက် ၊ ပဋိသန္ဓေခဲ့ ၊ အလတ်စား အာရုံ တွေ့ကြုံဆုံ
(မှတ်ပါ) ဥပေက္ခာ ဖြစ်ကြောင်းကွဲ့ 


ဒိဋ္ဌိဖြစ်ကြောင်း

    ၁။ သဿ     တဒိဋ္ဌိ = ဒီဘဝသေတယ်ဆိုတာ ခန္ဓာသာပြောင်းတာ ဝိညာဉ်ကတော့ အတူတူပဲလို့ မြဲ၏ဟု ယူသောအယူ

    ၂။ ဥစ္ဆေဒဒိဋ္ဌိ = သေပြီးနောက် နောက်ဘဝဆိုတာမရှိဟု ယူသော အယူရှိခြင်း

    ၃။ မှားယွင်းတဲ့ အယူရှိသူများကို မြတ်နိုးလေးစားကာ ပေါင်းသင်း ဆက်ဆံနေခြင်း


မြဲတယ် မမြဲ အယူလွဲ ၊ နှစ်ပါးဒိဋ္ဌိကွဲ့ 
မှားယွင်းသူကို ပေါင်းသင်းဆံ
(မှတ်ပါ) ဒိဋ္ဌိ ဖြစ်ကြောင်းကွဲ့ 


အသင်္ခါရိကဖြစ်ကြောင်း

    ၁။ အသင်္ခါရိကကံကြောင့် အသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေရခြင်း

    ၂။ ခန္ဓာကိုယ်၏ ခိုင်ခံ့ကျန်းမာခြင်း

    ၃။ နေပူမိုးရွာ၊ ဆောင်းနွေခါတို့၌ အချမ်းအပူကို ဂရုမစိုက်ခြင်း

    ၄။ လုံ့လ ဝီရိယအကျိုးကို မျှော်ကိုးယုံကြည်ခြင်း

    ၅။ လုပ်နေကျအလုပ်၌ လေ့အကျင့်ရခြင်း

    ၆။ ဥတုဘောဇဉ်တို့ မျှတခြင်း


(အသင်္ခါရိ) ပဋိသန္ဓေ ၊ ခန္ဓာ ခိုင်ခံ့ ၊
နေပူမိုးဆောင်း အချမ်းအပူ ဂရုမစိုက် ၊ လုံ့လ ဝီရိယ မျှော်ကိုးယုံကြည် ၊ 
လုပ်နေကျ၌ ၊ ဘောဇဉ် ဥတု မျှတခြင်းသည် 
အသင်္ခါရိက ဖြစ်ကြောင်းတည်း


ဒေါသဖြစ်ကြောင်း

    ၁။ ဒေါသဓာတ်ခံ ပါလာသူ

    ၂။ စိတ်သဘောထား သေးနုပ်သူ

    ၃။ အကြားအမြင် ဗဟုသုတ နည်းပါးခြင်း

    ၄။ အနိဋ္ဌာရုံနှင့် တွေ့ကြုံရခြင်း


စိတ်ထားသေးနုပ် ၊ ဒေါသခံ ၊ အကြားအမြင်နည်း ၊ အနိဋ္ဌာရုံ တွေ့ကြုံဆုံ
(မှတ်ပါ) ဒေါသ ဖြစ်ကြောင်းကွဲ့ 


ဉာဏသမ္ပယုတ်စိတ်ဖြစ်ကြောင်း

    ၁။ မည်သည့်ကောင်းမှုမဆို ရှေးပြုစဉ်အခါတုန်းက ဤကောင်းမှုကြောင့် ဖြစ်ရာဘဝ၌ ဉာဏ် ပညာထက်မြက်သူ ဖြစ်ရပါလို၏ဟု ဆုတောင်း၍ ကောင်းမှုပြုခဲ့လျှင် ထိုကုသိုလ်ကံ အကျိုးပေးရာ ဘဝ၌ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရသည်။

    ၂။ ရူပဘုံ၌ ဥတုသပ္ပါယ မျှတခြင်း ၊ လောကီအာရုံကာမဂုဏ် ကင်းဆိတ်ခြင်း ၊ ဒေါသ ဗျာပါဒ မရှိခြင်း ၊ ဤအကြောင်းတို့ကြောင့် ဉာဏသမ္ပယုတ်စိတ် အဖြစ်များ၏။

    ၃။ သတ္တဝါတို့သည် ငယ်ရွယ်စဉ်အခါ၌ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ညွှတ်နေခြင်း ၊ သမာဓိနည်းပါးခြင်း ၊ လောကီ ၊ လောကုတ္တရာ ဆိုင်ရာတို့၌ အကြားအမြင် ဗဟုသုတ နည်းပါးခြင်းတို့ကြောင့် ဉာဏ်ရှိသင့်သလော မရှိသေး။ အသက် ၄ဝ ကျော် ၅ဝ အတွင်း ကို ပညာဒသက ဟု ဆို၏။ ထိုအရွယ်ကျမှ ကာမဂုဏ်စိတ် နည်းပါး သမာဓိကြီးမား၍ ဗဟုသုတလည်း များသဖြင့် ဉာဏ်ထက်မြက်ကြပေသည်။ ထိုအခါ ဉာဏသမ္ပယုတ် အဖြစ်များသည် ဟူလို။

    ၄။ ငယ်ပင်ငယ်သော်လည်း ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေသူဖြစ်လျှင် သို့မဟုတ် ပညာရေး၌ ဂရုစိုက်နေသူဖြစ်၍ ကိလေသာ နည်းပါးသူဖြစ်လျှင် ဉာဏ်ပညာ ထက်မြက်တတ်၏။

    ၅။ တိဟိတ်ပဋိသန္ဓေနေခဲ့သူ၌လည်း မူလရင်း ပဋိသန္ဓေမျိုးစေ့က ဉာဏ်ဓာတ်ပါလာသဖြင့် ဉာဏသမ္ပယုတ်စိတ်များသာ ဖြစ်သည်။


တောင်းဆုပြခဲ့ ၊ ရူပဘုံ၌ အကြောင်းတို့ကြောင့် ၊ ပညာဒသက ၊ 
ငယ်ပင်သော်လည်း ဘာဝနာပွားသူ ၊ တိဟိတ်ပဋိသန္ဓေ နေသူတို့သည်
(မှတ်ပါ) ဉာဏသမ္ပယုတ် ဖြစ်ကြောင်းတည်း


အကြောင်းတိုက်ဆိုင်၍ အိန္ဒိယ သမ္မတဟောင်း အဒူဟလမ်၏ စကားကိုလည်း ဤနေရာတွင် ပြောလိုပါသည်။

မိမိတို့ရဲ့  အနာဂတ်ကို မိမိတို့ မပြောင်းလဲနိုင်သော်လည်း ၊ မိမိတို့ရဲ့ အကျင့်စရိုက်တို့ကို မိမိတို့ ပြောင်းလဲနိုင်ပါတယ် ၊
မိမိတို့ရဲ့  အကျင့်စရိုက်တွေက မိမိတို့ရဲ့  အနာဂတ်ကို သေချာပေါက် ပြောင်းလဲနိုင်ပါတယ်။ 


you cannot change your future, but you can change your habits, and surely your habits will change your future
- Dr. Abdul Halam


တဏှာ ရှိနေသေး၍ သံသရာ ဆက်ရဦးမည်ဆိုရင်တောင် ၊ ကောင်းသော အကျိုးများကို ဖြစ်စေတတ်သော ကောင်းသော အကြောင်းများကိုသာ ပြု ခွင့် ရ ပါ စေ ..




Friday, 16 December 2016

ကျန်းမာပါစေ၊ ချမ်းသာပါစေ

မျက်ရည်က ရုတ်တရက် ကျလာတယ်၊ စိတ်က အတိတ်အာရုံကို ရောက်သွားတယ်လေ။
တရားစခန်းအပြန် ညနေမှာ အမေနဲ့အတူသွားခဲ့တယ်၊ နှုတ်ဆက် ကန်တော့ဖို့ပေါ့။
ပလက်ကလေးလှဲနေရာက ကူထူပြီး ထိုင်စေလျက် အမေက အဖိုးကို မေးတယ်၊ ဒါဘယ်သူလဲ သိလားပေါ့။
သိပ်မမှတ်မိတဲ့ မျက်နှာအသွင်နဲ့ ကျွန်တော့်ကို သေချာကြည့်နေလေရဲ့ ။
အဖိုးမျက်နှာက ကျွန်တော့်ကို မှတ်မိပုံ မပေါ်ဘူးရယ်။

အဲဒါနဲ့ နှစ်ခေါက် သုံးခေါက်လောက် အမေက မေးတာပေါ့။
သေချာကြည့်ပြီး ဥက္ကဋ္ဌကြီးလားတဲ့ အဖိုးက ပြန်ဖြေတယ်။
သိလိုက်ပါတယ်၊ ကျွန်တော့်ကို ဘယ်သူနဲ့ အမှတ်မှားတယ်ဆိုတာ။
ဟိုဘက်က အဖိုး (ဖေကြီး) နဲ့ ကျွန်တော့်ကို အမှတ်မှားတာလေ။

အမှတ်မှားမယ်ဆိုရင်လည်း မှားလောက်ပါတယ်လေ။
ကျွန်တော်ရယ် ဟိုဘက်က အဖိုးတို့၊ မြေး အဖိုး နှစ်ယောက်ရဲ့  ခေါင်း ဆံပင် တော်တော်တူတာကိုး။
နောက်ပြောင်၊ ရှေ့ ပြောင်၊ ပြောင်ချင်သလို ပြောင်နေတာလေ။
သူများအတွက် ကြည့်ရ အဆင်ပြေ မပြေတော့ မသိဘူး၊ ကိုယ့်အတွက်က ရှင်းနေတယ် အေးနေတယ် ဆိုတဲ့ ခံစားမှုမျိုး ရတာတော့ အမှန်ပါ။

