မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Thursday, 5 December 2013

ဖေကြီး

ကျွန်တော်တို့ မောင်၊နှမ မိဘ မိသားစု အင်အား ၅ ဦးရှိသည်။ မိဘ နှစ်ပါး၊ ညီမ နှစ်ယောက် နှင့် သားကြီး ကျွန်တော် တို့ဖြစ်သည်။ သားကြီး ဆိုတဲ့ အခေါ်ခံရသည် အရသာကို ကျွန်တော် နှစ်သက်သည်။ မူကြို ကလေးလေး အရွယ်လောက်တုန်းက ညီလေး၊ ဒါမှမဟုတ် အကိုကြီး တယောက်ကို ကျွန်တော် လိုချင်ခဲ့သည်။ ယောင်္ကျားလေးအဖော် လိုချင်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ကျွန်တော့် ဆန္ဒ မပြည့်ဝ ခဲ့ပါ။

ကျွန်တော်တို့ အဖေဘက်က အဖိုးသည် ကျွန်တော်တို့ မောင်၊နှမ ၃ယောက်လုံး၏ အိမ်နာမည်ကို မှည့်ပေးခဲ့သည်။ ကျွန်တော့်ကို မင်းမင်း၊ ကျွန်တော့် ညီမ ၂ယောက်ကိုတော့ ဖူးဖူး နှင့် ထူးထူး လို့ ပေးခဲ့ပါသည်။ အကြီးကို ဖူးဖူး၊ အငယ်ကို ထူးထူး လို့ ခေါ်စေသည်။ ဘယ်လိုကနေ ဘယ်လို ဖြစ်သွားသည်မသိ၊ မမှတ်မိပါ။ အငယ် ထူးထူး ဆိုတဲ့ နာမည်ကနေ အာကူး ဆိုတဲ့ နာမည် ပြောင်းခေါ်ဖြစ်သွားသည်။

ကျွန်တော်ကတော့ ကျွန်တော့်ညီမ ၂ယောက်ကို ဖူးလေး နှင့် အာကူးလို့ ခေါ်ပါသည်။ ကျွန်တော့် ညီမလေးတွေကို ညီမလေး ဆိုတဲ့ အခေါ်အဝေါ် မသုံးခဲ့တာကို အခုချိန်မှာ စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို အံ့သြသင့်ခဲ့သည်။ အခုထိ စဉ်းစားတိုင်း အဖြေမရခဲ့ပါ။ သူတို့တွေကတော့ ကျွန်တော့်ကို ကိုကြီးလို့ ခေါ်ပါသည်။ အဲဒါကို တွေးမိတိုင်း ၀မ်းနည်း ရပါသည်။

အဖိုးကို ဖေကြီး လို့ ကျွန်တော်တို့က ခေါ်ပါသည်။ အဖွားကို မေကြီး လို့ခေါ်သည်။ မေကြီးသည် ငွေကြေး သုံးစွဲရာတွေ စေ့စပ်လွန်းသဖြင့် တခါတရံမှာ ကျွန်တော်တို့တွေက မေကြီးကို ကပ်စေးနည်းတယ်လို့ ထင်မြင်ခဲ့သည်။ ဖေကြီးသည် မေကြီး နှင့် နှိုင်းစာလျှင် ကပ်စေး မနည်းပါ။ ကျွန်တော့်မှာ အပျင်းထူတတ်သော အကျင့်ရှိသည်။ ယနေ့ လုပ်ရမည့် အလုပ်ကို ဟိုနေ့ရွှေ့ ၊ သည်နေ့ရွှေ့ ၊ လုပ်နေလျှင် ဖေကြီးက မကြိုက်ပါ။

ဖေကြီးသည် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်သူ ဖြစ်သည်။ ဘာသာတရားလည်း ကိုင်းရှိုင်းသည်။ မနက် စောစော အိပ်ယာထသည့် အလေ့အကျင့်လည်း ရှိသည်။ မဟာသရဏဂုံတော်ကြီးသည် မနက်တိုင်း ဖေကြီး ပူဇော်နေကြ ဖြစ်သည်။ သရဏဂုံဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တဦးတယောက်အနေဖြင့် အနည်းဆုံး သက်ဝင်ယုံကြည်၊ ပူဇော်၊ ဆည်းကပ်ရသည့် သရဏဂုံ ၃ ပါးဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ မှတပါး အခြား သက်ရှိ၊ သက်မဲ့ အရာတွေကို သက်ဝင်ယုံကြည်၊ ပူဇော်၊ ဆည်းကပ်လျှင် သရဏဂုံ ပျက်စီးပါသည်။

လောက အခေါ်အဝေါ်အားဖြင့် သေဆုံးလျှင်၊ ဇီဝိတ ပျက်စီးသည့် အခါတွင်လည်း သရဏဂုံ ပျက်စီးပါသည်။ မပာာ ဆိုသည်မှာ ကြီးကျယ်၊ ခန်းနားသည့် အဓိပ္ပါယ်ကို ဖော်ဆောင်သည်။ မဟာသရဏဂုံ ဆိုသည်မှာ နိဗ္ဗာန် မရောက်မချင်း၊ နိဗ္ဗာန် ရောက်သည့်တိုင်အောင်၊ သစ္စာ ၄ ပါး ပြည့်စုံသည့်တိုင်အောင်၊ သရဏဂုံ ဆောက်တည်ပါသည်၊ ပူဇော်ပါသည်၊ ဆည်းကပ်ပါသည်ဟု တခုချင်း အထပ်ထပ် အခါခါ ပူဇော်၊ ဆင်ခြင်၊ ပွားများစေသည့်အတွက် နိဗ္ဗာန်ရောက်စေနိုင်သည့်၊ အထောက်အပံ့ကောင်းသည့် ကုသိုလ်စိတ်တွေ ဖြစ်ပွားစေသည်ဟု ဖေကြီး ပြောလို့ မှတ်သားမိပါသည်။

လောကတွင် ဖြစ်ဖြစ်သမျှသည် အကြောင်း နှင့် အကျိုး မကင်းပါ။ ဖြစ်ပေါ်သည့် အကြောင်း နှင့် အကြောင်း ပျက်စီးသွားမှ အကျိုး ဖြစ်ပေါ်သည်။ အကြောင်း တခု ပျက်လိုက်၊ အကျိုး တခု ပေါ်လိုက် သည်လို သဘောရှိသည်။ အကြောင်း မပျက်စီးလျှင် အကျိုး မပေါ်ဘူးလို့ ပြောဆိုနိုင်သည်။ ပေါ်လာသည့် အကျိုးလည်း နောက်ထပ် အကျိုးတခုဖြစ်ဖို့ အကြောင်းတခု ဖြစ်သည်။ အကြောင်း ကနေ အကျိုး၊ အကျိုး ကနေ နောက်ထပ် အကျိုး၊ နောက်ထပ် အကျိုး .. ဆက်ခါဆက်ခါ ကျေးဇူးပြုသည်။

ဤသို့ ဆက်ခါ၊ ဆက်ခါ ကျေးဇူး ပြုသည့်အတွက် တည်မြဲမှု မရှိ၊ အနိစ္စလို့ ခေါ်သည်။ တည်မြဲမှု မရှိသည့်အတွက် ဆင်းရဲသည်၊ ဒုက္ခလို့ခေါ်သည်။ တည်မြဲမှု မရှိ၊ ဆင်းရဲခြင်းသည် မိမိတို့ လိုချင်သော အရာမဟုတ်၊ အစိုးမရသဖြင့် အနတ္တလို့ ခေါ်သည်။ လောကမှာ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ တွေ့ထိသမျှသည် အနိစ္စ၊  ဒုက္ခ၊ အနတ္တ လက္ခဏာ ၃ မျိုးသာ ရှိသည်။ အခြားမရှိ။ ထို  လက္ခဏာ ၃ မျိုးသာရှိသည့်အတွက် လိုချင်မှု မရှိသင့်၊ ငြီးငွေ့ဖို့ကောင်းသည်ဟု ဖေကြီးပြောခဲ့ပါသည်။

ဖေကြီးသည် မဟာသရဏဂုံ ရွတ်ဆိုသည့် အလေ့အကျင့်ကို ကျွန်တော့်အား အမွေပေးခဲ့ပါသည်။ ကျွန်တော် ငယ်ငယ်တည်းက ဖေကြီးသည် ကွမ်းစားသည့်အလေ့ရှိသည်။ ကျွန်တော် အထက်တန်း ကျောင်းသားဘ၀ရောက်သည့်အချိန်ကစပြီး ဖေကြီးသည် ကွမ်းစားသည့်အလေ့ကို ဖြတ်လိုက်သည်။ ဆေးလိပ်၊ အရက်သေစာလည်း မသောက်ပါ။ ဖေကြီးကို ကျွန်တော် ချစ်ပါသည်။

ယခုအချိန်မှာ သင်္ခါရ သဘောအရ  ဖေကြီး၏ ဇီဝိတသည် ပျက်စီးခဲ့ပြီ။  ဖေကြီး တယောက်တည်း  ဇာတိ၊ ဇာရာ၊ မရဏ ကို ရင်ဆိုင်ရသည် မဟုတ်ပါ။ ကျွန်တော်တို့ လူသားတိုင်း သက်ရှိ သတ္တ၀ါတိုင်း တနေ့နေ့၊ တချိန်ချိန် ရင်ဆိုင်ရမှာ ဖြစ်ပါသည်။ ဖေကြီး၏ ဆုံးမ စကားတွေကို လိုက်နာ ကျင့်သုံးပြီး လူလိမ္မာ ဖြစ်အောင် နေထိုင်သွားမည်ဟု ကျွန်တော် ဆုံးဖြတ်ထားပါသည်။ ဒါမှ ဖေကြီးကို ချစ်ရာရောက်မည် မဟုတ်ပါလော ..

