မင်္ဂလာပါ၊ မင်္ဂလာရှိသော နေ့တစ်နေ့ပါ ..

Saturday, 30 November 2013

လက်ဆောင်မွန်

လက်ဆောင်မွန် ဆိုတာ ဘာလဲ
ဘယ်မှာ ရှာရမလဲဆိုတာ
သင် သိထားပြီးသားပါ။

ပျော်ရွှင်မှုနှင့် အောင်မြင်မှုတွေကို
လက်ဆောင်မွန်က
ဘယ်လိုစွမ်းဆောင်ပေးနိုင်တယ်ဆိုတာ
သင် သိထားပြီးသားပါ။

သင်ကိုယ်တိုင် ငယ်စဉ်ကလေး အရွယ်တုန်းက
အဲသည့်အကြောင်းကို အသိဆုံးဖြစ်ခဲ့တယ်။
တကယ်တော့ သင်ကိုယ်တိုင် မေ့လျော့နေတာပါ။

သိပ်ပြီး သဲကြီးမဲကြီး ရှာနေတာကို ရပ်လိုက်ရင်
အဲဒါကို ရှာဖွေဖော်ထုတ်ဖို့ ပိုလွယ်ပါလားဆိုတာ
သိလာလိမ့်မည်။

တကယ်တမ်းပြောရရင် အဲဒီ လက်ဆောင်မွန်ဟာ
သိသိသာသာ ထင်ထင်ရှားရှားကြီး ဖြစ်လာမှာပါ။

သင်ရဲ့  ပုံမှန်လှုပ်ရှားမှုတွေနဲ့ ခဏတဖြုတ် ဝေးသွားအောင်
အနားယူလိုက်ပါလား။ ပြီးရင် သင့်ဆီကို အဖြေရောက်အလာကို
စောင့်ကြိုနေကြည့်လိုက်။ ခဏလောက်ပါ။

လက်ဆောင်မွန်ဆိုတာ သင်ကိုယ်ကို
ပြန်ပေးတဲ့ အကောင်းဆုံး လက်ဆောင်လေ။

ဥပမာ ပေးရရင်၊ ပန်းရန်ဆရာတယောက်ရဲ့ 
လက်မှု အနုပညာမြောက်တာကို ကြည့်ကြည့် ..
အဲသည့် ပန်းရန်ဆရာဟာ သူ့ရှေ့ က အလုပ်ထဲမှာပဲ
လုံးဝ ဥသုံဈာန်ဝင်နေမှာ မြေကြီး လက်ခတ်မလွှဲပဲ။
ပန်းရန်ဆရာကြီးရဲ့  အတွေးတွေဟာ
တောင်တွေးမြောက်တွေး
တွေးမိတာမျိုးတွေရှိမှာ မဟုတ်ဘူး။ 
ဒါကြောင့် သူ့လက်ရာ သည်လောက်
ပြောင်မြောက်နေတာပေါ့။
သင်လုပ်နေတဲ့ အလုပ်ထဲမှာ လုံးလုံးလျားလျား
အာရုံစိုက်ထားတဲ့အခါ သင့်စိတ်တွေ တခြားကို
မပျံ့ လွင့်တော့ဘူး။ အဲဒီအခါကျရင်
သင်ပျာ် နေတာပေါ့။ အဲဒီအခိုက်အတန့်ကလေးမှာ
ဖြစ်ပျက်နေတာကိုပဲ သင်စိတ်ဝင်စားနေ
တော့တာလေ။

လက်ဆောင်မွန်ဆိုတာ အတိတ် မဟုတ်သလို
အနာဂတ်လည်း မဟုတ်။
လက်ဆောင်မွန်ဆိုတာ ယခု လက်ရှိအချိန်ပါ။

ဆင်းရဲဒုက္ခအရောက်ဆုံး အခြေအနေတွေမှာတောင်
လက်ရှိ ပစ္စုပ္ပန်ကာလမှာ အဆင်ပြေချောမွေ့ တဲ့အကြောင်း
အာရုံပြုထားရင် သင် ပိုပြီး စိတ်ချမ်းမြေ့လာလိမ့်မယ်။

နောက်ပြီး မှားနေတာတွေကို ပြန်ပြီး တည့်မတ်နိုင်အောင်
လိုအပ်နေတဲ့ အားမာန်တွေ၊ ယုံကြည်မှုတွေ
ပေးလိမ့်မယ်။

ဝမ်းနည်း ကြေကွဲမှုဆိုတာ၊
ဖြစ်လာတာနဲ့ ကိုယ်ဖြစ်စေချင်တာ
တစ်ခုနဲ့ တစ်ခုအကြား ခြားနားမှုတခုဘဲ

အခုလက်ရှိ အခိုက်အတန့်မှာ ဖြစ်ပေါ်ခံစားနေရတဲ့
ဝမ်းနည်းကြေကွဲမှုဆိုတာ အနိစ္စဆိုတဲ့
တရားသဘောအရ ထာဝစဉ်
ပြောင်းလဲနေတယ်၊ အဲဒီ ဝေဒနာဟာ
လာပြီးရင် ပြန်သွားမှာပဲ။