နောက်တော့မှ အမေက "အဲ့ဒါ မင်းမင်းလေ မှတ်မိလား" နှစ်ထပ်လောက် ပြောပြတယ်။
ကျွန်တော်ကတော့ အဖိုးမျက်နှာကိုပဲ ငြိမ်ပြီးတော့ ကြည့်နေမိတယ်။
ကုတင်နေရာကနေ ဧည့်ခန်းထိုင်ခိုင်ပေါ်ရောက်ပြီး တော်တော်လေးကြာပြီးမှ "မင်းမင်းလားတဲ့" အဖိုးရဲ့ အသံကို ကြားရတယ်။

အဖိုးကို ကန်တော့ပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။
ပြီးတော့ ကျွန်တော့်ကို "ကျန်းမာပါစေ၊ ချမ်းသာပါစေ" တဲ့ ဆုတွေ အထပ်ထပ် ပေးတော့တယ်။
ကျွန်တော့်စိတ်ထဲကတော့ ပြောပြလို့မတတ်တဲ့ ခံစားမှုမျိုး ရှိခဲ့ပါတယ်။
သံဝေဂ ရတယ်လို့ပဲ ဆိုပါရစေ၊ ဒါပေမယ့် ရာသက်ပန်တောထွက် တရားအားထုတ်ဖို့အထိတော့ မဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေ (11.Dec.2016) မှာ ညီမလေးဆီကနေ message ရောက်လာတယ်၊ အဖိုး ဆုံးသွားပြီတဲ့။
ခွင့်ရက်ကလည်း မရှိ၊ စာမေးပွဲကလည်း ဖြေနေဆဲ အချိန်ကာလ ဆိုတော့၊ အဖိုး အသုဘ အစီအစဉ်ကို ကိုယ်တိုင် မသွားနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ကြားယောင်မိတာကတော့ "ကျန်းမာပါစေ၊ ချမ်းသာပါစေ" ဆိုတဲ့ အဖိုးရဲ့  ဆုတောင်းစကားလေးပါပဲ။
အရင်ကထက် ပိုပြီး လိမ်မာပါ့မယ်လို့ စိတ်ထဲမှာ အဖိုးနှင့် စကားပြောလိုက်ပါတယ်။

ဘဝအဆက်ဆက် သံသရာ အဆက်ဆက် ကျွန်တော် ပြုလုပ်သမျှ ကုသိုလ်ကောင်းမှုတို့ကိုလည်း အဖိုးကို အမျှပေးဝေပါတယ်။
သာဓုခေါ် အမျှရ၍ ကျန်းမာခြင်း၊ ချမ်းသာခြင်းသည် အဖိုးရဲ့ နောင်ဘဝတွေမှာ စင်စစ် မသွေ ဖြစ်ပါစေ ...




Monday, 31 October 2016

သိင်္ဂါလောဝါဒ သုတ် ၊ Sigalovada Sutta (Digha Nikaya: DN31)

အရိယာတို့၏ သာသနာ၌ ရှိခိုးအပ်သော အရပ် ၆ ပါး ရှိ၏။
According to the discipline of the noble one, the six directions should be worshipped

ညစ်ညူးသော ကံ ၄ ပါးကို ပယ်အပ်ကုန်၏။
by abandoning the four impure actions

၎ ပါးသော အကြောင်းဖြင့် မကောင်းမှုကို မပြုမူ၍
refrain from harmful deeds rooted in four causes

၆ ပါးသော အရပ်ကို လုံခြုံစေလျက်
with the six directions protected

၁၄ ပါးသော မကောင်းမှုမှ ကင်းသည် ဖြစ်၍
fourteen harmful things are removed

လောက ၂ ပါးကို အောင်ခြင်းငှာ ကျင့်၏
has entered upon the path for conquering both worlds, firmly grounded in this world and the next



ညစ်ညူးသော ကံ ၄ ပါးတို့မှာ
Four impure actions are :

သူ့အသက် သတ်ခြင်း၊ အန္တာရယ် ပြုခြင်း
1. harming living beings, killing

သူတစ်ပါး ပစ္စည်းကို မပေးပဲ ယူခြင်း၊ ခိုးခြင်း
2. taking what is not given, stealing

လိမ်လည် ပြောဆိုခြင်း
3. false speech

သူတစ်ပါး၏ မယား၌ သွားလာခြင်း၊ ကာမဂုံ အာရုံ၌ မွေ့လျော်ခြင်း
4. pursuing the loved one of another



မကောင်းမှုကို ပြုစေတတ်သော ၄ ပါးသော အကြောင်းမှာ
four causes of harmful deeds are :

ချစ်သဖြင့် မလိုက်အပ်သည်ကို လိုက်၍ မကောင်းမှု ပြု၏
1. desire

မုန်းသဖြင့် မလိုက်အပ်သည်ကို လိုက်၍ မကောင်းမှု ပြု၏
2. hatred

မသိသဖြင့် မလိုက်အပ်သည်ကို လိုက်၍ မကောင်းမှု ပြု၏
3. delusion

ကြောက်သဖြင့် မလိုက်အပ်သည်ကို လိုက်၍ မကောင်းမှု ပြု၏
4. fear

အခြံအရံ အကျော်အစောသည် တစ်နေ့ တစ်ခြား လဆုတ်ကဲ့သို့ ဆုတ်ယုတ်၏ / လပြည့်ကဲ့သို့ ပြည့်စုံ၏
has a reputation that come to ruin / fullness
like the moon in the waning / waxing



စည်းစိမ် ပျက်စီးကြောင်း ၆ ပါး
six ways of dissipating wealth

ယစ်မူး သောက်ကြူ                    I. Addiction to liquor
သဘင်ကြူ                              II. Frequenting theatrical shows
လောင်းကြူ                            III. Indulgence in gambling
ညလည်များ                            IV. Loitering in the streets at unseemly hours
မိတ်ဆွေမကောင်း                    V. Association with evil companions
ပျင်းအားကောင်း                      VI. The habit of idleness
၆ ပါး ပျက်စီးကြောင်း



I. Addiction to liquor
သေရည်သောက်ခြင်း အပြစ် ၆ ပါး
six dangers of being addicted to liquor ( and drugs )

ဥစ္စာယုတ်ခြင်း                  1. Actual loss of wealth
ငြင်းခုန် များစွာ                 2. Increase in quarrels
ရောဂါ ထူပြော                 3. Susceptibility to disease
ကျော်ဇောမဲ့တုံ                 4. Loss of good character  
မလုံ အင်္ဂါ                       5. Indecent exposure
ပညာ နည်းရှား                 6. Impaired intelligence
ဤ ၆ ပါး
သေရည် အပြစ်များ



II. Frequenting theatrical shows
ပွဲလမ်းသဘင် အပြစ် ၆ ပါး
The six perils of frequenting theatrical shows

ကပွဲ ဆိုပွဲ တီးမှုတ်ပွဲတည့်
ဟောပွဲတသီး လက်ခုပ်တီးနှင့်
စည်တီးပတ်သာ သဘင်ရှာ၍
ကြည့်ကာ ပျော်ပါး လွန်လိုက်စားက
စီးပွားပျက်တုံ မလုံအိမ်ရာ
လူပါပေါ့ပျက် မလေးနက်တည့်
ဤ ၆ နည်း
မှတ်ဖွယ် သဘင် အပြစ်တည်း

1. (He is ever thinking) where is there dancing?
2. Where is there singing?
3. Where is there music?
4. Where is there recitation?
5. Where are these cymbals being played?
6. Where are these drums being played?



III. Indulgence in gambling
လောင်းကစားသူ အပြစ် ၆ ပါး
The six perils of resorting to gambling

အောင်သူ ရန်ပွား                      1. As a winner he begets hatred
ရှုံးသာ စိုးရိမ်                           2. When beaten be mourns his lost wealth
စည်းစိမ်လျော့ပါး                       3. He is visibly being drained of his resources
တရားသဘင် မ၀င်သက်သေ         4. His word has no weight in a court of law
မိတ်ဆွေနှိမ်ဆို                         5. He is despised by friends and officials
မလိုထိမ်းမြား                           6. He is not sought after by those who give or take in marriage.
ဤ ၆ ပါး
မှတ်ဖွယ် လောင်းသူ အပြစ်တည်း




IV. Loitering in the streets at unseemly hours
အချိန် အခါမဲ့ သွားလာခြင်း အပြစ် ၆ ပါး
The six perils of loitering in the streets at unseemly hours

ကိုယ် မလုံခြုံ ၊ လုံခြုံ ကင်းငြား     1. He himself is without guard or protection
သားမယားတည့်                     2. His wife and children are without guard or protection        
စီးပွားမလုံ                            3. His property is without guard or protection
ဖြစ်တုံသံသယ မူပါပ၌              4. He is easily suspected of wrong deeds
များက စွပ်စွဲ                         5. He become the object of false rumours
လွန်ဆင်းရဲဟု                       6. Many are the troubles that befall him
အပြစ်များသည်
ဤ ၆ ပါး
အခါမဲ့ သွားခြင်း အပြစ်များ



V. Associating with evil companions
မိတ်ဆွေပျက် အပြစ် ၆ ပါး
The six perils of associating with evil companions

ကြွေအန်ကြူးထ                  1. Gambler
မိန်းမကြူးထွေ                    2. Licentious person
သေစာကြူးမူး                    3. Drunkard
အတုပြုငြား                       4. Cheat
လှည့်စား တစ်ထောက်          5. Swindler (con-man)
မျက်မှောက်လှည့်ချက်          6. Man of violence may be his friend and companion
နိုင်ထက်လုသူ
ဤသူ ၆ ပါး မိတ်ဆွေထားက
ပျက်ပြား မိတ်ဆွေ ဖြစ်လိမ့်သာတည်း