မဟာသရဏဂုံတော်ကြီးကို ဤ link တွင် ပူဇော်နိုင်ပါသည် ခင်ဗျာ ..




Tuesday, 3 December 2013

စန္ဒယား နှင့် ကျွန်တော်

ဓါတ်ပုံ၊ ပန်းချီ၊ ဂီတ အနုပညာကို ကျွန်တော် ၀ါသနာပါသည်။ အလယ်တန်း ကျောင်းသားဘ၀လောက်က အဒေါ်၏ ပံ့ပိုးမှုဖြင့် စန္ဒယားတီး အတတ်ပညာကို သင်ယူခဲ့သည်။ အဲသည့်အချိန်တုန်းက ကိုယ်ကိုယ်တိုင် စန္ဒယားတီးတာကို စိတ်ပါဝင်စားမှု သိပ်မရှိခဲ့။ အဒေါ်၏ အဆွယ်ကောင်းမှုကြောင့်တာ သင်ဖြစ်ခဲ့သည်။

စန္ဒယားသည် ကြိုးဖြင့်အသံတုန်ခါမှုဖြင့် ဂီတကို ဖြစ်စေသော တူရိယာတစ်မျိုးဖြစ်သည်။ ကြိုးတပ် ဂီတ တူရိယာများကို ကျွန်တော် ကြိုက်နှစ်သက်သည်။ စန္ဒယား၊ တယော၊ ဂစ်တာ တို့မှာ ကျွန်တော့် အသည်းစွဲ ဂီတ တူရိယာများဖြစ်သည်။

အခြားသူကြောင့် ဖြစ်ဖြစ်၊ အလုပ်ကြောင့် ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် စိတ်ပင်ပန်း နွမ်းနယ်နေချိန်မှာ စန္ဒယားဖြင့် တီးခတ်ထားတဲ့ သီချင်း အေးအေးလေး နားထောင်ရတဲ့ အရသာကို မည်သည့်အရာနှင့်မျှ မလဲနိုင်ပါ။ ဂီတသည် ကျွန်တော့်အတွက် စိတ်၏ ထွက်ပေါက်တခုဖြစ်ပါသည်။

စိတ်ရှုပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ၊ စိတ်သည် ဆောက်တည်ရာ မရတဲ့အခါမှာ စန္ဒယားတီးခတ်ခြင်းသည် စိတ်၏ ညစ်ညူးမှုကို ဖြေပျောက်စေသည်။ စိတ်၏ စေလို၊ စေခိုင်းချက်အရ တခါတရံ တီးခတ်သည့် ဂီတသည် ကြမ်းကြမ်းတမ်းတမ်း တီးခတ်ခြင်း၊ သာသာ ယာယာ နူးနူးညံ့ညံ့ တီးခတ်ခြင်းတို့ ဖြစ်စေသည်။

ယခုတစ်ကြိမ်တော့ သံစဉ် အေးအေးလေး တစ်ခုကို ကျွန်တော် တီးခတ်ဖြစ်သည်။ အေးမြတဲ့ ဒီဇင်ဘာနှင့်  ခံစားချက် ထပ်တူကြမည်ဟု ကျွန်တော် ထင်သည်။ လူသိလည်း များသည့် ထိုသံစဉ်ကို အောက်က link မှာ download ဆွဲပြီး laptop ပေါ်မှာ နားထောင်ကြည့်ခြင်းဖြင့် စိတ်နှလုံး ရွှင်လန်းပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ ..

Saturday, 30 November 2013

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ၇ မျိုး

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း -အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊ 

၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။  

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊  

၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း - ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊ 

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း - လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူဒါနပြုခြင်း - မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။ 

မည်သူမဆို ဤအလှူဒါနပြုနိုင်ပါသည်။

သူတော်ကောင်းတို့ရဲ့  စရိုက် ၁၂ ပါး

သူတော်ကောင်းတို့ရဲ့  စရိုက် ၁၂ ပါး

၁။ စိတ်ရှည်ခြင်း

၂။ မကြွားဝါတတ်ခြင်း

၃။ ဒေါသမလွန်ကဲခြင်း

၎။ မာနမကြီးခြင်း

၅။ ကျေးဇူးတရားသိတတ်ခြင်း

၆။ ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း

၇။ မိမိကိုယ်ကျိုးမကြည့်တတ်ခြင်း

၈။ သူတပါးအပြစ်ကို စိတ်မှတ် မထားခြင်း

၉။ အပြစ်မြင်အပြစ်တင် မပြောတတ်ခြင်း

၁၀။ မကောင်းမှုကို မနှစ်သက် မလိုလားခြင်း

၁၁။ ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း

၁၂။ သည်းမခံနိုင်တဲ့အထိ သည်းခံခြင်း

ဒေါသဖြေဖျောက်နည်း ၁၁ နည်း


ဒေါသ၀င်လာရင်ဖြေဖျောက်နည်း ၁၁ နည်း

၁။ မေတ္တာပွား၍ဖျောက်ခြင်း

၂။ မြတ်စွာဘုရား၏ အဆုံးအမ သြ၀ါဒကို ဆင်ခြင်၍ဖျောက်ခြင်း

၃။ ရန်သူ၏ကောင်းကွက်ကိုရှာ၍ဖျောက်ခြင်း

၎။ သနား၍ဖျောက်ခြင်း

၅။ မိမိကိုယ်ကိုဆုံးမ၍ဖျောက်ခြင်း

၆။ ကမ္မဿကတာဉာဏ်ဖြင့်ဖျောက်ခြင်း (ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့သိတဲ့ဉာဏ်)

၇။ သည်းခံပုံဇာတ်တော်လာများဖြင့် ဖျောက်ခြင်း

၈။ သံသရာတလျှောက်၌ ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ဖျောက်ခြင်း

၉။ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း

၁၀။ ဓာတ်ခွဲ၍ဖျောက်ခြင်း

၁၁။ ဥစ္စာပေး၍ဖျောက်ခြင်း

မှီငြမ်းကိုးကား
မေတ္တာအတွေးများစာအုပ်
ဆရာတော် ရဝေနွယ်(အင်းမ) 

လက်ဆောင်မွန်

လက်ဆောင်မွန် ဆိုတာ ဘာလဲ
ဘယ်မှာ ရှာရမလဲဆိုတာ
သင် သိထားပြီးသားပါ။

ပျော်ရွှင်မှုနှင့် အောင်မြင်မှုတွေကို
လက်ဆောင်မွန်က
ဘယ်လိုစွမ်းဆောင်ပေးနိုင်တယ်ဆိုတာ
သင် သိထားပြီးသားပါ။

သင်ကိုယ်တိုင် ငယ်စဉ်ကလေး အရွယ်တုန်းက
အဲသည့်အကြောင်းကို အသိဆုံးဖြစ်ခဲ့တယ်။
တကယ်တော့ သင်ကိုယ်တိုင် မေ့လျော့နေတာပါ။

သိပ်ပြီး သဲကြီးမဲကြီး ရှာနေတာကို ရပ်လိုက်ရင်
အဲဒါကို ရှာဖွေဖော်ထုတ်ဖို့ ပိုလွယ်ပါလားဆိုတာ
သိလာလိမ့်မည်။

တကယ်တမ်းပြောရရင် အဲဒီ လက်ဆောင်မွန်ဟာ
သိသိသာသာ ထင်ထင်ရှားရှားကြီး ဖြစ်လာမှာပါ။

သင်ရဲ့  ပုံမှန်လှုပ်ရှားမှုတွေနဲ့ ခဏတဖြုတ် ဝေးသွားအောင်
အနားယူလိုက်ပါလား။ ပြီးရင် သင့်ဆီကို အဖြေရောက်အလာကို
စောင့်ကြိုနေကြည့်လိုက်။ ခဏလောက်ပါ။

လက်ဆောင်မွန်ဆိုတာ သင်ကိုယ်ကို
ပြန်ပေးတဲ့ အကောင်းဆုံး လက်ဆောင်လေ။

ဥပမာ ပေးရရင်၊ ပန်းရန်ဆရာတယောက်ရဲ့ 
လက်မှု အနုပညာမြောက်တာကို ကြည့်ကြည့် ..
အဲသည့် ပန်းရန်ဆရာဟာ သူ့ရှေ့ က အလုပ်ထဲမှာပဲ
လုံးဝ ဥသုံဈာန်ဝင်နေမှာ မြေကြီး လက်ခတ်မလွှဲပဲ။
ပန်းရန်ဆရာကြီးရဲ့  အတွေးတွေဟာ
တောင်တွေးမြောက်တွေး
တွေးမိတာမျိုးတွေရှိမှာ မဟုတ်ဘူး။ 
ဒါကြောင့် သူ့လက်ရာ သည်လောက်
ပြောင်မြောက်နေတာပေါ့။
သင်လုပ်နေတဲ့ အလုပ်ထဲမှာ လုံးလုံးလျားလျား
အာရုံစိုက်ထားတဲ့အခါ သင့်စိတ်တွေ တခြားကို
မပျံ့ လွင့်တော့ဘူး။ အဲဒီအခါကျရင်
သင်ပျာ် နေတာပေါ့။ အဲဒီအခိုက်အတန့်ကလေးမှာ
ဖြစ်ပျက်နေတာကိုပဲ သင်စိတ်ဝင်စားနေ
တော့တာလေ။

လက်ဆောင်မွန်ဆိုတာ အတိတ် မဟုတ်သလို
အနာဂတ်လည်း မဟုတ်။
လက်ဆောင်မွန်ဆိုတာ ယခု လက်ရှိအချိန်ပါ။

ဆင်းရဲဒုက္ခအရောက်ဆုံး အခြေအနေတွေမှာတောင်
လက်ရှိ ပစ္စုပ္ပန်ကာလမှာ အဆင်ပြေချောမွေ့ တဲ့အကြောင်း
အာရုံပြုထားရင် သင် ပိုပြီး စိတ်ချမ်းမြေ့လာလိမ့်မယ်။