ပစ္စုပ္ပန်မှာ တည်အောင်နေတယ်ဆိုတာ
အာရုံပျံ့ လွင့်မှုတွေကို ဖယ်ထုတ်ပြီး
လောလောလတ်လတ် အရေးကြီးနေတာတွေကို
အာရုံစိုက်ခြင်းပဲဖြစ်တယ်။

သင် အာရုံဝင်စားမှုဟာ
သင့်အတွက် သင်ကိုယ်တိုင်ဖန်တီးပေးတဲ့
လက်ဆောင်မွန်ဖြစ်သည်။

ပစ္စုပ္ပန်မှာ တည်နေပြီး လောလောဆယ်
အရေးကြီးတာကို အာရုံစူးစိုက်ထားခြင်းအားဖြင့်
သင်ကိုယ်တိုင် ထူးဆန်း အံ့သြစရာတွေ့ရှိချက်တွေ
အများကြီး ထပ်တွေ့လာလိမ့်မယ်။

ယခုလက်ရှိအခိုက်အတန့်မှာ ဖြစ်ပျက်နေတာတွေ
အပေါ် အာရုံစိုက်။ အဆင်ပြေချောမွေ့တဲ့
အနေထေားကို ကျေးဇူးတင် ၀မ်းမြောက်ပါ။
ပြီးတော့ အဲဒီအပေါ်မှာ ထပ်ဆင့်
တည်ဆောက်ယူပါ။

လတ်တလော အရေးကြီးနေတာကို
ဂရုစိုက် အလေးထားပါ။
အတိတ် အတွေ့အကြုံတွေကနေ
သင်ယူဆည်းပူးမှု မပြုခဲ့ဘူးဆိုရင်
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့
ခက်ခဲ ပင်ပန်းပေလိမ့်မယ်။

သင်ယူဆည်းပူးမှု ပြုလုပ်ပြီးတာနဲ့
အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့မယ်ဆိုရင်
ပစ္စုပ္ပန်ကို တိုးတက်ကောင်းမွန်အောင်
သင် စွမ်းဆောင်ရာရောက်တယ်။

အခက်အခဲ အကျပ်အတည်းတွေ အများဆုံး
တွေ့ရသူ တော်တော်များများဟာ သူတို့
လုပ်မိခဲ့တဲ့ အမှားတွေအကြောင်းတွေးပြီး
စိတ်သောက ရောက်နေတတ်ကြတယ်၊

ဒီလိုမှ မဟုတ်ရင် သူတို့ လုပ်မိမယ့်
အမှားတွေအတွက် ကြိုပြီး စိုးထိတ်
ဗျာပွေနေတတ်ကြတယ်။

တချို့ တွေဆို အတိတ်ကာလတုန်းက
လုပ်ငန်းခွင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုခု
အကြောင်း တနုံနုံ တွေးပြီး
ဒေါသထွက်နေတတ်ကြတယ်လေ။

ဘ၀မှာ အဆင်ပြေ အောင်မြင်နေသူတွေကတော့
မျက်မှောက်ကာလမှာ လုပ်နေတဲ့ သူတို့
အလုပ်ပေါ်မှာပဲ အာရုံစိုက်ထားလေ့ရှိကြတယ်။

သူတို့လည်း အများသူငါနည်းတူ အမှားတွေ
လုပ်မိကြတာပါပဲ၊ ဒါပေမယ့် သူတို့က
ကိုယ့်အမှားတွေဆီကနေ သင်ခန်းစာထုတ်ယူ
ရှိတယ်။

ပြီးတော့ အဲဒီကိစ္စကို အတိတ်မှာချန်ထား
ရစ်ခဲ့ပြီး ရှေ့ ခရီးကို ဆက်တယ်၊ နောက်ပြီး သူတို့က
ပြုမိခဲ့တဲ့ အမှားတွေအကြောင်းကို သိပ်ပြီး
ဇာချဲ့ ပြောနေလေ့မရှိကြဘူး။

သင့်ရဲ့  အတိတ်ဖြစ်ရပ်တွေကနေ
ပညာယူရမယ့်အစား အဲဒီအကြောင်းတွေကို
ဥပေက္ခာပြုထားရင် ရလဒ်က ဘာလဲဆိုတော့ ..
ဘာပညာမှ မရလိုက်တာပဲ။

ဒီတော့ မှားပြီးသား အမှားမျိုးတွေကိုပဲ
ထပ်တလဲလဲ မှားနေတော့တာပေါ့။

ပစ္စုပ္ပန်ကာလမှာ သင် စိတ်ဆင်းရဲနေတဲ့အခါမျိုး
ဒါမှမဟုတ် မအောင်မြင်ဘူးလို့ ခံစားနေရချိန်မျိုး၊
အဲဒီအချိန်ဟာ အတိတ်ဖြစ်ရပ်တွေကနေ
သင်ခန်းစာထုတ်ယူရမယ့် ဒါမှမဟုတ်
အနာဂတ်အတွက် စီမံကိန်းချရမယ့်
အချိန်ပဲဖြစ်တယ်။

အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ
ပြန်ပြီး ဆန်းစစ်လေ့လာပါ။
အဲဒီ ဖြစ်ရပ်တွေကနေ
အဖိုးတန်သင်ခန်းစာတစ်ခုခု ထုတ်ယူပါ။

သင် ထုတ်ယူရရှိတဲ့ သင်ခန်းစာကို
ပစ္စုပ္ပန်ကာလ တိုးတက်ကောင်းမွန်ရေးအတွက်
အသုံးချပါ။

သင် အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး၊
ဒါပေမယ့် အတိတ်ကနေ သင်ခန်းစာ
ထုတ်ယူလို့ရတယ်။

အနေအထား တူတာတွေပေါ်ပေါက်လာရင်
အကြောင်းကိစ္စတွေကို မတူခြားနားအောင်
ဆောင်ရွက်၊ ပြီးတော့ ပိုပြီး
ထွန်းပေါက်အောင်မြင်တဲ့ ပစ္စုပ္ပန်ကာလကို
ပျော်ရွှင်ခံစားပါလေ။

အနာဂတ်ကို ဘယ်သူမှ
ကြိုတင်ဟောကိန်းထုတ်လို့ မရသလို
ဘယ်သူမှ ထိန်းချုပ်လို့ မရဘူး။

ဒီလိုဖြစ်ပေမယ့်လည်း သင်တွေ့လိုမြင်လိုတာကို
များများစီမံကိန်းချလေ၊ ပစ္စုပ္ပန်မှာ
သင် စိုးရိမ်ကြောင်းကြရမှု နည်းလေ၊
နောက်ပြီး အနာဂတ်ကို
ပိုပြီး သိနေ မြင်နေလေပေါ့။

ငါတို့ အလုပ်ဘ၀မှာရော ကိုယ်ပိုင်ဘ၀မှာပါ
ငါတို့ရဲ့  အိပ်မက်တွေ ပျက်ပြယ်ကုန်တတ်တယ်၊
ငါတို့ရဲ့  ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကုန်တတ်တယ်၊
အဲဒီလို လမ်းပျောက်ကုန်ကြတာမှာ အဖြစ်အများဆုံး
ချို့ ယွင်းချက်ကတော့ စီမံကိန်း မရှိခြင်းပဲ။

မေးခွန်းသုံးခု မေးကြည့်တဲ့နည်းနဲ့ စီမံချက် ဆွဲရမယ်ကွ။
သာယာလှပတဲ့ အနာဂတ်ဘ၀ဆိုတာ ဘယ်လိုရှိမလဲ။
အဲဒီလိုဖြစ်လာအောင်လုပ်ဖို့ ငါ့စီမံကိန်းတွေက ဘာတွေလဲ။
သာယာလှပတဲ့ အနာဂတ်ဘ၀ဖြစ်လာအောင် ဒီနေ့
ငါဘာတွေ လုပ်မှာလဲ။

အောင်မြင်လိုတဲ့ အနာဂတ်၊ အဲဒီ အနေအထားကို
အောင်အောင်မြင်မြင်ဖန်တီးရယူလို့ ရတယ်ဆိုတာကို
ယုံကြည်နေရမယ်။ အဲဒီလို ခံယူချက် ခိုင်မာလေ
သင်ရဲ့  စီမံကိန်းကို ဖန်တီးဖို့ ပိုလွယ်လေပဲ။

အရေးကြီးတာက လှပတဲ့ အနာဂတ်ဘ၀ဖြစ်ပေါ်လာရေးကို
အထောက်အကူဖြစ်စေမယ့် အလုပ်တစ်ခု၊ ဘယ်လောက်ပဲ
သေးသေး မွှားမွှား ဖြစ်နေပေမယ့်လည်း
တစ်ခုခုတော့ လုပ်နေရမယ်။

သာယာလှပတဲ အနာဂတ်ဘ၀ဟာ
ဘယ်လိုနေမလဲဆိုတာ
စိတ်ကူးပုံရိပ် ဖော်ကြည့်ပါ။

အဲဒီဘ၀မျိုး ဖြစ်ထွန်းလာအောင်
လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ။
သင့် စီမံကိန်းကို လောလောဆယ်ပဲ
အကောင်အထည်ဖော်ပါ။

သင်စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ
ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး
လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို
တုံ့ပြန်ဆောင်ရွက်ပါ။

ပစ္စုပ္ပန်ကို အတိထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ
အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ။
အဲသည့် ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့
သင်ခန်းစာ ထုတ်ယူပါ။

ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။
အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင်
ဖန်တီးချင်တဲ့အခါ
အနာဂတ်အတွက် စီမံကိန်းချပါ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို
မြင်အောင်ကြည့်ပါ။

အဲသည့် ပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူ
ပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့် စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ။


No comments:

Post a Comment