VI.  The habit of idleness
ပျင်းရိခြင်း ၆ ပါး
The six perils of the habit of idleness

ပူလွန်းခြင်း                 1. He says that it is too hot and so does not work
အေးလွန်းခြင်း            2. He says that it is too cold and so does not work
စောလွန်းခြင်း             3. He says that it is too early and so does not work
နောက်ကျလွန်းခြင်း     4. He says that it is too late and so does not work
ဆာလွန်းခြင်း            5. He says that it is too hungry and so does not work
ပြည့်လွန်းခြင်း           6. He says that it is too full and so does not work



အရပ် ၆ ပါး
The six directions are:
1. East:               Parents / Children
2. South:            Teachers / Pupils
3. West:             Wives / Husbands
4. North:            Friends / Companions
5. Zenith:           Clergy / Laity
6. Nadir:            Employers / Employees



သားသမီး ဝတ်
A child towards parents

ကျွေးမွေး မပြတ်              1. Once supported by them, I will now be their support.
ဆောင်ရွက် စီမံ               2. I will perform duties incumbent on them.
မွေခံထိုက်စေ                 3. I will make myself worthy of my heritage.
လှူ မျှဝေ၍                    4. I will transfer merits in due time.
စောင့်လေ မျိုးနွယ်         5. I will keep up the lineage and tradition.
ဝတ် ၅ သွယ်
ကျင့်ဖွယ် သားတို့တာ။



မိဘ ဝတ်
Parents towards children

မကောင်းမြစ်တား                       1. Restrain them from vice.
ကောင်းရာ ညွှန်လတ်                  2. Exhort them to virtue.
အတတ် သင်စေ                        3. Train them for a profession.
ပေးဝေနှီးရင်း                            4. Hand over their inheritance in due time.
ထိမ်းမြားခြင်းလျှင် ဝတ် ၅ အင်      5. Contract suitable marriage for them.
ဖခင်မယ်တို့တာ



တပည့် ဝတ်
Pupils towards teachers

ညီညာ ထကြွ             1. Raising from their seats in salutation
ဆုံးမ နာယူ                2. Showing eagerness to learn
လာမူ ကြို ဆီး             3. Waiting upon them.
ထံနှီး လုပ်ကျွေး          4. Personal service.
သင်ထွေး အံရွတ်         5. Attentive learning
တပည့် ဝတ်
မချွတ် ၅ ခု တာ



ဆရာ ဝတ်
Teachers towards pupils

အတတ်လည်းသင်         1. Training them well.
ပဲ့ပင် ဆုံးမ                   2. Making them master that which they themselves have learnt well.
သိပ္ပမချန်                    3. Instructing them in the lore of every art.
ဘေးရန်ဆီးကာ             4. Speaking well of them among their friends and companions
သင့်ရာ အပ်ဖို့               5. Providing for their safety in every way.
ဆရာတို့
ကျင့်ဖို့ ဝတ် ၅ ဖြာ



အိမ်ထောင်သည် အမျိုးသား ဝတ်
A husband towards his wife.

မထီမဲ့ကင်း                   1. Showing her respect.
အပ်နှင်းဥစ္စာ                 2. Handing over authority of household management
မိစ္စာမမှား                     3. Being faithful to her.
ဝတ်စားဆင်ယင်            4. Providing her with adornments.
မြတ်နိုးကြင်                  5. Being courteous towards her.
၅ အင် လင်ကျင့်ရာ



အိမ်ထောင်သည် အမျိုးသမီး ဝတ်
A wife towards her husband.

အိမ်တွင်းမှုလုပ်             1. Performing her duties
သိမ်းထုပ် သေချာ         2. Watching over the goods he brings home.
မိစ္စာ ကြဉ်ရှောင်            3. Being faithful to him.
လျော်အောင် ဖြန့် ချီ      4. Showing hospitality to relatives of both sides
ပျင်းရိ မမူ                   5. Discharging all her duties with skill and industry
ဝတ် ၅ ဆူ
အိမ်သူ ကျင့်အပ်စွာ



မိတ်ဆွေ ကျင့်ဝတ်
Clansman towards his friends
He should treat his friends with:

ပေးဝေမျှတ           1. Generosity
ပီယနှုတ်ချို            2. Courtesy
ကျိုးလိုကျင့်မှု        3. Consideration
ကိုယ်တူပြု ခြင်း       4. Equality, using his own wishes as a guide
မချွတ်ယွင်းစေ       5. Truthfulness



Friends towards clansman
They should help him by:

အသက်၊ ဥစ္စာ                             1. Providing protection when he is off his guard.
၂ ဖြာ စောင့်ရှောက်                      2. Guarding his property when he is heedless
ကြောက်လျှင် ကြပ်မတ်                 3. Becoming a refuge when he is afraid.
တူကွ ဘေးတွင်                           4. Not forsaking him when he is in trouble.
သားစဉ် မြေးဆက်                        5. Showing consideration for his family
မြတ်နိုးလျက် မိတ်ဖက်ဝတ် ၅ မျိုး



အလုပ်ရှင် ကျင့်ဝတ်
Employers towards employees

ဝ စွာ ကျွေးမွေး                     1. Supplying them with food and wages.
ပြု ရေး စီရင်                         2. Assigning them work according to their strength.
နာလျှင် ကုစေ                      3. Tending them in sickness.
ငှ ဝေ ရသာ                         4. Sharing special treats
အခါ ကို လွှတ်                      5. Granting leave from time to time
လုပ်ရှင်ဝတ် မချွတ် ၅ ခု တာ



လုပ်သား ကျင့်ဝတ်
Employees towards employers

အိပ်သော်နောက်ကျ           1. Lying down to rest after them.
ထသော်ကားရှေ့                2. Rising before them.
ပေးမှယူအင်                     3. Being content with what is given.
စေ့စပ်ဆောင်ရွက်              4. Doing their job well.
ကျေးဇူးမြွက်                    5. Caring about their good name.
၅ ချက် လုပ်သားဝတ်



ဒါယကာ ဝတ်
Laity towards the community of monks

မေတ္တာစိတ်သက်            1. Treating them with affection in mind.
ဆောင်ရွက်ချစ်ခင်          2. Treating them with affection in act.
ခင်မင်နှုတ်ချို                 3. Treating them with affection in speech.
လိုလျှင်ဖိတ်ထား            4. Supplying them their temporal needs.
တတ်အားလှူ စေ            5. Keeping their houses open to them.
ဝတ် ၅ ထွေ
ပြု လေ ဒါယကာ



ရဟန်း ဝတ်
They have the obligation to care for the laity by:

မကောင်းမြစ်တာ                   1. Restraining them from evil.
ကောင်းရာညွှန်လတ်               2. Exhorting them to do good.
အသစ်ဟောကျူး                   3. Loving them with kindly thoughts.
နာဖူးထပ်မံ                           4. Teaching them what they have not heard before.
နုတ်ထံတင်ရာ                       5. Correcting and purifying what they have heard already.
မေတ္တာလည်းပြု                      6. Revealing to them the way to a heavenly state.
ရဟန်းမှု ၆ ခု လွန် သေချာ



လှည်းဘီးပြင်က၊ နားစောင့်ချသို့၊
မိဘနှင့်သား၊ မယားနှင့်လင်၊
အရှင်နှင့်ကျွန်၊ ထေရ်မွန်တကာ၊
မိတ်သဟာနှင့်၊ ဆရာတပည့်၊
တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊
ဖြူ သန့်စင်မူ၊ ရှင်လည်းမကွေ၊
သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊
လှည့်လည်အတူ၊ စံစားမူ၍၊
နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်တည့်၊
မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊
မလွတ်သာသည်၊ သေရွာဘို့ လုံးလုံး လူဖြစ်ရှုံး။



Friday, 23 September 2016

Dhamma-Page မိတ်ဆက်

ဓမ္မမိတ်ဆွေ တစ်စုတို့သည် မိမိတို့ ကိုယ်စီ ကိုယ်စီ ကြိုက်နှစ်သက်သော တရားဓမ္မများကို 
တစ်စုတစ်စည်းတည်း တစ်နေရာတည်းမှ စုပေါင်း ပူဇော်လိုသော
ကောင်းမွန်သော အလိုဆန္ဒများဖြင့် Dhamma-Page တစ်ခု ပြုခဲ့ကြပါသည်။ 

ဤသို့ပြုရသော ကောင်းမှုကုသိုလ်ကံ စေတနာ အစုစုတို့သည် 
အကျွနုပ်တို့နှင့်တကွ သတ္တ၀ါအားလုံးတို့၏ နိဗ္ဗာန် ရကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်း။





Saturday, 10 September 2016

ရန်သူ နှင့် မိတ်ဆွေ ခွဲခြား သိနည်း

ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသ ၏ ရန်သူ နှင့် မိတ်ဆွေ တရား ဒေသနာတော် ကို ရိုသေစွာ နာယူ ပူဇော်ခြင်းဖြစ်ပါသည်။
http://drnandamalabhivamsa.com.mm/download/file/fid/2891-

အဘယ်သူသည် မိမိ၏ ရန်သူ နှင့် မိတ်ဆွေတို့ကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိရန်လိုသည်။ ထိုမှသာ ကြီးပွားတိုးတက်ဖို့ရန် အကြောင်းဖြစ်မည်။ ဤနေရာတွင် ရန်သူဟု ခေါ်လိုရင်းသည် မိမိ၏ စစ်တိုက်ဖက် မဟုတ်၊ ခိုက်ရန်ဖြစ်ဖက် မဟုတ်၊ မိမိ၏ အကျိုးကို မလိုလားသူမျိုး ဖြစ်သည်။

ရန်သူဖြစ်ကြောင်း သိရန် အချက် ၁၆ချက် နှင့် မိတ်ဆွေဖြစ်ကြောင်း သိရန် အချက် ၁၆ချက် ရှိပါသည်။


ရန်သူ၊ မိတ်ဆွေ ခွဲခြား သိခြင်းသည် ကြီးပွားတိုးတက်ဖို့ရန်အတွက် မိမိတို့၏ ဆင်ခြင်ဉာဏ်ဖြင့် ပေါင်းသင်း ဆက်ဆံ တတ်ဖို့ရန် ဖြစ်ပါသည်။