နောက်ပြီး မှားနေတာတွေကို ပြန်ပြီး တည့်မတ်နိုင်အောင်
လိုအပ်နေတဲ့ အားမာန်တွေ၊ ယုံကြည်မှုတွေ
ပေးလိမ့်မယ်။

ဝမ်းနည်း ကြေကွဲမှုဆိုတာ၊
ဖြစ်လာတာနဲ့ ကိုယ်ဖြစ်စေချင်တာ
တစ်ခုနဲ့ တစ်ခုအကြား ခြားနားမှုတခုဘဲ

အခုလက်ရှိ အခိုက်အတန့်မှာ ဖြစ်ပေါ်ခံစားနေရတဲ့
ဝမ်းနည်းကြေကွဲမှုဆိုတာ အနိစ္စဆိုတဲ့
တရားသဘောအရ ထာဝစဉ်
ပြောင်းလဲနေတယ်၊ အဲဒီ ဝေဒနာဟာ
လာပြီးရင် ပြန်သွားမှာပဲ။

ပစ္စုပ္ပန်မှာ တည်အောင်နေတယ်ဆိုတာ
အာရုံပျံ့ လွင့်မှုတွေကို ဖယ်ထုတ်ပြီး
လောလောလတ်လတ် အရေးကြီးနေတာတွေကို
အာရုံစိုက်ခြင်းပဲဖြစ်တယ်။

သင် အာရုံဝင်စားမှုဟာ
သင့်အတွက် သင်ကိုယ်တိုင်ဖန်တီးပေးတဲ့
လက်ဆောင်မွန်ဖြစ်သည်။

ပစ္စုပ္ပန်မှာ တည်နေပြီး လောလောဆယ်
အရေးကြီးတာကို အာရုံစူးစိုက်ထားခြင်းအားဖြင့်
သင်ကိုယ်တိုင် ထူးဆန်း အံ့သြစရာတွေ့ရှိချက်တွေ
အများကြီး ထပ်တွေ့လာလိမ့်မယ်။

ယခုလက်ရှိအခိုက်အတန့်မှာ ဖြစ်ပျက်နေတာတွေ
အပေါ် အာရုံစိုက်။ အဆင်ပြေချောမွေ့တဲ့
အနေထေားကို ကျေးဇူးတင် ၀မ်းမြောက်ပါ။
ပြီးတော့ အဲဒီအပေါ်မှာ ထပ်ဆင့်
တည်ဆောက်ယူပါ။

လတ်တလော အရေးကြီးနေတာကို
ဂရုစိုက် အလေးထားပါ။
အတိတ် အတွေ့အကြုံတွေကနေ
သင်ယူဆည်းပူးမှု မပြုခဲ့ဘူးဆိုရင်
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့
ခက်ခဲ ပင်ပန်းပေလိမ့်မယ်။

သင်ယူဆည်းပူးမှု ပြုလုပ်ပြီးတာနဲ့
အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့မယ်ဆိုရင်
ပစ္စုပ္ပန်ကို တိုးတက်ကောင်းမွန်အောင်
သင် စွမ်းဆောင်ရာရောက်တယ်။

အခက်အခဲ အကျပ်အတည်းတွေ အများဆုံး
တွေ့ရသူ တော်တော်များများဟာ သူတို့
လုပ်မိခဲ့တဲ့ အမှားတွေအကြောင်းတွေးပြီး
စိတ်သောက ရောက်နေတတ်ကြတယ်၊

ဒီလိုမှ မဟုတ်ရင် သူတို့ လုပ်မိမယ့်
အမှားတွေအတွက် ကြိုပြီး စိုးထိတ်
ဗျာပွေနေတတ်ကြတယ်။

တချို့ တွေဆို အတိတ်ကာလတုန်းက
လုပ်ငန်းခွင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုခု
အကြောင်း တနုံနုံ တွေးပြီး
ဒေါသထွက်နေတတ်ကြတယ်လေ။

ဘ၀မှာ အဆင်ပြေ အောင်မြင်နေသူတွေကတော့
မျက်မှောက်ကာလမှာ လုပ်နေတဲ့ သူတို့
အလုပ်ပေါ်မှာပဲ အာရုံစိုက်ထားလေ့ရှိကြတယ်။

သူတို့လည်း အများသူငါနည်းတူ အမှားတွေ
လုပ်မိကြတာပါပဲ၊ ဒါပေမယ့် သူတို့က
ကိုယ့်အမှားတွေဆီကနေ သင်ခန်းစာထုတ်ယူ
ရှိတယ်။

ပြီးတော့ အဲဒီကိစ္စကို အတိတ်မှာချန်ထား
ရစ်ခဲ့ပြီး ရှေ့ ခရီးကို ဆက်တယ်၊ နောက်ပြီး သူတို့က
ပြုမိခဲ့တဲ့ အမှားတွေအကြောင်းကို သိပ်ပြီး
ဇာချဲ့ ပြောနေလေ့မရှိကြဘူး။

သင့်ရဲ့  အတိတ်ဖြစ်ရပ်တွေကနေ
ပညာယူရမယ့်အစား အဲဒီအကြောင်းတွေကို
ဥပေက္ခာပြုထားရင် ရလဒ်က ဘာလဲဆိုတော့ ..
ဘာပညာမှ မရလိုက်တာပဲ။

ဒီတော့ မှားပြီးသား အမှားမျိုးတွေကိုပဲ
ထပ်တလဲလဲ မှားနေတော့တာပေါ့။

ပစ္စုပ္ပန်ကာလမှာ သင် စိတ်ဆင်းရဲနေတဲ့အခါမျိုး
ဒါမှမဟုတ် မအောင်မြင်ဘူးလို့ ခံစားနေရချိန်မျိုး၊
အဲဒီအချိန်ဟာ အတိတ်ဖြစ်ရပ်တွေကနေ
သင်ခန်းစာထုတ်ယူရမယ့် ဒါမှမဟုတ်
အနာဂတ်အတွက် စီမံကိန်းချရမယ့်
အချိန်ပဲဖြစ်တယ်။

အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ
ပြန်ပြီး ဆန်းစစ်လေ့လာပါ။
အဲဒီ ဖြစ်ရပ်တွေကနေ
အဖိုးတန်သင်ခန်းစာတစ်ခုခု ထုတ်ယူပါ။

သင် ထုတ်ယူရရှိတဲ့ သင်ခန်းစာကို
ပစ္စုပ္ပန်ကာလ တိုးတက်ကောင်းမွန်ရေးအတွက်
အသုံးချပါ။

သင် အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး၊
ဒါပေမယ့် အတိတ်ကနေ သင်ခန်းစာ
ထုတ်ယူလို့ရတယ်။

အနေအထား တူတာတွေပေါ်ပေါက်လာရင်
အကြောင်းကိစ္စတွေကို မတူခြားနားအောင်
ဆောင်ရွက်၊ ပြီးတော့ ပိုပြီး
ထွန်းပေါက်အောင်မြင်တဲ့ ပစ္စုပ္ပန်ကာလကို
ပျော်ရွှင်ခံစားပါလေ။

အနာဂတ်ကို ဘယ်သူမှ
ကြိုတင်ဟောကိန်းထုတ်လို့ မရသလို
ဘယ်သူမှ ထိန်းချုပ်လို့ မရဘူး။

ဒီလိုဖြစ်ပေမယ့်လည်း သင်တွေ့လိုမြင်လိုတာကို
များများစီမံကိန်းချလေ၊ ပစ္စုပ္ပန်မှာ
သင် စိုးရိမ်ကြောင်းကြရမှု နည်းလေ၊
နောက်ပြီး အနာဂတ်ကို
ပိုပြီး သိနေ မြင်နေလေပေါ့။

ငါတို့ အလုပ်ဘ၀မှာရော ကိုယ်ပိုင်ဘ၀မှာပါ
ငါတို့ရဲ့  အိပ်မက်တွေ ပျက်ပြယ်ကုန်တတ်တယ်၊
ငါတို့ရဲ့  ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကုန်တတ်တယ်၊
အဲဒီလို လမ်းပျောက်ကုန်ကြတာမှာ အဖြစ်အများဆုံး
ချို့ ယွင်းချက်ကတော့ စီမံကိန်း မရှိခြင်းပဲ။

မေးခွန်းသုံးခု မေးကြည့်တဲ့နည်းနဲ့ စီမံချက် ဆွဲရမယ်ကွ။
သာယာလှပတဲ့ အနာဂတ်ဘ၀ဆိုတာ ဘယ်လိုရှိမလဲ။
အဲဒီလိုဖြစ်လာအောင်လုပ်ဖို့ ငါ့စီမံကိန်းတွေက ဘာတွေလဲ။
သာယာလှပတဲ့ အနာဂတ်ဘ၀ဖြစ်လာအောင် ဒီနေ့
ငါဘာတွေ လုပ်မှာလဲ။

အောင်မြင်လိုတဲ့ အနာဂတ်၊ အဲဒီ အနေအထားကို
အောင်အောင်မြင်မြင်ဖန်တီးရယူလို့ ရတယ်ဆိုတာကို
ယုံကြည်နေရမယ်။ အဲဒီလို ခံယူချက် ခိုင်မာလေ
သင်ရဲ့  စီမံကိန်းကို ဖန်တီးဖို့ ပိုလွယ်လေပဲ။

အရေးကြီးတာက လှပတဲ့ အနာဂတ်ဘ၀ဖြစ်ပေါ်လာရေးကို
အထောက်အကူဖြစ်စေမယ့် အလုပ်တစ်ခု၊ ဘယ်လောက်ပဲ
သေးသေး မွှားမွှား ဖြစ်နေပေမယ့်လည်း
တစ်ခုခုတော့ လုပ်နေရမယ်။