Wednesday, 31 August 2016

သင့်အောင်ထား ၍ ကောင်းအောင်လုပ် ပါ

လုပ်မယ်၊ မလုပ်ဘူးလို့ စဉ်းစား တွေးခေါ်တဲ့နည်းများစွာထဲမှ ကိုယ်ကိုယ်တိုင် နှစ်သက် ကျင့်သုံးဖြစ်သော ကိုယ်တိုင်ရေး တွေးခေါ်နည်းတစ်ခုဖြစ်ပါသည်။ အဲဒါက "သင့်အောင်ထား ၍ ကောင်းအောင်လုပ်ပါ" ဆိုတာပါ။ ဤနည်းကို ကျင့်သုံးတာ မကြာသေးပါဘူး။ ရက်ပိုင်း၊ လပိုင်းမျှသာ ရှိပါသေးသည်။


"သင့်အောင်ထား၊ ကောင်းအောင်လုပ်ပါ" ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုပါ။ ဥပမာများဖြင့် လေ့လာကြပါစို့။

အရောင်းဈေးပွဲတော်မှာ ပစ္စည်းတစ်ခုကို ဝယ်ဖို့ တွေ့ပြီဆိုပါစို့၊ အရောင်းဈေးပွဲတော်တွေမှာ ဈေးလျော့ ရောင်းမယ်၊ ဈေးတန်တယ် ဆိုတာမျိုး ပြောပါလိမ့်မယ်။ "သင့်အောင်ထား၊ ကောင်းအောင်လုပ်ပါ" ဆိုတဲ့နည်းအတိုင်း တွေးကြည့်ကြပါစို့။
           
သေချာ မစဉ်းစားပဲ (၀ယ်ဖို့) ပြုလုပ်ပြီးခါမှ .. ကိုယ်နဲ့မတော်တာ၊ အဆင်မပြေတာတွေကို မဖြစ်စေအောင်ပါ။ မေးခွန်းတွေမေးရပါမယ် .. အဲဒီပစ္စည်းဟာ ကိုယ်နဲ့ .. ကိုယ့်ပတ်ဝန်းကျင်နဲ့ .. တကယ်လိုအပ်ရဲ့ လား .. အပိုဖြစ်စေမှာလား .. ယခုအချိန်.. နောင်အနာဂတ်အချိန်တွေနဲ့ .. အခြေအနေ သင့်တင့်လျောက်ပတ်ရဲ့ လား? .. (ဝယ်ဖို့) ပြုလုပ်ပြီးနောက်ပိုင်းမှာ ကိုယ့်စိတ်ကိုအသင့်တော်ဆုံးဖြစ်အောင်ထားနိုင်ရဲ့ လား
(သင့်တင့်လျောက်ပတ်တယ်၊ အသင့်တော်ဆုံးဖြစ်တယ်၊ ကိုယ်စိတ်ကို အသင့်တော်ဆုံးဖြစ်အောင်ထားနိုင်တယ်လို့ အဖြေထွက်ရင် အောက်ပါဒုတိယမေးခွန်းကို ဆက်လက် ဖြေကြည့်ပါဦး)

အရေးအသွေး မကောင်းတာ မဖြစ်စေဖို့၊ ခန္ဓာကိုယ် အမှုအရာတွေကို ထိခိုက်မှု မရှိစေအောင်ပါ။ 
မေးခွန်းတွေ မေးရပါမယ် .. (အဲဒီ ပစ္စည်းဟာ ၀ယ်ဖို့) ပြုလုပ်ဖို့ .. ကောင်းရဲ့ လား? .. (ဝယ်ဖို့) ပြုလုပ်ပြီးပြီဆိုရင် ကိုယ် နှုတ် စိတ် အမှုအရာတို့ကို အကောင်းဆုံးလုပ်နိုင်မလား? (ကောင်းတယ်၊ ကိုယ် နှုတ် စိတ် အမှုအရာတို့ကို အကောင်းဆုံး လုပ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံး ပြုလုပ်ပါ။)

အနှစ်ချုပ်အားဖြင့်ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓသာသနာ၏ ကိုယ် နှုတ် စိတ် ကံသုံးပါးကို မကောင်းမှုမှ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ကောင်းမှု ကုသိုလ်များကို အကောင်းဆုံး ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဆင်ခြင်ဉာဏ်ရှိသလို ဆင်ခြင် အသုံးပြုနိုင်ခြင်းသည်သာ အဓိကဖြစ်ပါသည်။



Monday, 1 August 2016

မြန်မာ့ရိုးရာ ဆယ့်နှစ်လ ရာသီအလိုက် အာရုံတက်ချိန်

ပညာပါရမီ (စင်္ကာပူ) ဆရာတော်၏ ၀ိသုဒ္ဓိအတန်း ပို့ချချက်များတွင် မေတ္တာဖြင့် ဟောကြားတော်မူသော အောက်ပါအာရုံတက်ချိန်ဇယားကို

သောတ၊ အကြားအာရုံဖြင့် ကူးယူ မှတ်သား၍ ဤနေရာတွင် ထပ်မံ ပူဇော်ခြင်းဖြစ်ပါသည်။

ခူးပြန်  နှင်းထွေး                              တန်ခူးလ              ၅ နာရီ ၀   မိနစ်
ဆုန်လေး  ပေါ်နေ                            ကဆုန်လ             ၄ နာရီ ၅၀ မိနစ်
ယုန်  ဝေးဝေးထက်                           နယုန်လ              ၄ နာရီ ၄၀ မိနစ်
ဆို  လတ်  စာတော်                          ၀ါဆိုလ                ၄ နာရီ ၃၀ မိနစ်
ခေါင်  တော်  လူထု                          ၀ါခေါင်လ              ၄ နာရီ ၄၀ မိနစ်
လင်း  ယု  မ  ထွေး                       တော်သလင်းလ         ၄ နာရီ ၅၀ မိနစ်
ကျွတ်  မေး  နင်တို့                        သီတင်းကျွတ်လ         ၅ နာရီ ၀   မိနစ်
မုန်း  ဖိုး  အော်နေ                       တန်ဆောင်မုန်းလ        ၅ နာရီ ၁၀ မိနစ်
တော်  မြေ  ကြော်ဌေး                       နတော်လ             ၅ နာရီ ၂၀ မိနစ်
ပြာ  ပေး  ဆန်တောင်း                      ပြာသိုလ               ၅ နာရီ ၃၀ မိနစ်
တွဲ့  ပေါင်း  ပျော်နေ                         တပို့တွဲလ              ၅ နာရီ ၂၀ မိနစ်
ပေါင်း  ပျော်  အ  တွဲ့                       တပေါင်းလ             ၅ နာရီ ၁၀ မိနစ်
.. အာရုံတက်  .. မဖျက် .. တွက်လို့ရေ

အာရုံတက်ချိန်သည် ရာသီအလိုက် မတူညီပါ။

ထို မတူ ကွဲပြားသော ရာသီအလိုက် အာရုံတက်ချိန်များကို ရှစ်ပါးသီလ ယူလေ့ရှိကြသော မြန်မာလူမျိုးများ သိသင့်ပါသည်။

ထို အာရုံတက်ချိန်များကို မှတ်မိလွယ်စေရန် အာက်ပါ ကိုယ်တိုင်ရေးပုံ အကြောင်းကိုလည်း ပြောလိုပါသည်။




အပြာရောင် ဘောင်ခတ်ထားသောနေရာတွေမှာ  ၅နာရီ  ရှိကြောင်း  သတ်မှတ်၍၊
ဘောင်မခတ်ထားသောနေရာတွေမှာ  ၄နာရီ  ရှိကြောင်း   သိရပါမည်။

(start) အစနေရာတွင် အပြာရောင် ဘောင်ခတ်ထား  သည်ကို  တွေ့ရ၍     ၅ နာရီ                    
   (အပြာရောင် ဘောင်အတွင်း) ထိုနေရာတွင်  ဝ (သုည) ကို တွေ့ရ၍         ဝ မိနစ်  =  ၅ နာရီ ၀ မိနစ် (တန်ခူးလ အာရုံတက်ချိန်)

(မြှားနီအတိုင်း) ဒုတိယနေရာတွင် ဘောင်မခတ် ထားသဖြင့်                    ၄ နာရီ
                    ထိုနေရာတွင်  ၅၀  ကို တွေ့ရ၍                                       ၅၀ မိနစ် = ၄ နာရီ ၅၀ မိနစ် (ကဆုန်လ အာရုံတက်ချိန်)

ထိုကဲ့သို့ မြှားနီလမ်းကြောင်းအတိုင်း တစ်ခုချင်း ချရေးသွားပါက  ၁၂ လ ရာသီ၏  အာရုံတက်ချိန်များကို 

အခက်အခဲ မရှိ၊ မှန်မှန်ကန်ကန် ရေးသားနိုင်မည် ဖြစ်သည်။ အာရုံတက်ချိန်များကို မှန်မှန်ကန်ကန်သိ၍

ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ အစရှိသော ဥပုသ် သီတင်းများကို ပြည့်ပြည့် ၀၀ ဆောက်တည်နိုင်ကြပါစေရန် 

ကုသိုလ်ပြု ပါသည်။



Saturday, 23 July 2016

အသုဘ (၁၀)ပါး

ဆရာတော် အရှင်ဉာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပို့ချချက်များ စာအုပ်ကို မှီငြမ်း ပူဇော်ပါသည်။

၁။ ဥဒ္ဓု မာတက = သေလွန်ပြီး ၂ ရက် ၃ရက်ကြာသည့်အခါ ဖူးဖူးရောင် ပုပ်သဖြင့် စက်ဆုပ်ဖွယ်သော
                       အလောင်းကောင်။

၂။ ၀ိနီလက = အနီ၊ အဖြူ ရောစပ်လျက် ညို မည်း ပုပ်ပွနေသော အလောင်းကောင်။

၃။ ၀ိပုဗ္ဗက = ပြည်တစိုစို ပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ အလောင်းကောင်။

၎။ ၀ိစ္ဆိဒ္ဒက = အထက်အောက် ၂ ပိုင်း၊ ၃ ပိုင်းပြတ်နေသော အလောင်းကောင်။

၅။ ၀ိက္ခာယိတက = ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ခဲစားကိုက်ဖြတ်ထားသော အလောင်းကောင်။

၆။ ၀ိက္ခိတ္တက = လက်ခြေ၊ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့ကို တစ်ကွဲတစ်ပြားစီ ဖရိုဖရဲကြဲပစ်ထားသော
                     အလောင်းကောင်။

၇။ ဟတ၀ိက္ခိတ္တက = ဒါး၊ လှံ၊ လက်နက်တို့ဖြင့် အစိပ်စိပ်အမြွာမြွာ လှီးဖြတ် နှိပ်စက်ထားသော
                           အလောင်းကောင်။

၈။ လောဟိတက = သွေးများထွက်ယိုလျက် တစ်ကိုယ်လုံး သွေးလိမ်းကျံနေသော အလောင်းကောင်။

၉။ ပုဠုဝက = ပိုးလောက်များ ပြည့်နှက်နေသော အလောင်းကောင်။

၁၀။ အဋ္ဌိက = အရိုးများသာ စုပေါင်း၍လည်းကောင်း၊ ပြန့်ကြဲ၍လည်းကောင်း ကြွင်းကျန်ရစ်သော
                   အလောင်းကောင်

အလွယ်တကူ မှတ်မိစေရန် ကိုယ်တိုင်ရေး ကဗျာများဖြင့် ကုသိုလ် ပြု ပါသည်။

ဥဒ္ဓု မာ   တက   ဟာ၊   ရှေ့ မှာ ရှိနေတာ
ဝိနီ၊   ၀ိပုဗ်၊  ၀ိစ္ဆိဒ္ဒ၊  ၀ိက္ခာယိတက
ဝိက္ခိတ္တက၊  (ဟတ)   တွဲ ၊  နောက်မှာလိုက်ပါမြဲ
လောဟိတက    သွေးပေကျံ
ပုဠု   ပိုးလောက်လျှံ
အဋ္ဌိက  အရိုးများ၊
ပြန့်ကြဲ  ရှိစေသား။

ဖူးဖူးရောင်၊ နီဖြူ ညို ၊ ပြည်က တစိုစို၊
ထက်အောက် ၂ပိုင်း ၃ပိုင်း ပြတ်၊
ခွေး၊ ကျီး၊ ဠင်းတ ကိုက်စားဖြတ်၊
ဦးခေါင်း၊ လက်ခြေ၊ ကိုယ်ခန္ဓာ ဖရိုဖရဲ ပစ်ထားကာ၊
ဒါး၊ လှံ၊ လက်နက် လှီးနှိပ်ဖြတ်၊
သွေးများ ထွက်ယိုလျက်၊
ပိုးလောက်ပြည့်နှက် အလောင်းကောင်၊ အသုဘရုပ်ဆောင်
အရိုးများသာ စု၍ပေါင်း၊ ပြန့်ကြဲ ကြွင်းကျန်လောင်း။






Tuesday, 19 July 2016

အာဇာနည်နေ့ ၁၉ဇူလိုင်

အာဇာနည်

ဆယ်စု  ရာစု  ထောင်စု လီလီ၊
ကျူးသီ  ကမ္ပည်း  ကမ္ပည်း မှတ်တိုင်၊
မှတ်တိုင် သမိုင်း  သမိုင်း မော်ကွန်း၊
သက်သေညွှန်းသည်
ယွန်းဖြတ်မမီ အာဇာနည်။ ။

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။

အာဇာနည်များ

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃) ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို (၅၄) နှစ်

စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည်။

သခင်မြ (၄၉) နှစ်

လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အ ဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘဝင်း (၄၆) နှစ်

ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင် (၄၃) နှစ်

ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း (၄ဝ) နှစ်

ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်။

ဦးအုန်းမောင် (၃၄) နှစ်

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို
လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

ကိုထွေး (၁၈) နှစ်

ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။

ထို အာဇာနည် ၉ဦး နှင့် ကျဆုံးသွားချိန် သူတို့၏ အသက်များကို အလွယ်တကူမှတ်မိစေရန် ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ဖြင့် ဤနေရာတွင် ဂုဏ်ပြုပါသည်။

အာဇာနည် ကိုးဦး

အောင်ဆန်း သုံးနှစ်၊ ဒီး ငါးလေး၊
လေးကိုး မြ၊ ရာဇတ်၊
လေးခြောက်၊ လေးသုံး ဝင်းနှင့် ခိုင်၊
စံထွန်း လေးဆယ်တိုင်။
ဦးအုန်းမောင် သုံးဆယ့်လေး၊
ဆယ့်ရှစ်နှစ် ကိုထွေး။

ကိုးကား။
http://winthumon.blogspot.sg/2010/07/blog-post_26.html


Sunday, 3 July 2016

တစ်ယောက်တည်းနေ တစ်စိတ်တည်းထား

"တစ်ယောက်တည်းနေ တစ်စိတ်တည်းထား" ဆိုသော စာအုပ်လေးကို ကျွန်ေတာ် အလှူ ခံ ရရှိခဲ့ပါသည်။
ထိုစာအုပ်လေးကို ဆရာတော် (ရွှေပါရမီတောရ) ရေးသားထားခြင်း ဖြစ်ပါသည်။

ထိုစာအုပ်လေးသည် မဂ် ဖိုလ် နိဗ္ဗာန် လိုလားသူတို့များအတွက် သာမက ၊ စိတ်ချမ်းသာလိုသူများ အတွက်လည်း လမ်းညွှန်ထားပါသည်။

ချမ်းသာခြင်း ၇မျိုး ရှိပါသည်။
လောကီချမ်းသာ ၄မျိုး          ၁။ လူ့ကာမဂုဏ်ချမ်းသာ
                                    ၂။ နတ်ကာမဂုဏ်ချမ်းသာ
                                    ၃။ ဈာန်ချမ်းသာ
                                    ၄။ ၀ိပဿ     နာချမ်းသာ
လောကုတ္တရာချမ်းသာ ၃မျိုး   ၅။ မဂ်ချမ်းသာ
                                    ၆။ ဖိုလ်ချမ်းသာ
                                    ၇။ နိဗ္ဗာန်ချမ်းသာ
တို့ဖြစ်ပါသည်။

ဝိဝေကဆိုသည်မှာ ကင်းဆိတ်ခြင်းလို့ အဓိပ္ပါယ် ရပါသည်။ ၀ိဝေက ၃မျိုး ရှိပါသည်။

   ၁။ ကာယ၀ိဝေက (ကိုယ်၏ ကင်းဆိတ်ခြင်း တစ်နည်း အပေါင်းအဖော်တို့မှ ကင်းဆိတ်ခြင်း)
       ကာယ၀ိဝေက ဟူသည် တစ်ယောက်တည်း နေခြင်းကို ဆိုလိုသည်။ ကိုယ့်ဘေးမှာ လူတွေရှိတာ၊ မရှိတာနှင့် မသက်ဆိုင်ပါ။
      လူတွေနှင့် မရောတာကိုသာ တစ်ယောက်တည်းနေတာလို့ ရည်ရွယ်ပါသည်။ ဤနေရာတွင် ရောနှောခြင်း ၅မျိုး ရှိပါသည်။
          ၁။ အမြင်
          ၂။ အကြား
          ၃။ စကား
          ၄။ အသုံးအဆောင်
          ၅။ အထိအတွေ့ တို့ဖြစ်ပါသည်။

   ၂။ စိတ္တ၀ိဝေက (စိတ်၏ ကင်းဆိတ်ခြင်း တစ်နည်း ကိလေသာတရား နီဝရဏတရားတို့မှ ကင်းဆိတ်ခြင်း)
      စိတ္တ၀ိဝေက ဟူသည် တစ်စိတ်တည်း ထားခြင်းကို ဆိုလိုသည်။
      နေရာအလိုက်၊ အချိန်အလိုက်၊ ပုဂ္ဂိုလ်အလိုက်၊ ရည်ရွယ်ချက်အလိုက် စိတ်တစ်စိတ်တည်း ထားခြင်းမျိုးကို ရည်ရွယ်ပါသည်။
     ဥပမာ။ ။ တရားအားထုတ်နေသူတို့သည် ၀ိပဿ     နာစိတ် တစ်စိတ်တည်းထားခြင်း၊
                စာမေးပွဲဖြေဖို့ ပြင်ဆင်နေသူသည် စာကို စိတ်ဝင်တစား ကြိုးစားနေခြင်း မျိုး ဖြစ်သည်။

   ၃။ ဥပဓိဝိဝေက (ဥပဓိတရားတို့၏ ကင်းဆိတ်ခြင်း တစ်နည်း
                       သံသရာဝဋ်ဆင်းရဲမှာ ကပ်ပြီး ဆောင်ထားတတ်တဲ့တရားတို့မှ ကင်းဆိတ်ခြင်း)
       ဥပဓိဝိဝေကတရား ၃ပါး ရှိပါသည်။   ၁။ ခန္ဓုပဓိ   ၂။ ကိလေသုပဓိ   ၃။ အဘိသင်္ခါရုပဓိ တို့ဖြစ်ပါသည်။

တစ်ယောက်တည်းနေခြင်း (ကာယ၀ိဝေက) သည် တစ်စိတ်တည်းထားခြင်း (စိတ္တ၀ိဝေက) ဖြစ်စေရန် ထောက်ပံ့သည်။
တစ်စိတ်တည်းထားခြင်း (စိတ္တ၀ိဝေက) သည် ဥပဓိဝိဝေက ကို ထောက်ပံ့သည်။

အပေါင်းအဖော်များနှင့် နေခြင်း၏ အပြစ် ၃မျိုး တို့သည်
၁။ စကားပြောခြင်း   ၂။ ချစ်ခြင်း   ၃။ မုန်းခြင်း တို့ဖြစ်ပါသည်။