သာယာလှပတဲ အနာဂတ်ဘ၀ဟာ
ဘယ်လိုနေမလဲဆိုတာ
စိတ်ကူးပုံရိပ် ဖော်ကြည့်ပါ။

အဲဒီဘ၀မျိုး ဖြစ်ထွန်းလာအောင်
လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ။
သင့် စီမံကိန်းကို လောလောဆယ်ပဲ
အကောင်အထည်ဖော်ပါ။

သင်စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ
ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး
လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို
တုံ့ပြန်ဆောင်ရွက်ပါ။

ပစ္စုပ္ပန်ကို အတိထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ
အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ။
အဲသည့် ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့
သင်ခန်းစာ ထုတ်ယူပါ။

ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။
အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင်
ဖန်တီးချင်တဲ့အခါ
အနာဂတ်အတွက် စီမံကိန်းချပါ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို
မြင်အောင်ကြည့်ပါ။

အဲသည့် ပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူ
ပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့် စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ။


ကဆုန်လပြည့်နေ့တွင် မိဘခြေရာ ခံယူနည်း

မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍ မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံ ဆရာတော် ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသော မွေးနေ့ (သို့မဟုတ်) မွေးရက်နှင့် မှတ်တမ်းအပ်သည့်နေများတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူ မည့်အချိန်မှာ မိဘကော သားသမီးပါ ရေချိုးသန့်စင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး ဘုရားစင် ရှေ့မှာထိုင်ပါ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့ပါ ပြီးလျှင် အရှေ့အရပ် မှာ မိဘ၊ တောင်အရပ်မှာ ဆရာသမား မြောက်အရပ်မှာ ကျေးဇူးရှင်များကို ကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ) ပါးအား ဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါး သီလခံယူ ဆောက်တည်ပါ။

နေရာယူရန်
-------------
ထို့နောက် မိဘမှ မြင့်သော မြတ်သော အရပ်မှာထိုင်ပြီး သားသမီးတို့မှ မိမိတို့တတ်အား သရွှေ့ ကန်တော့ရန် ပစ္စည်းများဖြင့် ကန်တော့ပါ၊ မိဘတို့ကလည်း ဆုပေး ချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့် မတော် တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ်ပါရန် သုံးကြိမ် တောင်းပန်၍ ကန်တော့ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု သုံးကြိမ် ဖြေကြားပါ။ 

ခြေရာယူခြင်း
---------------
ပြီးလျှင် မိဘခြေထောက်များကို ရေဇလုံတစ်ခုမှာ ရေဆေးကြောသန့်စင်ပေးပြီး နံ့သာများ လိမ်းပေးပါ၊ နံ့သာလိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။ ပြီးလျှင် ဆီ၊ နနွင်း (သို့မဟုတ်) ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။ သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီး အမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ ပိတ်ဖြူစပေါ်တွင် နင်းပေးပါ။ အဖေဆိုလျှင်တော့ ညာအစ ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါသည်။ ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီး မတ်တပ် ရပ်ကာ သရဏဂုံတည်နေစဉ် သားသမီးများကလည်း မိဘတို့၏ ခြေအစုံကို ဦးခေါင်းနှင့်ထိ၍ ပူဇော် ကန်တော့နေပါ၊ ထို့နောက် ဘေးမှဦးဆောင်၍ မိဘခြေရာတောင်းပေးသူမှ မိဘတို့အား သားသမီး များအတွက် မေတ္တာများ ဤခြေရာတွင် ထားခဲ့ပေးပါ။ ထားခဲ့ပါသလားဟု သုံးကြိမ် အမေး အဖြေ ပြုလုပ်ပေးပါ။ မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာ ထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံ ပွားများရင်း ကျန်ရစ်ခဲ့တာ ဖြစ်တဲ့အတွက် ဆောင်ယူသော သားသမီးများ လောကီ၊ လောကုတ္တရာ အကျိုးထူးများစွာ ရရှိသလို ချီးမြှင့်ပေးသော မိဘများမှာလည်း အသက်ရှည် စိတ်ကျမ်းမာစေပါတယ်။
မိဘခြေရာကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီး များ၏ အမည်၊ တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။ မိဘတို့၏ ခြေဖဝါးများကို မူလ ဆေးကြောထားသော ရေဇလုံအတွင်းမှာ ရေနှင့်ပင် ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။ မိဘတို့၏ ခြေရင်း၌ မိဘခြေထောက်များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ၊ သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှား မိသော အပြစ်များ ရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် မျက်နှာ (၃) ကြိမ်သစ်ပါ။ မိဘခြေရာ တောင်းယူနေစဉ်မှာ မိဘတွေရဲ့ မျက်နှာမှာ ဇရာကို သံဝေဂရလိုက်၊ သားသမီးတွေက ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့၊ သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနှင့် မင်္ဂလာအရှိဆုံး အပျော်ဆုံး ဖြစ်နေမှာ အမှန်ပါ။ 

မိဘခြေရာတောင်းယူပြီးနောက် 
---------------------------------
မိဘခြေရာတောင်းယူပြီး (၉) ရက်တိုင်တိုင် ကန်တော့ပြီးမှ ညအိပ်ရာဝင်ပါ။ အိမ်ထောင်ရှိ ပါက အိမ်ထောင်နှင့် (၉) ရက်ခွဲ၍ အိပ်ပါ။ မိဘခြေရာတောင်းယူပေးစဉ် ဦးဆောင်သူမှ အောက်ပါ ဂါထာများ ကို ရွတ်ဖတ်ပူဇော်ပေးရပါမည်။

မိဘခြေရာယူစဉ် ရွတ်ဆိုရန်
-----------------------------
‘ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ ဝဿသတံမာတု ပါဒံနမာမဟံ္လ
သာမာတာ အကြင်အမိသည် ဒသမာသေ ဆယ်လတိုင်တိုင် ဦးရေကတွာ ရင်ဖြင့်ပိုက်လွယ် သည် ကိုပြု၍ ပုဎိကာရဏံ ကြီးပွားခြင်းအကြောင်းကို ကတွာပြု၍၊ ပေါသတိ နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊ ဝဿသတံ၊ အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံခြေအစုံကို အဟံ အကျွန်ုပ်သည်၊ နမာမိ ရိုသေမြတ်နိုး ရှိခိုးပါ၏။
‘ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟံ္လ
ယောပီတု၊ အကြင်အဖသည် ဗုသိကာရော၊ ကြီးပွားကြောင်းကိုပြုလျှက် အလိဂ္ဂေတွာ၊ လည်ကို ဖက်၍၊ ဥပ္ပိတွာ၊ နမ်း၍၊ ပီယပုတ္ထထံ၊ ချစ်လှစွာသောသားကို၊ ရာဇပဇ္ဈံ၊ မင်းမှူးမတ်တို့၏ အလယ်၌ သုပတိဌံ၊ ကောင်းစွာတည်စေ၏ သောပီတု၊ ထိုအဖ၏ ပါဒံ၊ ခြေအစုံကို အဟံ၊ အကျွန်ုပ် သည် နမာမိ၊ ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။



မှီငြမ်းကိုးကား
၂၀၀၆ခု မေလထုတ် ရတီမဂ္ဂဇင်း

ဘစိုးဥ

ဒါန၏ အားသာချက်

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။

(သုမန)
“အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..”

(မြတ်ဗုဒ္ဓ)
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

(သုမန)
“အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…”

(မြတ်ဗုဒ္ဓ)
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

(သုမန)
“အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..”

(မြတ်ဗုဒ္ဓ)
“သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘ၀မှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…”

(သုမန)
“အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘ၀မှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…”

(မြတ်ဗုဒ္ဓ)
“သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…”

ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။

ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား

“အရှင်ဘုရား… အံ့သြဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” 
ဟု အားရ၀မ်းသာ လျှောက်ထား၏။

ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။

♦ “လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။

♦ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။

♦ ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောက၀ယ် နတ်ပြည်လောက၌ ၀မ်းမြောက်ရလေသတည်း..”


မှီငြမ်းကိုးကား
"အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမန၀ဂ်၊ သုမနသုတ်"
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Monday, 25 November 2013

အောင်မြင် ပျော်ရွှင်စွာ နေထိုင်နည်း

ပစ္စုပ္ပန် အချိန်သည် မိမိ ပိုင်ဆိုင်ပြီး ပျော်ရွှင်စွာ နေပါဟု ဆိုရာ၌ မည်သည့်ရည်ရွယ်ချက်ရှိသည့် အလုပ်ကို လုပ်လုပ် နောက်ဆုံး ရရှိလာမည့် ရလဒ်ကို မျှော်မှန်းတွေးတော စိုးရိမ် ပူပန်၍ မနေဘဲ လက်ရှိ အချိန်၌ လုပ်ကိုင်နေမှု အပေါ်တွင်သာ အာရုံ စူးစိုက်၍ ပျော်ရွှင်စွာလုပ်ကိုင်ပါဟု ဆိုလိုရင်း ဖြစ်သည်။ 

ဥပမာအားဖြင့် သင်သည် အခန်းတစ်ခန်းကို ဆေးသုတ်နေသည် ဆိုပါစို့။ သင်၏ စိတ်ထဲ၌ အခန်းတစ်ခန်းလုံး အချိန်မီသုတ်လို့ပြီးပါ့မလား၊ လှလှပပ သပ်သပ်ရပ်ရပ်ကော ဖြစ်ပါ့မလား၊ အချိန်မီ ဆေးခြောက်ပါ့မလား၊ သုတ်ပြီးသမျှ လှလှပပ ရှိရဲ့ လား စသည်ဖြင့် လုပ်ပြီးသည့် ကိစ္စ၊ နောင်ဖြစ်လာမည့် ကိစ္စတို့ကို တွေးတောပူပန် မနေဘဲ သင် သုတ်နေသော ဆေးစုတ်ချက်တိုင်း၌ စိတ်ကို နှစ်မြှုပ်၍ စုတ်ချက်တိုင်း ညီညာ ကောင်းမွန်အောင်ကြိုးစားပြီး ပျော်ရွှင် လွတ်လပ်စွာဖြင့် ဆေးသုတ်ရန်သာ ဖြစ်ပါသည်။

ထိုအခါ စိုးရိမ်စိတ်ကင်း၍ အာရုံ မများဘဲ စုတ်ချက်တိုင်းကို မှန်မှန်ကန်ကန် ညီညီညာညာဖြစ်အောင် သုတ်လာနိုင်ပြီး နောက်ဆုံးတွင် လှပ သပ်ရပ်သော ဆေးသုတ်ပြီး အခန်းတစ်ခုကို သင်ရရှိလာပေလိမ့်မည်။

မှတ်သားနည်း ပညာ

ကျွန်ုပ်တို့ ဦးနှောက် အတွင်း၌ အကြောင်းအရာ တစ်ခုကို မှတ်သားထားသည့် အခါတိုင်းတွင် ကျွန်ုပ်တို့သည် စိတ်ကူးဥာဏ်နှင့်မြင်ယောင်နိုင်သည့် အစွမ်းသတ္တိတို့ကို အသုံးပြု၍ မှတ်သားလိုသည့် အကြောင်းအရာကို စိတ်ကူး မြင်ယောင် ပုံဖော်ကြည့်ပြီးမှသာ ဦးနှောက်ထဲ၌ စွဲမြဲ မှတ်မိသွားတော့၏။ ထိုသို့ စိတ်ကူး ပုံဖော် မှတ်သားနိုင်မှု အနည်းအများပေါ် မူတည်၍ ကျွန်ုပ်တို့၏ ပြည်လည် မှတ်မိမှု (တစ်နည်း) မှတ်ဥာဏ်ကောင်းမှု အနည်းအများကို ဖြစ်ပေါ်စေလေသည်။

အေဘရာဟင်လင်ကွန်း

အမေရိကန်နိုင်ငံ၏ (၁၆) ယောက်မြောက် သမ္မတဖြစ်သူ အေဘရာဟင်လင်ကွန်းသည် သမ္မတဘ၀သို့ မရောက်ရှိမီ သာမန် လူတစ်ဦး အဖို့ စိတ်ဓါတ်ကျစရာ အလွန်ကောင်းလှသည့် အခြေအနေ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ ငယ်စဉ်ကတည်းက အပတ်အကုတ် ကြိုးစားအားထုတ်ခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော် အသက် (၃၁) နှစ်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း ပျက်ပြားခဲ့သည်။ (၃၂) နှစ်အရွယ်တွင် ပြည်နယ်ဥပဒေပြုအမတ်နေရာ ၀င်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ပြန်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာ အသက် (၃၃) နှစ်တွင် တစ်ခါထပ်ပြီး စီးပွားပျက်ခဲ့ပြန်သည။ အသက် (၃၅) နှစ်တွင် ချစ်သူ ကွယ်လွန် သွားခဲ့ပြီး အသက် (၃၆) နှစ်တွင် အကြီးအကျယ် နာမကျန်း ဖြစ်ခဲ့သည်။ အသက် (၄၃) နှစ်တွင် ကွန်ဂရက် အမတ်နေရာ ၀င်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ သို့သော် စိတ်မပျက်၊ စိတ်ဓါတ်မကျဘဲ ထပ်မံဝင်ပြိုင် အရွေးခံရာ အသက် (၄၆) နှစ်နှင့် (၄၈) နှစ်တွင် ထပ်မံ ရှုံးနိမ့်ခဲ့ပြန်သည်။ တစ်ဖန် ဆီးနိတ် အမတ်လောင်းနေရာ ၀င်ပြိုင်ရာ အသက် (၅၅) နှစ်တွင် ရှုံးနိမ့်ခဲ့ပြန်သည။ (၅၆) နှစ်တွင် ဒုတိယသမ္မတနေရာ ၀င်အရွေးခံပြန်ရာ ရှုံးနိမ့်ခဲ့ပြန်သည်။ ဆီးနိတ်အမတ်နေရာကို (၅၈) နှစ်တွင် ၀င်အရွေးခံရာ ထပ်မံရှုံးခဲ့ပြန်သည်။ လင်ကွန်းသည် စိတ်ဓါတ် မကျသေးဘဲ သမ္မတနေရာ ၀င်အရွေးခံပြန်ရာ နောက်ဆုံး အသက် (၆၀) အရွယ်တွင် အမေရိကန်နိုင်ငံ၏ သမ္မဖြစ်လာခဲ့သည်။ ယခုဆိုလျှင် ကမ္ဘာကျော် ခေါင်းဆောင်ကြီး တစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခဲ့လေသည်။ 

ဗောဓိပက္ခိယတရား ၃၇ ပါး

ဗောဓိပက္ခိယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။

အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက

သတိပဋ္ဌာန် ၄ ပါး၊ 
သမ္မပ္ပဓာန် ၄ ပါး၊ 
ဣဒ္ဓိပါဒ် ၄ ပါး၊ 
ဣနြေ္ဒ ၅ ပါး၊ 
ဗိုလ် ၅ ပါး၊
ဗောဇ္ဈင် ၇ ပါး၊ 
မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

သတိပဋ္ဌာန် (၄) ပါး

မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်တဲ့ သတိအထူးကို သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိပဋ္ဌာန်လေးပါးရှိပါတယ်။

၁။ ကာယနုပဿနာ သတိပဋ္ဌာန် = ခန္ဓာကိုယ်၌ (၀ါ) ဆံပင် မွေးညင်း စတဲ့ ၃၂ကောဋ္ဌာသ၌ အသုဘ အခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ဝေဒနာတို့ကို ဒုက္ခအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် = စိတ်တို့ကို အနိစ္စအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး

၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာသင်္ခါရဖြစ်သော နီဝရဏစတဲ့ တရားဓမ္မများကို အနတ္တအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး

သမ္မပ္ပဓာန် (၄)ပါး

သမ္မပ္ပဓာန် ဆိုတာ ၀ီိရိယကို ပြောတာပါ။ အရိုးကြေကြေ၊ အရေခမ်းခမ်း မဆုတ်မနစ် နောက်မဆုတ်ဘဲ ကြိုးစားအားထုတ်တဲ့ ၀ီရိယစေတသိက်ကို ဆိုလိုပါတယ်။ ဒီသမ္မပ္ပဓာန်လည်း လေးပါးရှိပါတယ်။

၁။ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားများကို ပယ်ဖျောက်နိုင်အောင် အားထုတ်တဲ့ ၀ီရိယ

၂။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားများကို မဖြစ်ပေါ်အောင် အားထုတ်တဲ့ ၀ီရိယ

၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားများကို ဖြစ်အောင်အားထုတ်တဲ့ ၀ီရိယ

၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားများကို ခိုင်ခန့်တိုးပွားအောင် အားထုတ်တဲ့ ၀ီရိယ

ဣဒ္ဓိပါဒ် (၄)ပါး

ပြီးစီးထမြောက်သော ဈာန်မဂ်ဖိုလ် အကျိုးတို့၏ အခြေခံ အကြောင်းတရား၊ တစ်နည်းအားဖြင့် ဈာန်မဂ်ဖိုလ်ရရှိရန် အခြေခံဖြစ်တဲ့ တရားများကို ဣဒ္ဓိပါဒ်လို့ ခေါ်ပါတယ်။ ဣဒ္ဓိပါဒ်လေးပါး ရှိပါတယ်။

၁။ ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ဆန္ဒ

၂။ ၀ီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ၀ီရိယ

၃။ စိတ္တိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ စိတ်

၎။ ၀ီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ပညာ

ဣနြေ္ဒ (၅) ပါး

အရိယာမဂ်ကို ရစေခြင်း၌ အစိုးရခြင်းကို ဖြစ်စေသောကြောင့် ဣနြေ္ဒဟုခေါ်သည်။ ၎င်းတို့မှာ

၁။ သဒ္ဓိနြေ္ဒ = ယုံကြည်မှု သဒ္ဓါ(စေတသိက်)၂

၂။ ၀ီရိယိနြေ္ဒ = ကြိုးစားအာထုတ်မှု ၀ီရိယ(စေတသိက်)

၃။ သတိနြေ္ဒ = မမေ့မလျော့ သတိရှိမှု သတိ(စေတသိက်)

၎။ သမာဓိနြေ္ဒ = တည်ကြည်မှု သမာဓိ(စေတသိက်)

၅။ ပညိနြေ္ဒ = ပညာရှိမှု ပညာ(စေတသိက်)

ဗိုလ် (၅) ပါး

အရိယာမဂ်ကို ရစေခြင်း၌ ကြံ့ကြံ့ခံနိုင်ခြင်း (အားအင်) ကို ဖြစ်စေသောကြောင့် ဗလ-ဗိုလ်ဟုခေါ်သည်။ ၎င်းတို့သည် ဣနြေ္ဒငါးပါးအတိုင်း

၁။ သဒ္ဓါဗိုလ်

၂။ ၀ီရိယဗိုလ်

၃။ သတိဗိုလ်

၎။ သမာဓိဗိုလ်

၅။ ပညာဗိုလ် ဟုငါးပါးရှိပြီး အရကောက်လည်း အတူတူပဲ ဖြစ်ပါတယ်။

ဗောဇ္ဈင် (၇) ပါး

ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။

၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ

၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ

၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ

၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ

၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ

၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ

မဂ္ဂင် (၈) ပါး

သစ္စာဉာဏ်ကို ရရာရကြောင်း မှန်ကန်တဲ့ လမ်းကြောင်းကို မဂ္ဂအင်္ဂ = မဂ္ဂင်္ဂ= မဂ္ဂင်လို့ ဆိုပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း မဂ္ဂင် ရှစ်ပါးရှိပါတယ်။

၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်တဲ့အမြင် (ပညာ)

၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = မှန်ကန်တဲ့ အတွေးအကြံ (၀ိတက်)