စကားပြောခြင်း၏ အပြစ် ၃မျိုး တို့သည်
၁။ တရားအမှတ်ပျက်ခြင်း  ၂။ သမာဓိလျော့ခြင်း   ၃။ သဒ္ဓါကျဆင်းခြင်း တို့ဖြစ်ပါသည်။

အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿ     နံ ဒုက္ခံ၊
အပ္ပိယာနဉ္စ ဒဿ     နံ။
 ဘယ့်သူ့ကိုမှလည်း မချစ်နဲ့ ၊ ဘယ်သူ့ကိုမှလည်း မမုန်းနဲ့ လို့ ဆိုလိုပါသည်။

အိပ်နေတဲ့အချိန်မှ လွဲ၍ ကျန်သောအချိန်တွေများ၌ ဣရိယာပုတ်တိုင်းတွင် မဂ်စိတ်ဖြစ်နိုင်ပါသည်။

စိတ္တံ ရက္ခေထ မေဓာဝီ၊
စိတ္တံ ဂုတ္တံ သုခါဝဟံ
အသိ၊ အလိမ္မာ၊ ဥာဏ်ပညာရှိသော ပုဂ္ဂိုလ်တွေသည် မိမိတို့၏ စိတ်ကို ၀ိပဿ     နာစိတ် တစ်စိတ်တည်းဖြစ်အောင် စောင့်ရှောက်ရမည်၊
ဝိပဿ     နာစိတ် တစ်စိတ်တည်းဖြစ်အောင် စောင့်ရှောက်ထားသောစိတ်သည် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို မရရအောင် ပေးနိုင်ပါသည်။

ဧကော စရေ ခဂ္ဂ၀ိသာဏကပ္ပေါ 
ကြံ့ ချို လို တစ်ယောက်တည်း နေပါ ၊ ကြံ့ ချို လို တစ်စိတ်တည်း ထားပါ လို့ ဆိုလိုပါသည်။

မြတ်စွာဘုရားရှင်သည် "ချစ်သား ၊ တစ်ယောက်တည်း နေပါ ၊ တစ်စိတ်တည်း ထားပါ ၊ တစ်ယောက်တည်း နေခြင်း ၊ တစ်စိတ်တည်း ထားခြင်းသည် မိမိအတွက် ကောင်းကျိုး ချမ်းသာဖြစ်ခြင်းရဲ့  အကြောင်းဖြစ်၏" လို့ မိန့်ကြားတော်မူပါသည်။

"စည်းစိမ် ၊ ဆွေမျိုးကို စွန့်ပယ်ပြီး ရဟန်းပြုရခြင်းသည် ဆင်းရဲ၏။
 ရဟန်းတရားအားထုတ်ရင်း ရဟန်းဘ၀မှာ မွေ့ လျော်ရခြင်းသည်လည်း ဆင်းရဲ၏။
 ကိစ္စများမြောင် လူတို့ဘောင်မှာ အိမ်ရာတည်ထောင်ပြီးနေရခြင်းသည်လည်း ဆင်းရဲ၏။
 စိတ်သဘော ၊ အကျင့်သဘော မတူသူတွေနဲ့ အတူနေရခြင်းသည်လည်း ဆင်းရဲ၏။
 သံသရာခရီးရှည်ကို သွားရခြင်းသည်လည်း ဆင်းရဲ၏။
 ထို့ကြောင့် သံသရာခရီးရှည်ကို သွားသောသူ မဖြစ်ပါစေနှင့်၊
 ထိုဆင်းရဲခြင်းတို့၏ အလွှမ်းမိုး အနှိပ်အစက်ခံရသောသူ မဖြစ်ပါစေနှင့်၊" လို့ အဓိပ္ပါယ် သက်ရောက်သော
 ဂါထာလေးတစ်ပုဒ်နှင့် မြတ်စွာဘုရားရှင် တရားဟောတော်မူတဲ့အတွက်ကြောင့် တရားဒေသနာအဆုံးမှာ ရဟန္တာဖြစ်သွား၏။

အသဇ္ဖမာန ပုဂ္ဂိုလ်ဆိုသည်မှာ ငြိကပ်တွယ်တာခြင်းမရှိသော ပုဂ္ဂိုလ်ကို ဆိုလိုသည်။

ဒါနကောင်းမှုတစ်ခု အထမြောက်ဖို့အတွက်   ၁။ လှူ ချင်စိတ် (သဒ္ဓါတရား)   ၂။ လှူ ဖွယ်ဝတ္ထု   ၃။ အလှူ ခံပုဂ္ဂိုလ်  ပြည့်စုံရပါသည်။
ဒါနပြု ဖို့ ပစ္စည်းရှာတယ် လို့ နှလုံးသွင်းပြီး စီးပွားရေးလုပ်ရင်၊ စီးပွားရှာနေရင်းလည်း ကုသိုလ် ရပါသည်။

ကိုယ့်အတွက် လုံးဝချန်မထားဘဲ အိတ်သွန်ဖာမှောက် လှူ လိုက်သော အလှူ မျိုးကို နိရ၀သေသဒါန (အကြွင်းအကျန်မရှိ လှူ သောအလူ၊ အကြွင်းမဲ့အလှူ ) လို့ ခေါ်ပါသည်။

သုခိတာ ဟောထ ၊ ဒုက္ခာ မုစ္စထ
ချမ်းသာကြပါစေ ၊ ဆင်းရဲကင်းကြပါစေ

ဧကာသနံ ဧကသေယျံ ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ ၊ ၀နန္တေရမိတော သိယာ
ဧကာသနံ - တစ်ယောက်တည်းနေခြင်းကို
ကပ္ပေယျ  -  ပြု ရာ၏
ဧကာသေယျံ - တစ်ယောက်တည်း အိပ်ခြင်းကို
ကပ္ပေယျ  -  ပြု ရာ၏
ဧကော စရေ န စ ပါပါနိ ကယိရာ - တစ်ယောက်တည်းနေပါ၊ မကောင်းမှုတွေကိုလည်း မပြု ပါနဲ့
ဧကော အတ္တာနံ - မိမိရဲ့ စိတ်ကို
ဒမယံ - ဒမယန္တော - ၀ိပဿ     နာစိတ် တစ်စိတ်တည်း ဖြစ်အောင် ဆုံးမပါ

ဗုဒ္ဓါနုဿ     တိ နှင့် မေတ္တာဘာဝနာတို့သည် ၀ိပဿ     နာယောဂီတို့၏ မောပြေဆေး ၊ အားဖြည့်ဆေး ဖြစ်ပါသည်။ စိတ်ကြည်ဆေး ၊ စိတ်ရှင်းဆေး လို့လည်း ဆိုနိုင်ပါသည်။ အတိုချု ပ် မေတ္တာပွားနည်းသည် "သတ္တ၀ါအားလုံး ချမ်းသာကြပါစေ" ဖြစ်ပါသည်။

ဝနန္တေ- တော၌ ဆိတ်ငြိမ်သောနေရာ၌ ၊
ရမိတော သိယာ - မွေ့လျော်ရာ၏၊

ဖြစ်ခိုက်ရုပ်နာမ် ဖြစ်တိုင်းဟန် ဧကန်မှတ်သိမှု
အလုပ်နေရာ ဣရိယာ ၊ ချိန်ခါမရွေးရှု

အပ္ပမာဒေန - မမေ့မလျော့  မပေါ့မဆ
သမ္ပာဒေထ - သီလ ၊ သမာဓိ ၊ ပညာ ဟုဆိုအပ်သော သိက္ခာ သုံးပါးတို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစား အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

ထိုစာအုပ်လေးမှ အကျဉ်းချုပ် မှတ်စုရေးမှတ်သားခြင်းလေးသာ ဖြစ်ပါသည်။ dhamma download website ၌ ပြည့်ပြည့် စုံစုံ ဖတ်ရှု ပူဇော်နိုင်ပါသည်။


http://dhammadownload.com/File-Library/AshinSandadika/Ashinsandadika-TaYorkHteeNayTaSaitHteeHtair.pdf

ထိုစာအုပ်လေးသည် ကျွန်တော့်ဘ၀အတွက် လက်စွဲစာအုပ် တစ်အုပ်လို ဖြစ်နေပြီး ဖြစ်ပါသည်။



Monday, 4 April 2016

သီရိလင်္ကာ ဘုရားဖူး ခရီးစဉ် ပထမနေ့ (၁၉ရက်.မတ်လ.၂၀၁၆)

၂၀၁၆ခုနှစ် မတ်လ ၁၉ရက်နေ့ သီရိလင်္ကာစံတော်ချိန် မနက် ၁နာရီ ၄၀မိနစ်တွင် သီရိလင်္ကာနိုင်ငံသို့ ဆိုက်ရောက်ပါသည်။
စင်္ကာပူနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ၁၇၅၆မိုင် ကွာဝေးကြောင်း သိရပြီး၊ ပျံသန်းချိန် ၄နာရီနီးပါးရှိပါသည်။

ဒေသခံအပူချိန် ၈၆ဒီဂရီ ဖာရင်ဟိုက်ရှိပြီး သီရိလင်္ကာနိုင်ငံ၏ မြို့ တော်ဖြစ်သော ကိုလန်ဘိုမြို့ ၏ နိုင်ငံတကာလေဆိပ်ဖြစ်သော
ဘန်ဒါရာနိုင်ကီ (Bandaranaike International Airport, Comlombo) သို့ဆိုက်ရောက်ခြင်းဖြစ်ပါသည်။

အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်ခဲ့သည် အကြောင်းတူနေ၍လား မပြောတတ်၊
ရန်ကုန် နိုင်ငံတကာ မင်္ဂလာဒုံလေဆိပ်နှင့် တည်ဆောက်ပုံခြင်း တူညီနေသည်လို့ စိတ်ခံစားရပါသည်။