၃။ သမ္မာဝါစာမဂ္ဂင် = မှန်ကန်တဲ့စကား (သမ္မာဝါစာ)

၎။ သမ္မာကမ္မန္တမဂ္ဂင် = မှန်ကန်တဲ့ အလုပ် (သမ္မာကမ္မန္တ)

၅။ သမ္မာအာဇီဝမဂ္ဂင် = မှန်ကန်တဲ့ အသက်မွေးမှု (သမ္မာအာဇီဝ)

၆။ သမ္မာဝါယမမဂ္ဂင် = မှန်ကန်တဲ့ အားထုတ်မှု (၀ီရိယ)

၇။ သမ္မာသတိမဂ္ဂင် = မှန်ကန်တဲ့ အောက်မေ့မှု (သတိ)

၈။ သမာသမာဓိမဂ္ဂင် = မှန်ကန်တဲ့ တည်ကြည်မှု (သမာဓိ)

အထက်ပါ တရားအသီးသီးကို ပေါင်းလိုက်ပါက (၃၇)ပါးရှိပြီး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလို့ ခေါ်ပါတယ်။ သစ္စာလေးပါးဗောဓိတရားကို ရရာရကြောင်း တရားများလို့ နားလည်သဘောပေါက်နိုင်ပါတယ်။

အရှင်ဝိစိတ္တ(မနာပဒါယီ) မှ ကိုးကား မှီငြမ်းထားပါသည်။

အနတ္တ လောက နှင့် ဒုက္ခ

အနတ္တ လောကကြီး ဖြစ်သည်၊ အတ္တလောက မဟုတ်။ အကြောင်း အကျိုး လောကကြီး ဖြစ်သည်။
ဖြစ်ချင်တိုင်းဖြစ်သည့် လောက မဟုတ်။ ဖြစ်ချင်တိုင်း ဖြစ်နေလျှင် စိတ်တိုင်းမကျသူဟူ၍ ဘယ်မှာရှိမည်နည်း။ ဖြစ်ချင်တိုင်းမဖြစ်ကြ၍သာ လောကသည် စိတ်တိုင်းမကျသူတို့နှင့် ပြည့်နေသည်။ 

အမှန်စင်စစ် ဖြစ်ချင်တိုင်းဖြစ်သည်မဟုတ်။ ဖြစ်စရာရှိသည့်အတိုင်း ဖြစ်သည်။ ကောင်းအောင်လုပ်ထားလျှင် ကောင်းမည်။ ဆိုးအောင်လုပ်ထားလျှင်ဆိုးမည်။ ဆိုးအောင် လုပ်ထားပြီးမှ ကောင်းချင်၍ မရ။  ကောင်းချင်သော ပုဂ္ဂိုလ်များအတွက် ကောင်းအောင် လုပ်ခြင်းမှတပါး တခြားအားကိုးရာ မရှိပြီ။ 

စားသောက်အပ်သော အစာအာဟာရသည် မုချကျင်ကြီးကျင်ငယ်ကို ဖြစ်စေ သကဲ့သို့ ချစ်ခင်မြတ်နိုးမှုသည် မုချ စိုးရိမ်ပူပန်ခြင်းကို ဖြစ်စေလိမ့်မည်။ ဒုက္ခကို မည်သူကမှ ပေးသည်မဟုတ်။ ဒုက္ခဟူသည် လောဘကြောင့် ဖြစ်သည်။ ကိုယ့်လောဘ ကိုယ်လျှော့၍ ကိုယ့်ဒုက္ခ ကိုယ်လျော့အောင် ကြိုးစားသင့် ကြသည်။ ကိုယ့်လောဘ ကိုယ်ထိန်း၍ ကိုယ့်ဒုက္ခကိုယ်ငြိမ်းအောင် ကြိုးစားသင့်ကြသည်။ 



သစ္စာရွှေစည် ဆရာတော် အသျှင်ဥတ္တမ

Saturday, 23 November 2013

ဂူဂယ်၏ လွယ်ကူသော အသုံးပြုနည်းများ


download link

ဂူဂယ် (google) ဆိုတာ အင်တာနက်မှ အကြောင်းအရာ (information) တွေကို ရှာဖွေပေးနိုင်တဲ့ search engine စက်တမျိုး ဖြစ်သည်။ မိမိတို့ ဖတ်လို သိလိုသည့် information တွေသည် internet ထဲမှာ အများအားဖြင့် ရှိနေကြပြီး ဖြစ်သည်။ 

ထို internet ထဲတွင် ရှိနှင့်နေပြီးသော မိမိတို့ လိုချင်သည့် information တွေကို မိမိတို့လိုချင်တဲ့ ဆန္ဒ၊ ပုံစံအတိုင်းရဖို့အတွက် ဂူဂယ်ကို ကောင်းကောင်း သုံးတတ်ဖို့ လိုသည်။

ဥပမာ မိမိတို့ နှစ်သက်သည့် မင်းသား၊ မင်းသမီးတို့ရဲ့ အကြောင်းအရာ၊ ဓါတ်ပုံ၊ အသံ ဖိုင်တွေကို ရှာဖွေခြင်း၊ လတ်တလော ဖြစ်ပျက်နေသော မြန်မာနိုင်ငံအကြောင်းနှင့် ပတ်သက်သော အကြောင်းအရာတွေကို ရှာဖွေခြင်း မျိုးဆိုရင် ဂူဂယ်ကို ကောင်းကောင်း သုံးတတ်ဖို့ တကယ်လိုအပ်သည်။ 

ဂူဂယ်ကို အသုံးပြုဖို့အတွက် internet နှင့် browser ရှိဖို့ဘဲလိုပါသည်။ Google Chrome ကိုအသုံးပြုပြီး ဥပမာတွေကို ရှင်းပြထားသည်။ Internet Exploer, Mozilla, Opera, Chrome အစရှိသော browser တမျိုးမျိုး၊  မိမိတို့ ကြိုက်နှစ်သက်ရာ ကို အသုံးပြုပြီး လေ့လာနိုင်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ဂူဂယ်မှာ ရှာကြည့်မည် ဆိုပါစို့။ ဒါဆိုရင် ဂူဂယ်မှာ aung san suu kyi လို့ ရိုက်ပြီး ရှာရင် internet page စုစုပေါင်း 8,270,000 ပမာဏ လောက် ရှာတွေ့မည်။




aung san suu kyi ဆိုတဲ့ နာမည် တဆက်တည်းရှိတဲ့ အကြောင်းတွေကိုဘဲ တိတိကျကျ ရှာကြည့်မယ်ဆိုရင် double quote “ “ ကို အသုံးပြုရမည်။ ဂူဂယ်မှာ “aung san suu kyi" လို့ ရိုက်ပြီး ရှာကြည့်ပါ။ internet page စုစုပေါင်း 8,100,000 ပမာဏ လောက် ရှာတွေ့မည်။




“aung san suu kyi" အကြောင်းကို အင်္ဂလန်ရဲ့  websites တွေထဲက သီးသန့် ရှာချင်တယ်ဆိုရင် location ဆိုတဲ့ keyword ကို အသုံးပြုရသည်။ ဂူဂယ်မှာ "aung san suu kyi" location: uk လို့ ရိုက်ပြီး ရှာရင် internet page စုစုပေါင်း 4,480,000 ပမာဏ လောက် ရှာတွေ့မည်။ အင်္ဂလန်ဆိုရင် UK အစရှိတဲ့ သတ်မှတ်ထားတဲ့ country code တွေကို အောက်ပါ link မှာ ကြည့်ရှုနိုင်သည်။ http://en.wikipedia.org/wiki/List_of_Internet_top-level_domains




၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ “aung san suu kyi" အကြောင်းကို အင်္ဂလန်ရဲ့  websites တွေထဲက ရှာချင်တယ်ဆိုရင် .. ဆိုတဲ့ keyword ကို အသုံးပြုရသည်။ ဂူဂယ်မှာ "aung san suu kyi" location: uk 1964..1988 လို့ ရိုက်ပြီး ရှာရင် internet page စုစုပေါင်း 1,170,000 ပမာဏ လောက် ရှာတွေ့မည်။





သည်တခါ အဲသည့် “aung san suu kyi" နာမည် တဆက်တည်း ရှိတဲ့ အထဲက “than shwe" နာမည် ပါတဲ့ pages တွေကို နှုတ်ချင်တယ်ဆိုရင် အနှုတ် လက္ခဏာ သုံးရသည်။ ဂူဂယ်မှာ "aung san suu kyi" –"than shwe" လို့ရိုက်ပြီး ရှာကြည့်ပါ။ internet page စုစုပေါင်း 260,000 လောက်ဘဲ ကျန်မည်။




ဂျာဗား လို့ ပြောလိုက်ရင် ရင်းနီးပြီးသားဖြစ်တဲ့ ဂျာဗားကော်ဖီမစ်၊ ဒါမှမဟုတ်ရင် အင်ဒိုနီးရှားမှာရှိတဲ့ ဂျာဗားကျွန်းကို ကျွန်တော်တို့ မြန်မာ လူမျိုးတွေဟာ မြင်မိကြလိမ့်မည်။ ဒါ့အပြင် ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ ဂျာဗား နောက်တစ်မျိုးလည်း ရှိသေးသည်။ တကယ်လို့များ ဂူဂယ်မှာ java လို့ ရိုက်ပြီး ရှာကြည့်မယ်ဆိုရင် internet မှာ ရှိရှိသမျှ အမျိုးမျိုးသော java အကြောင်းတွေပါတဲ့ information တွေ ရှာတွေ့လိမ့်မည်။ အရေအတွက်အားဖြင့် internet page စုစုပေါင်း 554,000,000 ပမာဏ လောက် ရှာတွေ့မည်။




သည်တစ်ကြိမ်မှာတော့ ပညာရပ်ဆိုင်ရာ အသုံးနှုန်းနှင့် သက်ဆိုင်တဲ့ java အကြောင်းအရာတွေကိုသာ သီးသန့် ရှာဖွေကြည့်ရအောင်။ ဂူဂယ်မှာ java ~glossary လို့ရိုက်ပြီး ရှာကြည့်မယ်ဆိုရင် internet page စုစုပေါင်း 5,290,000 ပမာဏ လောက် ရှာတွေ့မည်။



တခါတရံမှာ ကိုယ်မသိတဲ့ အင်္ဂလိပ်စာလုံးတွေရဲ့  အဓိပ္ပာယ်ကို ဂူဂယ်မှာ ရှာကြည့် ချင်တယ်ဆိုရင် define ဆိုတဲ့ keyword ကို သုံးရသည်။ ဥပမာ acumen ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်တယ်ဆိုရင် ဂူဂယ်မှာ define: acumen လို့ ရိုက်ပြီး ရှာကြည့်ပါ။ internet page စုစုပေါင်း 8,250,000 ပမာဏ လောက် ရှာတွေ့မည်။



ဒါအပြင့် ဂူဂယ်ကို သင်္ချာ ဂဏန်းတွက်စက် တခုလို အသုံးပြုနိုင်သည်။  (4+4) * (7-3) = 8 * 4 = 32


၂ ကို ၅ ထပ်ရှာမယ်ဆိုရင် 2^5 = 32


50 % of 30 = 15




ဂူဂယ်ကို unit converter တခုအနေဖြင့် အသုံးပြုမယ်ဆိုရင်တော့ .. ဂူဂယ်မှာ 1 kg in lbs လို့ ရိုက်ပြီး ရှာရင် 1 kg သည် 2.2 lbs ရှိတာကို တွေ့ရလိမ့်မည်။ ကိုယ်သိချင်သော units တွေကို အမျိုးမျိုး ပြောင်းပြီး ရှာဖွေနိုင်သည်။







နိုင်ငံခြားငွေ လဲနှုန်းကို ဂူဂယ်မှာ ရှာဖွေနိုင်သည်။ ဥပမာ အင်္ဂလန်ပေါင် ၁၀၀မှာ အမေရိကန်ဒေါ်လာ ဘယ်လောက်ရမလဲ သိချင်ရင် ဂူဂယ်မှာ 100 Pounds in USD လို့ ရိုက်ပြီး ရှာဖွေ သိရှိနိုင်သည်။



နိုင်ငံတွေရဲ့  မိုးလေ၀သ အခြေအနေကိုလည်း ဂူဂယ်မှာ သိရှိနိုင်သည်။ ဥပမာ စင်္ကာပူနိုင်ငံ၏ မိုးလေ၀သ အခြေအနေကို သိလိုလျှင် ဂူဂယ်မှာ  weather Singapore လို့ ရိုက်ပြီး ရှာဖွေ သိရှိနိုင်သည်။


မြန်မာ ဇာတ်လမ်းတွေကို ကြည့်တဲ့ အခါမှာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကို ရွေးပြီး ကြည့်ချင်သူများ ရှိနိုင်သည်။ ဥပမာ burmeseclassic.com ထဲမှာ သက်မွန်မြင့် ပါတဲ့ internet pages ကို ရှာချင်တယ်ဆိုရင် ဂူဂယ်မှာ "thet mon myint" site: burmeseclassic.com လို့ ရိုက်ပြီး ရှာကြည့်ပါ။ burmeseclassic.com ထဲမှာ internet page စုစုပေါင်း 28,400 ပမာဏ လောက် ရှာတွေ့မည်။



ကွန်ပျူတာမှာ ဖတ်လို့ရသည့် စာအုပ် (pdf) files တွေကို အင်တာနက်မှာ ရှာချင်တယ်ဆိုရင် ဂူဂယ်မှာ filetype:pdf လို့ ရိုက်ပြီး ရှာလို့ ရသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ရေးသားသော Freedom from Fear ဆိုတဲ့ စာအုပ်အကြောင်းကို ရေးထားတဲ့ pdf files တွေကို ရှာချင်တယ်ဆိုရင် ဂူဂယ်မှာ "aung san suu kyi" "Freedom from Fear" filetype:pdf လို့ ရိုက်ပြီး ရှာကြည့်ပါ။ Internet page စုစုပေါင်း 2,360 ပမာဏ လောက် ရှာတွေ့မည်။ 



video file ဆိုရင် wmv ၊ audio file ဆိုရင် mp3 အစရှိတဲ့ file format တွေအကြောင်းကို အောက်က link မှာ ကြည့်ရှု နိုင်သည်။ http://en.wikipedia.org/wiki/List_of_file_formats

အခုလောက် ဆိုရင် ဂူဂယ်ကို အသုံးပြုပြီး ကိုယ်ရှာချင်တဲ့ အကြောင်းအရာ တွေကို တော်တော်လေး ရှာဖွေနိုင်လောက်ပြီ၊ ဖြစ်သော်လည်း အသုံးပြုသူတွေအတွက် လွယ်ကူပြီး၊ keywords တွေကို မှတ်စရာ မလိုတဲ့ Google Advanced Search အကြောင်းကို ပြောပြလိုပါသေးသည်။ 

ဂူဂယ်မှာ google advanced search လို့ ရိုက်ပါ။ ပြီးရင် ပထမဆုံး link ကို နှိပ်လိုက်ရင် အောက်ပါ link ထဲကို ရောက်သွားလိမ့်မည်။ http://www.google.com/advanced_search




မိမိတို့ ရှာချင်သော အကြောင်းအရာတွေကို Google Advanced Search သုံးပြီး ရှာကြည့်နိုင်သည်။
အထက်မှာ ပါရှိသော အကြောင်းအရာများသည် Internet မှ တဆင့် မှီငြမ်းပါသည်။


သွေးအမျိုးအစား


သွေးအမျိုးအစား တခုနဲ့ အခြားတခု မတူနိုင်ဘူး၊ အမျိုးအစား မတူနိုင်တဲ့ သွေးတွေရှိတယ်ဆိုတာကို ကြားဖူးကြမည်။ နီရဲသော အရောင် ရှိနေခြင်း တူနေပမယ့် တခုနဲ့ တခု သွေးအမျိုးအစားခြင်း မတူပါ။ လူတွေမှာ တယောက်နဲ့ တယောက် မတူနိုင်တဲ့ သွေးအမျိုးအစား တွေရှိကြသည်။

အော်စတြီးယန်း ဆရာဝန် Austrian physician Karl Landsteiner အမည် ရှိတဲ့သိပ္ပံပညာရှင်က ယခုလို ပြောခဲ့သည်။ လူတွင် သွေးအမျိုးအစား ၄ မျိုးရှိသည်။
တချို့  သွေး အမျိုးအစားသည် အချင်းချင်း ရောစပ်လို့ရသော်လည်း၊ အချင်းချင်း ရောစပ်လို့ မရသော သွေးအမျိုးအစား ရှိသည်။ ထိုတွေ့ရှိမှုသည် သန်းချီရှိနေတဲ့ လူပေါင်းများစွာ၏ အသက်ကို ကယ်တင်စေခဲ့သည်။

ထိုတွေ့ရှိမှုကြောင့် သွေးသွင်းရာတွင် အသက် အန္တရာယ် မရှိပဲ ပြုလုပ်လာနိုင် ကြသည်။ ခွဲစိတ်ကုသခံရတဲ့ လူနာများစွာ၏ သက်ရှင် နေနိုင်မှု လည်းတိုးတက် လာစေသည်။ သွေးအကြောင်း ဆေးပညာ သုတေသန ပြုလုပ်ဖို့ များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

၁၈၉၇ ခုနှစ် အော်စတြီးယား နိုင်ငံ ဗွီရင်နာမြို့  University of Vienna hospital တွင် Karl Landsteiner သည် လူနာတွေ သေဆုံးရတဲ့ အကြောင်းရင်းကို ဆေးသုတေသန ပြုလုပ်ခဲ့သည်။ ဧပြီလ ရက်စွဲ ၁ခုမှာ Landsteiner သည် ခွဲစိတ်မှု လုပ်နေတုန်း သေဆုံးခဲ့တဲ့ လူနာ ၄ ယောက်ကို စစ်ဆေး ခဲ့သည်။ ထိုလူတွေ သေဆုံးရတဲ့ အကြောင်းရင်းက တူညီသည်။ (blood agglutination) သွေးအလှူရှင် နှင့် သွေးသွင်းလက်ခံသူ လူနာတို့၏ သွေးအမျိုးအစား လိုက်ဖက်မညီသောကြာင့် ဖြစ်သည်။ လူနာ တယောက်ချင်းစီသည် သွေးသွင်းလက်ခံရရှိခဲ့ပြီးနောက် သူ့ကိုယ်အတွင်းရှိ သွေးနီဥနှင့် သွေးသွင်း လက်ခံရရှိသော သွေးနီဥတို့ ပေါင်းစပ်သော အချိန်တွင် သေဆုံးခဲ့ကြသည်ကို တွေ့ရှိခဲ့သည်။ဤဖြစ်ရပ်မျိုးကို မကြာခဏ တွေ့ရှိခဲ့သော်လည်း လူနာအားလုံးတွင် မဖြစ်ပဲ တချို့  လူနာများတွင်သာ ဖြစ်သည်ကိုလည်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။

ထိုနေ့ ညနေ Karl Landsteiner သည် သူ့ဇနီး နှင့် သူငယ်ချင်းများကို ကောင်းမွန်စွာ စန္ဒယား တီးပြခဲ့သည်။စန္ဒယား လက်သံ ကောင်းမွန်သဖြင့်  ဆရာဝန် မလုပ်ပဲ စန္ဒယား ပညာရှင် အနေဖြင့် အသက်မွေးဝမ်း သင့်ကြောင်း  သူ့ကို ၀ိုင်းဝန်း အကြံပေးခဲ့သည်။  စန္ဒယား တီးပြနေစဉ်တွင် လူနာတွေ၏ သွေးတွင် အဖြေရှိရမည်၊ လူတိုင်း ထင်နေသလို သွေးတွေ အားလုံးက မတူဘူးလား ဆိုတဲ့ အတွေးတစ်ခု ရုတ်တရက် ၀င်လာသည်။ 