ရဟန်းသံဃာတွေကို ဦးဦးဖျားဖျား ၀န်ဆောင်မှုပေးတတ်သော၊ သီရိလင်္ကာနိုင်ငံသားတို့၏ ယဉ်ကျေးမှုဓလေ့ကို
လေယာဉ်ပေါ်မှ ဆင်းဆင်းခြင်း၊ လေဆိပ်အတွင်းမှာတင် မြင်တွေ့နိုင်ပါသည်။ တစ်ဦးနှင့် တစ်ဦး တွေ့ဆုံနှုတ်ဆက်ရာတွင်
အာယုဘ၀န် (AyuBoWan) လို့ နှုတ်ဆက်လေ့ရှိပါသည်။ အသက်ရှည်ပါစေလို့ အဓိပ္ပါယ်ရပါသည်။
ကျွန်တော့်အနေဖြင့် ဂျိန်းဘွန်း၏ အာယုဘွန် လို့ တွဲမှတ်ထားလိုက်သဖြင့် မှတ်မိလွယ်နေပါသည်။ :D

သီရိလင်္ကာ၏ ထူးခြားသော ဘာသာရေးယဉ်ကျေးမှုမှာ ဗုဒ္ဓရုပ်ပွားတော်ကို ကျောပေးပြီး ဓါတ်ပုံမရိုက်စေခြင်း၊
နောက်ကျောထား၍ ဓါတ်ပုံရိုက်ခွင့်မပြု ခြင်း ဖြစ်ပါသည်။ လေဆိပ်အတွင်း၌ပင်  ကြည်ညိုဖွယ်ကောင်းသော ဗုဒ္ဓရုပ်ပွားတော်ကို
ဖူးမြော်၊ မြင်တွေ့နိုင်ပါသည်။



ဆက်ရန် ..

Saturday, 2 April 2016

သီရိလင်္ကာ ဘုရားဖူး ခရီးစဉ် နိဒါန်း

ဆရာတော်တစ်ပါး၏ ကျေးဇူးကြောင့် ၂၀၁၆ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံလေ့လာရေး ဘုရားဖူးခရီးထွက်ဖြစ်ခဲ့ပါသည်။
စင်္ကာပူစံတော်ချိန်၂၀၁၆ မတ်လ ၁၈ရက် သောကြာနေ့ ညသန်းခေါင်ကျော် ၁၂နာရီခွဲမှာ စင်္ကာပူမှ သီရိလင်္ကာနိုင်ငံသို့
လေယာဉ်ဖြင့်ခရီးစတင်ခဲ့ပါသည်။ စင်္ကာပူစံတော်ချိန်၂၀၁၆ မတ်လ ၁၉ရက် စနေနေ့ မနက် ၄နာရီ ၉မိနစ်မှာ သီရိလင်္ကာနိုင်ငံသို့
ဆိုက်ရောက်ပါသည်။

ယခုအချိန်ကာလတွင် စင်္ကာပူနိုင်ငံမှ သီရိလင်္ကာနိုင်ငံခရီးသွားဖို့အတွက် emirate singapore airway လေကြောင်းလိုင်းသည်
ဈေးနှုန်းသက်သာဆုံးဖြစ်ပါသည်။ emirate လေကြောင်းလိုင်းသည် ဒူဘိုင်းအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ဘိုးအင်း လေယာဉ်အမျိုးအစားကို အသုံးပြုသည်။ အသွားအပြန် လေယာဉ်လက်မှတ်အတွက် တစ်ယောက်ကို စင်္ကာပူဒေါ်လာ ၄၇၁ ကျသည်။



သီရိလင်္ကာနိုင်ငံခရီးထွက်ဖို့ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဗွီဆာ (visa) နှင့် လေယာဉ်လက်မှတ် ၀ယ်ဖို့လိုသည်။
အွန်လိုင်း အင်တာနက် (internet) မှ ဗွီဆာ ကြိုတင်လျှောက်ထားနိုင်သည်။ ကျသင့်ငွေ ယူဆက်ဒေါ်လာ ၅၀ (US$50) ဖြစ်သည်။
ဗွီဆာသက်တမ်း ၄လနီးပါးရှိပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရပါသည်။ အွန်လိုင်းဗွီဆာလျှောက်ရင် ချက်ချင်းဆိုသလို ဗွီဆာရပါသည်။ အောက်ပါ လင့်ဖြင့် ဗွီဆာလျှောက်ထားနိုင်သည်။
http://www.eta.gov.lk/slvisa/visainfo/center.jsp?locale=en_US


Passport နာမည်၏ နောက်ဆုံးစာလုံးကို Surname/Family Name တွင်ဖြည့်စွက်၍
ကျန်စာလုံးများကို Other/Given Name တွင်ဖြည့်စွက်ရသည်။


သီရိလင်္ကာနိုင်ငံသည် နွေနှင့်မိုး ရာသီနှစ်ခုရှိသော ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ ခရီးစဉ်အတွက် အပူဒဏ်ခံနိုင်ပြီး လျှောမကျသော
ဖိနပ်နှင့်ထီး ဆောင်သွားသင့်ပါသည်။ လမ်းခရီးကောင်းမွန်ပြီး ၂၄နာရီ လျှပ်စစ်မီးရရှိသည်။ သုံးပင်ပလပ်ခေါင်း အ၀ိုင်းနှင့် လေးထောင့်တို့ကို အသုံးပြုကြပါသည်။


ဆက်ရန် ...

Wednesday, 2 March 2016

တိဿမေတ္တေယျသုတ်

၈၂၁။ (မေတ္တေယျအနွယ်ဖြစ်သော အသျှင်တိဿသည် ဤသို့ လျှောက်၏) –

မြတ်စွာဘုရား မေထုန်အမှုကို ပြုကျင့်အားထုတ်သူ၏ ဆင်းရဲပင်ပန်းရပုံကို ဟောကြားတော်မူပါ၊
အသျှင်ဘုရား အဆုံးအမတော်ကို ကြားနာရ၍ ကိလေသာ ကင်းဆိတ်မှု ‘ဝိဝေက’တရားတို့ကို
(တပည့်တော်တို့) ကျင့်ကြရပါကုန်အံ့။ (၁)

၈၂၂။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) –

မေတ္တေယျ မေထုန်အမှုကို ပြုကျင့်အားထုတ်သူအား ပရိယတ်, ပဋိပတ်
သာသနာ တော်လည်းပျောက်ပျက်ကွယ်ပ၏။ မှားယွင်းသောအကျင့်ကိုလည်း ကျင့်မိတတ်၏။
ထိုပုဂ္ဂိုလ်၌ (ဖြစ်သော) ဤအကျင့်သည် အရိယာတို့၏ အကျင့်မဟုတ်။ (၂)

၈၂၃။ အကြင်သူသည် ရှေးအခါ က တစ်ယောက်တည်း နေထိုင်ပြီးလျှင်
မေထုန် အကျင့်ကိုမှီဝဲပြန်၏။ လောက၌ ထိုသူကို တုန်လှုပ်သော ယာဉ် (စီးသူ) ကဲ့သို့
ပုထုဇဉ် ယုတ်ဟူ၍ ဆိုကြကုန်၏။ (၃)

၈၂၄။ အကြင်လူထွက်သူအား ရှေးရဟန်းဖြစ်သောအခါ က အခြံအရံ အကျော် အစော
ရှိခဲ့ဖူး၏။ ထိုအခြံအရံ အကျော်အစောသည် ထိုလူထွက်သူအား ဆုတ်ယုတ်သည်သာတည်း၊
ဤအဖြစ်ကိုလည်းမြင်၍ မေထုန်အကျင့်ကို ပယ်စွန့်နိုင်ရန် (သိက္ခာသုံးပါးကို) ကျင့်ရ၏။ (၄)

၈၂၅။ (ကာမဂုဏ်စသည်ကို) ကြံစည်မှုသဘောတရားတို့ အနှိပ်စက်ခံရသော ထိုလူထွက်သည်
ခိုကိုးရာမဲ့သူကဲ့သို့ ကြံမှိုင်ပူပန်ရ၏။ ထိုသို့ သဘောရှိသောသူသည် အခြားသူတို့၏
ကဲ့ရဲ့ရှုတ်ချသံကို ကြားရသည်ရှိသော် မျက်နှာမသာမယာ ဖြစ်ရ၏။ (၅)

၈၂၆။ တစ်ပါးသော ဝါဒရှိသူတို့ တိုက်တွန်းအပ်သည်ဖြစ်၍ ဒုစရိုက်တို့ကိုလည်း ပြုလုပ်ခဲ့၏။
မုသားပြောဆိုမှုသို့လည်း သက်ဝင်ခဲ့၏။ ဤသဘောနှစ်မျိုးသည် ထိုသူ၏
အနှောင်အဖွဲ့ကြီးပေတည်း။ (၆)

၈၂၇။ တစ်ယောက်တည်းကျင့်ရသော ရဟန်းအကျင့်ကို ဆောက်တည်ကျင့်သုံးသည်ဖြစ်၍
ပညာရှိဟု ထင်ရှားကျော်စောခဲ့သူ ဖြစ်ပါလျက် တစ်ဖန် မေထုန်အမှုကို
ပြုကျင့်အားထုတ်သောသူသည် တွေဝေနုံ့နှေးသူကဲ့သို့ ပင်ပန်းညစ်နွမ်းရ၏။ (၇)

၈၂၈။ ဤသာသနာတော်၌ ပညာရှိရဟန်းသည် ရှေး (ရဟန်းဖြစ်သောအခါ )မှ
နောက် (လူထွက်သောအခါ )၌ ဤဆိုခဲ့ပြီးသော အပြစ်ကို သိမြင်၍ တစ်ယောက်တည်း
ကျင့်ရသော ရဟန်းအကျင့်ကို မြဲမြံစွာ ပြုကျင့်ရာ၏။ မေထုန်အကျင့်ကို မမှီဝဲရာ။ (၈)