နောက်နေ့ နံနက်တွင် Landsteiner သည် လူနာ အယောက် ၂၀ ၏ သွေးနမူနာ စုဆောင်းခဲ့ပြီး မည်သည့် သွေးနမူနာသည် အန္တရာယ်ကင်းစွာ အချင်းချင်း ရောစပ်နိုင်သည်ကို သိရှိဖို့ လေ့လာ စမ်းသပ် ခဲ့သည်။ လူနာ တယောက်ချင်း၏ သွေးစက်တွေကို စမ်းသပ်ဖန်ပြွန်တွင် အခြားသော လူနာ၏ သွေးစက်တွေဖြင့် ရောစပ် ခဲ့သည်။ သွေးနီဥတွေ အချင်းချင်း ရောစပ်နိုင်၊ မရောစပ်နိုင် စသည့်အခြေအနေကို အနုကြည့် မှန်ပြောင်းဖြင့် လေ့လာစမ်းသပ်ခဲ့သည်။ လေ့လာစမ်းသပ်မှု မပြုလုပ်မီ သွေးအုပ်စု ၂ခုခွဲခဲ့သည်။ အမျိုးအစားတူသော သွေးသည် အချင်းအချင်း ရောစပ်ပြီး ထို အမျိုးအစား မတူသော သွေးအုပ်စု ၂စုကို သွေးအုပ်စု A နှင့် B ဆိုပြီး နာမည် ပေးခဲ့သည်။ ဆက်လက် စမ်းသပ်စစ်ဆေးရာ သွေးအုပ်စု A (သို့) B နှင့် ရောစပ်မှု မရှိသော အခြားသွေးအုပ်စု တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ပြီး ထိုအုပ်စုကို သွေးအုပ်စု O ဆိုပြီး နာမည်ပေးခဲ့သည်။ သွေးအုပ်စု A နှင့် B နှစ်မျိုးစလုံးနှင့် ရောစပ်နိုင်သော အခြားသွေးအုပ်စု တစ်မျိုးကို ဆက်လက် တွေ့ရှိခဲ့သည်။ ထို သွေးအုပ်စုကို A B သွေးအုပ်စုလို့ နာမည်ပေးခဲ့သည်။ လူ၏ သွေးသည် အမျိုးအစား ၄မျိုးရှိသည်။ ထို ၄မျိုးမှာ သွေး A ၊ B ၊ A B နှင့် O တို့ဖြစ်သည်။



A သွေး ပိုင်ရှင်သည် A သွေး (သို့) O သွေး လက်ခံသည်။

B သွေး ပိုင်ရှင်သည် B သွေး (သို့) O သွေး လက်ခံသည်။

A B သွေး ပိုင်ရှင်သည် AB သွေး (သို့) A သွေး (သို့) B သွေး (သို့) O သွေး လက်ခံသည်။ သွေးအမျိုးအစား အားလုံးကို လက်ခံသောကြောင့် universal receiver လို့ခေါ်သည်။

O သွေး ပိုင်ရှင်သည် O သွေး တမျိုးကိုသာ လက်ခံသည်။ သွေးအမျိုးအစား အားလုံးသည် O သွေးကို လက်ခံသောကြောင့် O သွေးကို universal donors လို့ခေါ်သည်။

Landsteiner ၏ ရိုးရှင်းသော သွေးအမျိုးအစား ခွဲခြားမှုကြောင့် သွေးလှူဒါန်းသူ နှင့် သွေးသွင်းလက်ခံသူ လူနာတို့၏ သွေးအမျိုးအစားကို ဆုံးဖြတ်ပြီး သွေးသွင်း ကုသမှုကို အသက် အန္တရာယ် မရှိပဲ ပြုလုပ်လာနိုင်သည်။ Landsteiner သည် ပိုလီယို ရောဂါ polio virus ကို ၁၉၀၉ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၃၀ တွင် သူသည် နိုဘယ်ဆု Nobel Prize in Physiology or Medicine ရရှိခဲ့သည်။ ဆေးပညာနယ်ပယ်တွင် သွေးသွင်းကုသမှု ဆေးပညာ ဖခင်ကြီးဟု လူသိများသည်။

ထိုဆေးပညာရှင်ကြီးကို ကျွန်တော် ကျေးဇူးတင်ပါသည်။ ကျွန်တော့်ကို မွေးမွေးချင်း ရက်တစ်ပတ်အတွင်းမှာ အသားဝါသဖြင့် သွေးသွင်းကုသမှုကို ခံယူခဲ့ရသည်။ ကိုယ်ကိုယ်တိုင် အိုသွေး ဖြစ်နေသဖြင့် အခြား သွေးလှူရှင် တယောက်၏ အိုသွေးကို ယူသုံးခဲ့ရသည်။ လူ နှင့် တိရိစ္ဆာန် သွေးအမျိုးအစား အရေအတွက် မတူပါ။ ဥပမာ နွားတွင် သွေးအမျိုးပေါင်း ၈၀၀ ကျော်ရှိသည်။

UML Class Diagram's Relationship

Class Diagram သည် UML diagrams တွေထဲတွင် အခြေခံအကျဆုံး ဖြစ်သည်။ ၎င်းသည် Class အချင်းချင်း တို့၏ relationships တို့ကို ဖော်ပြသည်။ များသောအားဖြင့် (၄) မျိုး ခွဲခြားနိုင်သည်။

၎င်းတို့မှာ
(၁) Association
   class A နှင့် class B ကြားတွင် အလုပ် အတူတူ ပြုလုပ် လှုပ်ရှားမှု ကြိယာပုဒ် ရှိသည်။ ထို relationship ကို UML တွင် Association အဖြစ် သတ်မှတ်သည်။ ဥပမာဆိုရင် I learn Java. I develop a program. ဂျာဗားကို ကျွန်တော်  လေ့လာသည်။ ကျွန်တော် နှင့် ဂျာဗား အကြားတွင် ပြုလုပ် လှုပ်ရှားမှု ကြိယာပုဒ် ရှိသည်။ ပရိုဂရမ်ကို ကျွန်တော် တည်ဆောက်သည်။ ကျွန်တော် နှင့် ပရိုဂရမ် အကြားတွင် ပြုလုပ် လှုပ်ရှားမှု ကြိယာပုဒ် ရှိသည်။

(၂) Aggregation
   class A တွင် class B ရှိနိုင်သည်။ class B သည် class A ၏ အစိတ်အပိုင်း ၁ခုအနေ ဖြစ် (သို့) မဖြစ် ရှိနိုင်သည်။ class A နှင့် class B တို့၏ life-time သည် အချင်းချင်း မှီခိုမှု မရှိ တည်ရှိနိုင်သည်။ ထို relationship ကို "has-a" relationship ဟု ခေါ်သည်။ UML တွင် Aggregation အဖြစ် သတ်မှတ်သည်။ 
   ဥပမာဆိုရင် Airport has a Aircraft. Aircraft is not a part of Airport. They can exist without each other.

လေယဉ်ကွင်းတွင် လေယဉ် ရှိသည်။ လေယဉ် မရှိသော လေယဉ်ကွင်း ရှိနိုင်သည်။ လေယဉ်ကွင်း ပြင်ပတွင် ရှိသော လေယဉ် ရှိနိုင်သည်။ သူတို့ ၂ခုသည် မှီခိုမှု ကင်းနိုင်သည်။ သို့သော် လေယဉ် (က) သည် လေယဉ်ကွင်း (က) တွင် ရှိနေသည်ဆိုလျှင် အခြားလေယဉ်ကွင်း (ခ) တွင် မရှိနိုင်ချေ။ သတ်သတ်မှတ်မှတ် ပိုင်ဆိုင်မှုတော့ ရှိသည်။

(၃) Composition
   class A တွင် class B ရှိသည်။ class B သည် class A ၏ အစိတ်အပိုင်း ၁ခုအနေဖြစ် တည်ရှိသည်။ class A ၏ အစိတ်အပိုင်း တခုဖြစ်တဲ့ class B ကို class A တခုတည်းက ပိုင်ဆိုင်နိုင်သည်။ class B ၏ life-time သည် class A အပေါ် မှီခိုမှု ရှိနေနိုင်သည်။ ထို relationship ကို "has-a" relationship ဟု ခေါ်သည်။ UML တွင် Composition အဖြစ် သတ်မှတ်သည်။ Composition သည် Aggregation ထက် stronger relationship ဖြစ်သည်။ 
   ဥပမာဆိုရင် I have My Heart. My Heart belongs to only I. When I exist, My Heart also exists. When I die, My Heart also dies. I can't live without My Heart. 
   ကျွန်တော့်တွင် ကျွန်တော့် ကိုယ်ပိုင် နှလုံး ရှိသည်။ ကျွန်တော် မွေးကတည်းက နှလုံး ရှိသည်။ ကျွန်တော် သေဆုံးရင် ကျွန်တော့် နှလုံး သေဆုံး နိုင်သည်။ ကျွန်တော့် နှလုံး မရှိပဲ ကျွန်တော် အသက်မရှင်နိုင်။ အဲသည့် ၂ခုသည် အချင်းချင်း မှီခိုနေကြသည်။
 
(၄) Generalization 
    class A သည် class B ၏ အမျိုးအနွယ် ၁ခု ဖြစ်သည်။ ထို relationship ကို 'is-a' relationship ဟု ခေါ်သည်။ UML တွင် Generalization အဖြစ် သတ်မှတ်သည်။ ဥပမာဆိုရင် Man is a Human. ယောင်္ကျားသည် လူသား အမျိုးအနွယ် ၁ခု ဖြစ်သည်။