၈၂၉။ ကိလေသာကင်းဆိတ်မှု ‘ဝိဝေက’ တရားကိုသာလျှင် ကျင့်ရာ၏။
ဤအကျင့်သည် (ဘုရားအစရှိသော) အရိယာတို့၏ မြတ်သောအကျင့်ပင်တည်း၊
ထို အကျင့်ဖြင့် ငါမြတ်၏ဟူ၍မထင်မှတ်ရာ၊ ထိုသူသည်သာလျှင် နိဗ္ဗာန်နှင့် နီး၏။ (၉)

၈၃ဝ။ ဒုစရိုက်ကင်းသည်ဖြစ်၍ ကာမတို့၌ မငဲ့ကွက်ဘဲ ကျင့်သော သြဃ လေးဖြာ သံသရာကို
ကူးမြောက်ပြီးသော ရဟန္တာအား ကာမတို့၌ တပ်မက် မောသူတို့သည်
ကြည်ညိုမြတ်နိုးကြကုန်၏။ (၁ဝ)

ခုနစ်ခုမြောက် တိဿမေတ္တေယျသုတ် ပြီး၏။

ဤ link မှ ပူဇော်ပါသည်။

Monday, 22 February 2016

အာဠဝကသုတ်

ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာဟူသည် ယုံကြည်မှု ‘သဒ္ဓါ’ တရားပင်တည်း။

ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထ တရား ဆယ်ပါးသည် ချမ်းသာကို ဆောင်နိုင်၏။

အရသာတို့တွင်မှန်ကန်သော ဝစီသစ္စာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်၏။

ပညာဖြင့် အသက် ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်၏။

ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် သြဃ (လေးဖြာ သံသရာ) ကို ကူးမြောက်နိုင်၏။

မမေ့လျော့မှု ‘အပ္ပမာဒ’ တရားဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်၏။

ထကြွလုံ့လ ‘ဝီရိယ’ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်၏။

ပညာဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်၏။

ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ခြင်း၏ (အကြောင်း) တရားကို ယုံကြည်သော မမေ့မလျော့သော
ဆင်ခြင်တတ်သော ပညာရှိသူသည် ကောင်းစွာ နာကြားရသောကြောင့် ပညာကို ရနိုင်၏။

လျောက်ပတ်သော အကြောင်းကို ပြုလုပ်သည်ဖြစ်၍ တာဝန်ကို ပစ်ချ မထားသော ယောက်ျားသည်
ထကြွလုံ့လ ဝီရိယကြောင့် ဥစ္စာကို ရနိုင်၏။

မှန်သော (ဝစီသစ္စာ) စကားကြောင့် ကျော်စောခြင်းသို့ ရောက်နိုင်၏။

ပေးကမ်းတတ်သောသူသည် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်၏။

ယုံကြည်မှုရှိသော အိမ်၏ အစီးအပွါးကို ရှာတတ်သော အကြင်သူအား
မှန်ကန်စွာပြောဆိုမှု ‘သစ္စာ’
ပညာဟူသော ‘ဒမ’
ဝီရိယဟူသော ‘ဓိတိ’
စွန့်လွှတ်မှုဟူသော ‘စာဂ’
ဤတရားလေးပါးတို့ ရှိကုန်၏။ ထိုသူသည် တမလွန်ဘဝသို့ ရောက်သော် ဧကန် မစိုးရိမ်ရတော့ပြီ။

link မှ ပူဇော်ပါသည်။




Sunday, 10 January 2016

မေတ္တသုတ် - မြန်မာပြန်


၁။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ (နေလိုသော)
အကျိုးစီးပွါး၌ လိမ္မာသောသူသည်
(ဤဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို) ပြုကျင့်အပ်၏- ကျင့်စွမ်းနိုင်ရမည်၊

ကိုယ်နှုတ် ဖြောင့်မတ်ရမည်၊
စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊
ဆိုဆုံးမ လွယ်ရမည်၊
စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊
လွန်ကဲမြင့်မောက်သော မာနမရှိရာ။

၂။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်၊ မွေးမြူလွယ်ရမည်၊
အမှုကိစ္စ နည်းပါးရမည်၊
ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊
ငြိမ်သက်သော ဣနြေ္ဒရှိရမည်၊
ရင့်ကျက်သော ပညာရှိရမည်၊
ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ၊ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။

၃။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှလည်း မပြုကျင့်ရာ၊
(ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်)။

ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည်
ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ်ရှိကြပါစေကုန်သတည်း။

၎။ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော (ထွက်သက်ဝင်သက်ရှိ) သတ္တဝါ
(ထွက်သက် ဝင်သက်မဲ့) သတ္တဝါတို့သည်လည်းကောင်း,

ထိတ်လန့်တတ်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း,
 စိတ်ဓာတ်ခိုင်ခံ့သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း,

ရှည်သော (ကိုယ်ရှိသော) သတ္တဝါတို့သည်လည်းကောင်း,
ကြီးသော (ကိုယ်ရှိသော) သတ္တဝါတို့သည်လည်းကောင်း,
အလတ်စားကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း,

ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း,
သေးဖွဲ သိမ်မွေ့သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း,
ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း။

၅။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊
မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊

အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊
အနီး၌ နေသော သတ္တဝါတို့သည် လည်းကောင်း၊

ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့သည်လည်းကာင်း
ခပ်သိမ်းသောသတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

၆။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊
တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ခြုတ်ခြယ်ခြင်းဖြင့်လည်းကောင်း၊
ရန်လိုသော စိတ်ဖြင့်လည်းကောင်း မထေမဲ့မြင်မပြုပါစေလင့်၊
အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်။

၇။ မိခင်သည် ရင်၌ဖြစ်သောတစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဉ် စောင့်ရှောက်ဘိသကဲ့သို့
ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။

၈။ အထက် (ဘဝဂ်) အောက် (အဝီစိ) ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော
အတွင်းရန် အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။

၉။ ငိုက်မျည်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်းနေသမျှ ကာလပတ်လုံး
ဤ (မေတ္တာနှင့်ယှဉ်သော) သတိကို ပွါးများအံ့ဟု ဆောက်တည်ရာ၏။
ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့်နေခြင်းကို မြတ်သော နေခြင်း ‘ဗြဟ္မဝိဟာရ’
ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

၁ဝ။ (ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည် ) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍
(လောကုတ္တရာ) သီလရှိသည် ဖြစ်လျက် သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍
ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌
တစ်ဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။

myanmarsutta.net
မှကူးယူပူဇော်ပါသည်။

Saturday, 9 January 2016

မင်္ဂလသုတ် - မြန်မာပြန်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌
သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဥ့်ဦးယံ)
ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍
ဇေတဝန်တစ် ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော်
မြတ်စွာဘုရားအား ဂါထာဖြင့်လျှောက်၏-

၁။ (မြတ်စွာဘုရား) များစွာကုန်သော နတ်လူတို့သည် (မိမိ) ချမ်းသာကို
တောင့်တကုန်သည်ဖြစ်၍ (မင်္ဂလာ) တရားတို့ကို ကြံကြကုန်၏။
(အသျှင်ဘုရားသည် ) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။

၂။ (နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊
ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊
ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊
ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

to avoid making friend with a stupid person

taking refuge to wise man

to worship to those who is deserved to be worshipped

၃။ (နတ်သား) သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊
ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊
မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း
ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။

to live in suitable place

having meritorious deed of past life

building good behaviour of mind and body

၎။ (နတ်သား) အကြားအမြင်များခြင်းလည်းကောင်း,
(အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း,
(မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း,
စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

having general knowledge

earning without fault

abiding the moral code well

speaking eloquently

၅။ (နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း,
သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း,
ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍အလုပ်အကိုင်တို့ကို
ပြုလုပ်ရခြင်းလည်းကောင်း၊
ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

looking after parents

supporting wife and children

doing uncomplicated work

၆။ (နတ်သား) အလှူပေးရခြင်းလည်းကောင်း,
ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း,
ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း,
အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

giving support in charity

striving good deeds

supporting relation

serving the humanist arian aid

၇။ (နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း,
မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း,
သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း,
ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

avoiding from wrong deed even in mind

avoiding from wrong deed physically or verbally

refrain from drinking alcohol

mindfulness of meritorious deed

၈။ (နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း,
(မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း,
ရောင့်ရဲလွယ်ခြင်းလည်းကောင်း,
သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း,
သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း
ဤတရားလေးပါးသည်မြင့်မြတ်သော မင်္ဂလာတရားတည်း။

paying due respect to whom should be respected

self-humiliation

contentment upon own properties

acknowledgement of others' gratitude

listening to religious sermon at the appropriate time

၉။ (နတ်သား)သည်းခံခြင်းလည်းကောင်း,
သူတော်ကောင်းတို့၏ ဆုံးမ စကားကို နာလွယ်ခြင်းလည်းကောင်း,
ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း,
သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊
ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

bearing for all

easy in admonishment

worshipping the noble monks

the discussion on dispensation at the appropriate time

၁ဝ။ (နတ်သား)
(အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း,
မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း,
အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း,
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းလည်းကောင်း၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

austerity practise

striving noble deed

knowing the noble truth of ariya

perceive the way to nibana

၁၁။ (နတ်သား) လောကဓံတို့နှင့် တွေ့သော အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်
မတုန်လှုပ်,
စိုးရိမ်ခြင်းမရှိ,
ကိလေသာမြူ ကင်း၏,
ဘေးရန် မရှိ၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

to stay steady and calm whenever you encounter mishap

without worry

lacking passion

living without danger

၁၂။ (နတ်သား) မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတို့ကို ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် (တစ်ယောက်မျှ) ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသောအရပ်တို့၌ ကြီးပွါးချမ်းသာခြင်းသို့ ရောက်၏။ ထို့ကြောင့် ထိုတရားသုံးဆယ့်ရှစ်ပါးသည် ထိုနတ်လူတို့၏ မြင့်မြတ်သော မင်္ဂလာတရားမည်၏ဟု (မှတ်လေလော့ဟု မိန့်တော်မူ၏)။

myanmarsutta.net
မှမှီငြမ်းထားပါသည်။